ဓာတ်မြေသြဇာတစ်အိတ် သဘာဝမြေသြဇာ သုံးအိတ်တွဲဖက်အသုံးပြုရေး ရန်ကုန်တိုင်းဒေသကြီး စပါးစိုက်တောင်သူများအား အသိပညာပေး

 

ရန်ကုန်   ဇူလိုင်   ၁၀


ရန်ကုန်တိုင်းဒေသကြီးအတွင်း ပျိုးထောင်စိုက်ပျိုးမှုနှင့် မျိုးစေ့ချ စိုက်ပျိုးမှုဧက   ခြောက်သောင်းကျော်    စိုက်ပျိုးထားပြီးဖြစ်ရာ တောင်သူတို့လိုအပ်သော ဓာတ်မြေဩဇာကို သက်ဆိုင်ရာ မြို့နယ် တို့တွင် သတ်မှတ်ဈေးနှုန်းအတိုင်း   ရောင်းချပေးလျက်ရှိသလို သဘာဝမြေဩဇာကို အကျိုးရှိစွာထုတ်ယူအသုံးပြုနိုင်ရန် နည်းစနစ် များကိုလည်း ဖြန့်ဝေထားကြောင်း တိုင်းဒေသကြီး  စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

 


မိုးစပါးစိုက်ပျိုးရာတွင်  ထွက်နှုန်းလျော့ကျမှုမရှိစေရန်အတွက် ဓာတ်မြေဩဇာ တစ်အိတ်လျှင် သဘာဝမြေဩဇာ သုံးအိတ် ရောစပ် အသုံးပြုနိုင်ရန် သဘာဝမြေဩဇာထုတ်ယူအသုံးပြုနိုင်မည့် နည်းစနစ် များကို စိုက်ပျိုးရေးဦးစီးဌာနက  မိုးရာသီမတိုင်မီကပင် တောင်သူများ အား မြို့နယ်အလိုက် ပညာပေးလုပ်ငန်းများ  ဆောင်ရွက်ခဲ့သည်။ 

 


ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဒေါ်လှကြည်က “မိုးစပါးမစိုက်မီမှာ  မြေဆီလွှာအတွက် သစ်စိမ်းမြေဩဇာအသုံးပြုနိုင်ဖို့ နည်းစနစ်ပိုင်းဆိုင်ရာ အသိပညာပေး ခဲ့ပါတယ်။   လိုက်နာဆောင်ရွက်မှု များလာမယ်ဆိုရင်   အသုံးချမှု လည်း များလာမှာပါ။ ပြီးတော့ သဘာဝမြေဩဇာဖြစ်တဲ့ အီးအမ် ဘိုကာရှီ မြေဩဇာ၊ ငါးအမိုင်နိုစတာတွေကို     ဓာတ်မြေဩဇာနဲ့ တွဲဖက်ပြီး ပိုပြီးအကျိုးရှိအောင်အသုံးပြုနိုင်ဖို့ ဆောင်ရွက်ထားတာ လည်းရှိတယ်။ စပါးခင်းမြေဩဇာကျွေးချိန်မှာ ၁ အချိုး ၃  ဖြစ်တဲ့ ဓာတ်မြေဩဇာ တစ်အိတ်မှာ သဘာဝမြေဩဇာသုံးအိတ် သုံးစွဲတတ် ဖို့နဲ့ ပင်ခြား၊ တန်းခြားစတဲ့ စိုက်ပျိုးနည်းစနစ်မှန်ကန်ဖို့၊ အကျိုးရှိစွာ အသုံးချတတ်ဖို့ကိုလည်း ပညာပေးထားပါတယ်”ဟု ပြောသည်။

 


သဘာဝမြေဩဇာကို တွဲဖက်အသုံးပြုခြင်းဖြင့် ဓာတ်မြေဩဇာ သုံးစွဲမှုကို လျှော့ချနိုင်ကာ သွင်းအားစုကုန်ကျစရိတ်ကို သက်သာစေ သောကြောင့် တောင်သူတို့စီးပွားဖြစ် တွက်ခြေကိုက်သော နွားချေး၊ ကြက်ချေး၊ ကောက်ရိုး၊ မြက်ခြောက်၊ စပါးခွံ၊ ဗေဒါ၊  ဟင်းသီးဟင်းရွက် စွန့်ပစ်ပစ္စည်းတို့ကို  မြေဆွေးအပုံလိုက်ပြုလုပ်၍  သုံးလခန့် ဓာတ်ပြု စေပြီး သဘာဝမြေဩဇာထုတ်လုပ်အသုံးပြုခြင်းနှင့် ရွက်ဖျန်းမြေဩဇာ အဖြစ် အသုံးပြုနိုင်သော ငါးအမိုင်နိုအက်စစ် ထုတ်လုပ်မှုကို စိုက်ပျိုး ရေးဦးစီးဌာနက တောင်သူတို့အား လက်တွေ့သရုပ်ပြ ပညာပေးလျက် ရှိသည်။

 


ရန်ကုန်တိုင်းဒေသကြီးအတွင်း  မိုးစပါးဧက ၁၁ သိန်းကျော် စိုက်ပျိုးရန် လျာထားပြီး တောင်သူများ ကုန်ကျစရိတ်သက်သာစေ ရန် သဘာဝမြေဩဇာအတွက် မိုက်ခရိုအော်ဂဲနစ်   နည်းလမ်းဖြင့် လည်းကောင်း၊ ထရိုင်ဂိုဒါးမားမှိုဖြင့်လည်းကောင်း မြေဆွေးရရှိ အသုံး ပြုနိုင်သော နည်းပညာကို ဖြန့်ဝေထားကာ စပါးစိုက်ပျိုးထားသော မြို့နယ်၊ ကျေးရွာတို့၌ တစ်ဧကလျှင် တင်း ၁၀၀ ထွက်ရှိနိုင်သော စံပြစိုက်ကွက်များနှင့် မျိုးစေ့ထုတ်စိုက်ကွက်များကိုလည်း ဖော်ဆောင်ထားကြောင်း သိရသည်။


ညိမ်းသူ (သတင်းစဉ်)