တစ်ပတ်အတွင်း အခြေခံစားကုန်ဈေးကွက်

 

ရန်ကုန်   ဇူလိုင်  ၁၄


 ဇူလိုင် ၇ ရက်မှ ၁၃ ရက်အတွင်း ဘုရင့်နောင်ကုန်စည်ဈေးကွက်အခြေအနေများကို သုံးသပ်ရလျှင် မတ်ပဲ တစ်တန် ကျပ် ၁၇ သိန်းမှ ၁၆ သိန်းအောက်သို့ ပြန်လည်ကျဆင်းလာခဲ့ခြင်းနှင့် တရုတ်အာလူးအသစ်များ အပါအဝင် အာလူးမျိုးစုံ ပိဿာချိန် ရှစ်သောင်းကျော် ဈေးကွက်သို့ ဝင်ရောက်လာခဲ့ခြင်းတို့မှာ ထူးခြား ဖြစ်စဉ်များ ဖြစ်လာခဲ့သည်။

 

မတ်ပဲ၊ ပဲစင်းငုံ


ဇူလိုင် ၁၃ ရက်၌ မတ်ပဲFAQ/RC  တစ်တန်လျှင် ကျပ် ၁၅၇၉၀၀၀၊ SQ/RC တစ်တန် ကျပ် ၁၇၉၉၀၀၀၊ ပဲစင်းငုံနီ RED/RC တစ်တန် ကျပ် ၁၄၇၇၅၀၀ နှုန်း ရှိခဲ့ကြောင်း သိရသည်။ မတ်ပဲတစ်တန် ဈေးနှုန်း သည် ဇူလိုင် ၄ ရက်တွင် ကျပ်  ၁၇၀၇၅၀၀ နှုန်း ရှိရာမှ ၁၀ ရက်အတွင်း တစ်တန်လျှင် ကျပ် ၁၂၈၅၀၀ အထိ ကျဆင်းလာသည်ကို မြင်တွေ့ရသည်။

 


ဆန်


မိုးတွင်းကာလမို့ ရွှေဘိုပေါ်ဆန်း ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာသည်မှအပ ကျန်ပေါ်ဆန်း မွှေးဆန်ဈေးနှုန်းများ    တည်ငြိမ်လျက်ရှိသည်။ ရွှေဘိုပေါ်ဆန်း လက်ကားဈေး  တစ်အိတ်လျှင် ကျပ် ၅၈၀၀၀ မှ ၆၇၀၀၀ အတွင်း၊ ပုသိမ်၊  မြောင်းမြ ပေါ်ဆန်း လက်ကားဈေး တစ်အိတ် ကျပ် ၅၄၀၀၀၊ ဖျာပုံတစ်အိတ် ကျပ် ၅၁၀၀၀၊  မီးဒုံး (ပေါ်ကျွဲ) တစ်အိတ်ကျပ် ၄၀၀၀၀၊  ဆန်ကြမ်း ရက်    ၉၀ တစ်အိတ် ကျပ် ၃၅၀၀၀-၃၆၀၀၀၊ သီးထပ်ဆန်ကြမ်း တစ်အိတ်လျှင် ကျပ် ၃၂၅၀၀ ဝန်းကျင်    ဈေးနှုန်း ရှိသည်။

 


ကြက်သွန်


ကြက်သွန်နီနှင့်   ကြက်သွန်ဖြူဈေးနှုန်းများ အပြောင်းအလဲမရှိ ဈေးနှုန်းတည်ငြိမ်လျက်ရှိသည်။ ကြူကုတ်ကြက်သွန်ဖြူမှာ ဇူလိုင်  ၁၁     ရက်က တစ်ပိဿာ ကျပ်၂၉၀၀ ဝန်းကျင် ဈေးရှိလာသည်။ ဇူလိုင် ၁၃ ရက်တွင် မုံရွာနယ်ထွက် ကြက်သွန်နီ လက်ကား တစ်ပိဿာ  ကျပ် ၁၂၀၀ မှ ၁၆၅၀ အထိ၊ ဆိပ်ဖြူ တစ်ပိဿာ ကျပ် ၁၁၅၀ မှ ၁၆၅၀  နှုန်း ရှိကြပြီး အောင်ပန်းကြက်သွန်ဖြူမှာ  တစ်ပိဿာ ကျပ် ၂၀၀၀ မှ ကျပ် ၃၆၀၀ အထိ အစားစားရှိကြောင်း  သိရသည်။
အာလူး
အောင်ပန်း  ကုန်းစပ်ရေစပ်အာလူး၊   တရုတ် အာလူးစသည်ဖြင့် အာလူးမျိုးစုံဈေးကွက်သို့ ဇူလိုင် ၁၃ ရက်က ဝင်ရောက်လာခဲ့သည်။     အောင်ပန်း အာလူးမှာ တစ်ပိဿာ ကျပ်၁၅၅၀ မှ ၁၆၅၀၊ တရုတ် အာလူးမှာ တစ်ပိဿာ ကျပ်  ၁၅၀၀ စသည်ဖြင့် ဈေးရရှိကြောင်း သိရသည်။

 


စားအုန်းဆီ


ရန်ကုန် ပြင်ပဆီဈေးကွက်အတွင်း   ဇူလိုင် ၁၁ ရက်က ကန်ဆီလက်ကား တစ်ပိဿာ ကျပ် ၇၈၀၀ နှုန်းရှိခဲ့သည်။ ဇူလိုင် ၁၃ ရက်တွင် ပြင်ပလက်ကား ကန်ဆီဈေး တစ်ပိဿာ ကျပ် ၇၂၀၀ နှုန်းသာ ရှိလာ သည်။ ယခုအပတ်အတွင်း ရန်ကုန်အထိုင်ရည်ညွှန်း လက်ကားစားအုန်းဆီ တစ်ပိဿာဈေးနှုန်း ကျပ် ၄၆၅၀ သာရှိ၍ ဆီဈေးကွက်တွင် ဆီလက်ဝယ်ရှိ နေသူများ အသော့နှင်ရောင်းချနေကြသည်ကိုလည်း မြင်တွေ့ရပြီး ဈေးနှုန်းများလည်း ကျဆင်းလာခဲ့သည်။

 


ငရုတ်


ဇူလိုင် ၁၃ ရက်  ရန်ကုန်ငရုတ်ဈေးကွက်တွင် ဆင်ဖြူကျွန်းငရုတ်ပွ အအေးခန်းထုတ် လက်ကား တစ်ပိဿာ ကျပ် ၁၁၀၀၀၊ မြစ်ပွငရုတ်ပွအလုံးကြီး (အအေးခန်းထုတ်) ကျပ် ၁၃၀၀၀၊ စိမ်းစားငရုတ်ပွ ရိုးရိုးတစ်ပိဿာ ကျပ် ၁၀၅၀၀၊ ဟင်္သာတမိုးထောင် (အအေးခန်းထုတ်) တစ်ပိဿာ ကျပ် ၉၀၀၀၊ ပန်းရဲ ငရုတ်ရှည်ရိုးရိုး  ကျပ် ၈၃၀၀၊  အအေးခန်းထုတ် ကျပ် ၉၅၀၀၊ သဲတောမိုးထောင် အသစ်တစ်ပိဿာ ကျပ် ၈၅၀၀၊ နယ်သာလန်မျိုး သဲတောနယ်ထွက် ငရုတ်ရှည်အသစ် ကျပ် ၈၅၀၀  နှုန်းရှိသည်။ 

အောင်ခင်နိုင်