
ရန်ကုန် ဇူလိုင် ၁၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့ ၌ ၂၀၀၄ ခုနှစ်မှ ယခုနှစ်အထိ ကျင်းပသည့် တရုတ်-အာဆီယံကုန်စည်ပြပွဲ (China-ASEAN Expo)သို့ မြန်မာနိုင်ငံမှ ၁၉ ကြိမ် မြောက် ပါဝင်ပြသမည်ဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်မှ ၁၉ ရက်အထိ ကျင်းပပြုလုပ် မည့် (၁၉)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (The 19th China-ASEAN Expo) နှင့်စပ်လျဉ်း၍ ကြိုတင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁၁ ရက် က Zoom Meeting ဖြင့် ပြုလုပ်ခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင် ၍ တာဝန်ရှိသူများနှင့် ပြပွဲသို့ ပါဝင်ပြသ မည့် မြန်မာကုမ္ပဏီလုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။
ယခင်နှစ်များက မြန်မာနိုင်ငံမှ မြန်မာကုမ္ပဏီလုပ်ငန်းရှင်များကိုယ်တိုင် သွားရောက်ပါဝင်ပြသခဲ့ကြသော်လည်း ၂၀၂၀ ပြည့်နှစ် (၁၇)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲမှ စတင်၍ ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်မှု ကန့်သတ်ချက် များကြောင့် မြန်မာလုပ်ငန်းရှင်များသည် လူကိုယ်တိုင်သွားရောက် ပါဝင်ပြသမှု မရှိကြသဖြင့် မိမိတို့ပြသမည့် မြန်မာနိုင်ငံ မှ မြန်မာ့ထွက်ကုန်ပစ္စည်းများပေးပို့ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ လုပ်ငန်း မိတ်ဖက်ကိုယ်စားလှယ်များက ပြသပေး မည်ဖြစ်သည်။ အဆိုပါပြပွဲတွင် မြန်မာ နိုင်ငံမှ မြန်မာ့ထွက်ကုန်ပစ္စည်းများကို ပြခန်းပေါင်း ၃၀ ဖြင့် ပါဝင်ပြသမည် ဖြစ်ကြောင်း သိရသည်။
ကုန်စည်ပြခန်းများအပြင် တရုတ်-အာဆီယံကုန်စည်ပြပွဲ ကာလအတွင်း National Image ပြခန်းဆောင်ကို ၅၄ စတုရန်းမီတာ အကျယ်အဝန်းရှိသည့် နေရာ၌ပြသပြီး မြန်မာနိုင်ငံဒေသ အရပ်ရပ်မှ ထင်ရှားသောမြို့များ၏ ရှုခင်း များ၊ မြန်မာ့ရိုးရာပွဲတော်များ၊ စီးပွားရေး ပြခန်းများ ဝင်ရောက်ပြသရန် စီစဉ်လျက် ရှိသည်။
သီရိ