အောက်မေ့ဆွတ်တမ်း ဘာကြောင့်လွမ်း

 

အောက်မေ့ဆွတ်တမ်း ဘာကြောင့်လွမ်း
 

*    ငါတို့ဗိုလ်ချုပ် ၊ သူ့ဂုဏ်ပုဒ်က
မြန်မာ့ထွတ်မြတ် ၊ လွတ်လပ်သည့်ပန်း
ရယူမြန်းရန် ၊ မမောတမ်းကြံဆ
မရမနေ ၊ ရွက်ဆောင်လေခဲ့
နယ်ချဲ့တိုက်ထုတ် မတွန့်ဆုတ်။
*     သူ့ဂုဏ်ပုဒ်သည် ၊ မြန်မာပီစွာ
သာကီနွယ်ဖွား ၊ မြန်ပြည်သားမို့
မြှောက်ကားမမြောက် ၊ ခြောက်မကြောက်ဘဲ
ချော့လည်းမပျော့ ၊ မလျော့မတင်း
တည်ကြည်ခြင်းရနံ့ သင်းပျံ့သူ။
*     ငါတို့ဗိုလ်ချုပ် ၊ သူ့ဂုဏ်ပုဒ်ကား
ရိုးကုပ်ထူးချွန် ၊ ပြည်သူ့ဝန်ကို
ကျေပွန်အောင်ထမ်း ၊ မမောတမ်းပင်
ဖြူစင်ရိုးသား၊ ကြိုးစား မယိမ်းယိုင်
မြဲခိုင်သတ္တိ ဇွဲရှိသူ ။
*     ငါတို့ဗိုလ်ချုပ် ၊ သူ့ဂုဏ်ပုဒ်ကား
နိုးကြားပညာ ၊ ရှာဖွေကာနေ
စာပေမပြတ်၊ ဖတ်မှတ်ကျင့်သုံး
နှလုံးရည်ပြည့် ၊ လက်ရုံးပြည့်ဝ
တက်ကြွအောင်ခြင်း ဆောင်နှင်းသူ။
*    ငါတို့ဗိုလ်ချုပ် ၊ သူ့ဂုဏ်ပုဒ်ကား
အပိုမကြွား၊ စကားမဝါ
ပကာသန ၊ ဟန်မပြဘဲ
မြန်မာ့သရုပ် ၊ ကြိုးကုတ်မျှော်တွေး
ထူထောင်ရေးနဲ့ ၊ ပြည်ရေးလူမှု
ပြည်ထောင်စုအကျိုး မျှော်ကိုးသူ။
*     ငါတို့ဗိုလ်ချုပ်၊ သူ့ဂုဏ်ပုဒ်ကား
တိုင်းရင်းသားတွေ ၊ သွေးစည်းစေချင်
မြော်မြင်ရွှင်ပြုံး ၊ စည်းလုံးချစ်ကြည်
တည်ဆောက်မည်ဟု ၊ ပြည်ထောင်စုစိတ်
အေးရိပ်နိဗ္ဗာန် သန္နိဋ္ဌာန်သူ။
*     ငါတို့ဗိုလ်ချုပ် ၊ သူ့ဂုဏ်ပုဒ်ကား
ပြည်သားအားလုံး ၊ ပေါင်းရုံးရွှင်ပျော်
တပ်မတော်ကြီး ၊ အားအင်ကြီးစေ
ခိုင်ဖြီးစေသည့် ၊ အမိနဲ့သား
ရေနဲ့ငါးပမာ ၊ အရာရာမှာကူ
ကြည်ဖြူချစ်ခြင်း ဖြစ်တည်ခြင်း။
*     ဪ . . .
ပြောလျှင်ဘွင်းဘွင်း ၊ လုပ်လျှင်ရှင်းသည့်..
ပွင့်လင်းသည့်သူ ၊ ပြည်သူကိုချစ်
မေတ္တာစစ်ဖျန်း ၊ ဂုဏ်ပြည့်လျှမ်းသည့်..
ဗိုလ်ချုပ်အောင်ဆန်း ၊ ပြည်ချစ်ပန်းပွင့်
ကြွေလွင့်ခဲ့ငြား၊ မေ့မသွားနိုင်
ဇူလိုင်ဆယ့်ကိုး ၊ အလွမ်းမိုးတို့
ခုထိညို့ဝေ ရွာဖြိုးစွေဆဲ။
*     ဗိုလ်ချုပ်အောင်ဆန်း၊ ပြည်ချစ်ပန်းတွက်
အလွမ်းရက်တွေ၊ ရှေ့ဆက်နေဆဲ
ဖြေလည်းမပြေ ၊ နွမ်းကြေမပျက်
ဖိတ်ဖိတ်လက်ဂုဏ်၊ ပြည့်စုံလှပ
သူ့ဘဝသမိုင်း ၊ တွေးမိတိုင်းပင်
ဦးညွတ်ချင်မိ၊ စွဲရင်ငြိရ
သာဓကဆောင် ၊ တို့လူ့ဘောင်မှာ
နောင်လာနောက်သား ၊ စံမူထားဖို့
တိုးပွားအလှတွေဆင်ကြမည်။
ကြိုးစားကြစေချင်လှသည်။     ။


အကျော်ပင်