ပွင့်ဖြူ၌ တောင်သူအစုအဖွဲ့များ စုပေါင်း၍ နှမ်းသီးနှံ စုပေါင်းရောင်းချပွဲ ပြုလုပ်

 

ပွင့်ဖြူ      ဇူလိုင်      ၁၀


မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာတွင် တောင်သူအစုအဖွဲ့များ  စုပေါင်းကျင်းပသည့် နှမ်းသီးနှံစုပေါင်းရောင်းချပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ရာ နှမ်းများဈေးကောင်း ရရှိ၍   လာရောက်ရောင်းချသည့်   တောင်သူများ   စည်ကားလျက်ရှိ ကြောင်း ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာမှ ဒေသခံတောင်သူများ ထံမှ သိရသည်။ 

 


အဆိုပါ     တောင်သူအစုအဖွဲ့များ   စုပေါင်းပြုလုပ်သည့် နှမ်းစုပေါင်းရောင်းချပွဲကို မြင့်မြတ်တော်ဝင်ကုမ္ပဏီမှ  တာဝန်ခံ ဒေါ်မေသန္တာနှင့် ဝန်ထမ်းများအဖွဲ့က  တိုင်းဒေသကြီးတောင်သူဖွံ့ဖြိုးရေးအဖွဲ့နှင့် ပွင့်ဖြူမြို့နယ်တောင်သူဖွံ့ဖြိုးရေးအဖွဲ့တို့နှင့် ပူးပေါင်းပြီး ဇွန် ၃၀ ရက်ကစကာ ဝယ်ယူပေးနေခြင်းဖြစ်ကြောင်း၊ နှမ်းများဝယ်ယူရာ၌ နှမ်းအမျိုးအစားအလိုက် (A,B,C)နှင့် အခြား အဆင့်ဟူ၍ အမျိုးအစားခွဲ၍ ဝယ်ယူကြောင်း သိရသည်။ ဝယ်ယူမှု ဈေးနှုန်းအနေဖြင့်   နှမ်းနက်(ထိပ်စ)  တစ်တင်းလျှင်  ငွေကျပ် ၈၅၀၀၀၊ နှမ်းဖြူ(ထိပ်စ)တစ်တင်းလျှင် ငွေကျပ် ၇၉၀၀၀၊ နှမ်းနက် ပတ်လည် တစ်တင်းလျှင် ငွေကျပ် ၇၃၃၃၃ နှုန်းဖြင့် အသီးသီး ဈေးဖွင့်၍ ဝယ်ယူလျက်ရှိကြောင်း သိရသည်။ 

 


“ကျွန်မတို့ ပွင့်ဖြူမြို့နယ်ဒေသထွက် နွေနှမ်းတွေကို မြင့်မြတ် တော်ဝင်ကုမ္ပဏီက ဈေးကောင်းပေးပြီး လာရောက်ဝယ်ယူပါတယ်။ အခုလို   ပွင့်ဖြူမြို့နယ်အထိ    လာရောက်ဝယ်ယူတဲ့အတွက် ဒေသတွင်းရှိ    နှမ်းရောင်းလိုတဲ့တောင်သူတွေ    အချိန်ကုန် လူပင်ပန်းသက်သာစွာနဲ့ ရောင်းချခွင့်ရလို့ အဆင်ပြေပါတယ်။ 

 


နှမ်းဝယ်ယူခြင်းကို တောင်သူတွေ အဆင်ပြေစွာ ရောင်းချနိုင် ရေးအတွက်    တိုင်းဒေသကြီး   တောင်သူဖွံ့ဖြိုးရေးအဖွဲ့နဲ့ မြို့နယ်တောင်သူဖွံ့ဖြိုးရေးအဖွဲ့တို့    ပူးပေါင်းပြီး  အခုလို တောင်သူတွေ နှမ်းသီးနှံစုပေါင်းရောင်းချပွဲကို စီစဉ်ပြုလုပ် ပေးတာ ဖြစ်ပါတယ်။ ရက်ပေါင်း ၄၀ လောက်အထိ ဝယ်ယူ သွားဖို့ စီစဉ်ထားရှိတယ်လို့လည်း သိရပါတယ်။  နှမ်းဝယ်ယူ ရာမှာ နှမ်းအမျိုးအစားအလိုက် (A,B,C) နှင့် အခြားအဆင့် ဆိုပြီး လေးမျိုးလေးစားခွဲ ဝယ်ယူတာ ဖြစ်ပါတယ်။ နှမ်းဝယ်ယူ တာကို  ဥပုသ်နေ့ကလွဲပြီး  နေ့တိုင်း  နံနက် ၈ နာရီခွဲကနေ ညနေ ၅ နာရီအထိ ဝယ်ယူပေးနေတာ ဖြစ်ပါတယ်။ ဒီနေ့ဆိုရင် နှမ်းလာရောက်ရောင်းချတဲ့သူတွေလည်း အလွန်များတယ်။ ဈေးကောင်းရလို့  တောင်သူတွေ   ဝမ်းသာပျော်ရွှင်နေကြ ပါတယ်” ဟု  ပွင့်ဖြူမြို့နယ်  ကံသာကြီးကျေးရွာမှ ဒေသခံ တောင်သူတစ်ဦးက ပြောသည်။ 

 


ပွင့်ဖြူမြို့နယ်မှ တောင်သူများသည်  ယခုနှစ်တွင် မဲဇလီ ရေလွှဲဆည်ရေဖြင့်  စိုက်ပျိုးသည့်   နွေနှမ်းစိုက်ခင်းများမှာ စိုက်ပျိုးရေအဆင်ပြေသည့်အတွက် အောင်မြင်ဖြစ်ထွန်းပြီး သီးနှံအထွက်နှုန်းကောင်းမွန်ကာ ယခုသီးနှံပေါ်ဦးပေါ်ဖျား တွင်     နှမ်းများကို   ဈေးကောင်းကောင်းနှင့်   ရောင်းချရ   သဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။        

                                 
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)