
နေပြည်တော် ဇူလိုင် ၁၃
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် - မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း အဆင့် (၁) ဖြစ်သည့် ရန်ကုန်- တောင်ငူရထား လမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း (ပြွန်တန်ဆာ စီမံကိန်းရုံး)၊ စီမံကိန်းရထားလမ်းပိုင်းပြီးစီးမှု၊ တံတား တည်ဆောက်မှုနှင့် ရန်ကုန်ရှိ Rail Bus Engine-RBE စက်ရုံ လုပ်ငန်းခွင်များကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ရှိ ရန်ကုန်-တောင်ငူရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့် (၁) ၏ ပဲခူး - ညောင်လေးပင် လမ်းပိုင်း (CP-102) စီမံကိန်းရုံး ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး တာဝန်ရှိသူများကို ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှု ကြီးမားသည့်အပြင် အများပြည်သူသယ်ယူပို့ဆောင် ရေး (Public Transportation) အဖြစ် အရေးပါသည့် အတွက် သတ်မှတ်ချိန်အတွင်းပြီးစီးအောင် ကြိုးပမ်း ဆောင်ရွက်ရေးနှင့် သတ်မှတ်စံနှုန်းအတိုင်း အရည် အသွေး ပြည့်မီရေးတို့ကို အလေးအနက်ထား ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ စီမံကိန်းလုပ်ငန်း များအလိုက် သတ်မှတ်အချိန်ဇယားအတိုင်း ပြီးစီး နိုင်ရေးအတွက် ဌာနတာဝန်ရှိသူများအနေဖြင့် နိုင်ငံခြားသား ကန်ထရိုက်တာ ကုမ္ပဏီများနှင့် လိုအပ်သလို စနစ်တကျပေါင်းစပ် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း မှာကြားပြီး စီမံကိန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း များကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ် သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကို ဒိုက်ဦး-ဖောင်တော်သီ စီမံကိန်းလမ်းပိုင်း မိုင်တိုင် အမှတ် (၈၀/၆-၇) ၌ တည်ဆောက်နေဆဲဖြစ်သည့် တံတားအမှတ် ၁၁၁၊ ပေ ၁၈၀ အရှည်ရှိ ကောလိယ တံတားတည်ဆောက်ရေး လုပ်ငန်းခွင်၌ တာဝန်ရှိ သူများက လုပ်ငန်းပြီးစီးမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက တံတားတည်ဆောက်ရေး လုပ်ငန်းခွင်ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး စီမံကိန်းဝန်ထမ်းနှင့် ပစ္စည်းများ၏ လုံခြုံရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးဂရုစိုက် ရန်နှင့် လိုအပ်သည်များမှာကြားကာ တင်ပြချက် များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် ရန်ကုန်တိုင်းဒေသကြီး ဒါးပိန်ဘူတာသို့ ရောက်ရှိပြီး ဒါးပိန်ဘူတာမှ ရန်ကုန်ဘူတာကြီးအထိ စီမံကိန်းလမ်းပိုင်းအတွင်း ရထားလမ်းနှင့် တံတား များ တည်ဆောက်ပြီးစီးမှုကို ရထားဖြင့် လိုက်ပါ စစ်ဆေးကာ ရထားလမ်းဘေးဝဲယာတစ်လျှောက် သန့်ရှင်းသာယာမှု ရှိစေရေး၊ ဘူတာဆိုင်းဘုတ်များ သစ်လွင်တောက်ပမှုရှိစေရေး၊ လိုအပ်ပါက ဒေသ အာဏာပိုင်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန် ဘူတာကြီးယာဒ်ဝင်းအတွင်းရှိ Rail Bus Engine- RBE စက်ရုံသို့ရောက်ရှိရာ စက်ရုံတာဝန်ရှိသူများက RBE ရထားများ မွမ်းမံပြင်ဆင်ရေး လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။ တင်ပြမှုနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ရထားတွဲများ မွမ်းမံပြင်ဆင် မှုကို အရည်အသွေးမြင့်မားစေရေး၊ လုံခြုံစိတ်ချမှု ရှိစေရေး လိုအပ်ချက်များကို မှာကြားဖြည့်ဆည်း ပေးပြီး အရာထမ်း၊ အမှုထမ်းများကို အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်ဘူတာကြီးယာဒ် ဝင်း၌ မွမ်းမံပြင်ဆင်မှုဆောင်ရွက်နေသော ရထား တွဲဆိုင်းပေါ်သို့ တက်ရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားဖြည့်ဆည်းပေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်