ရင်သွေးငယ်များ ယဉ်ကျေးလိမ္မာစေဖို့ လက်ဆင့်ကမ်း သွန်သင်ဆုံးမပေးကြစို့ ...

Type

 

ခင်သန်းမြင့်
 

 “လူကြီးတွေရှေ့ကသွားရင် ခေါင်းငုံ့သွား”
“ပစ္စည်းပေးရင် လက်နှစ်ဖက်နဲ့ ရိုရိုသေသေ ပေး”

သမီးဖြစ်သူက မြေးမလေးကို  သွန်သင်ဆုံးမ နေတဲ့  စကားသံတွေကြားရတော့   စိတ်ထဲမှာ ကျေနပ်ပီတိဖြစ်ရတယ်။ မြေးမလေးက ဒီနှစ်မှ KG တန်းကို ကျောင်းစတက်ရတာ။  မြေးငယ်လေးတို့လို နုနယ်တဲ့အရွယ်ဆိုတာ အလွန်ဖြူစင်သန့်ရှင်းတဲ့ ပိတ်စနဲ့တူပါတယ်။ ပထမဆုံးတွေ့ထိတဲ့အရောင်ကြောင့် အစွန်းအကွက်စွဲသွားနိုင်တယ်။ အရောင်စွဲ ထားပြီးပြီဆိုရင် ဖွပ်လို့လျှော်လို့ မပျက်ချင်တော့ဘူး။ လွယ်လွယ်နဲ့အခါခါ ချွတ်မရတိုင်း ရိုက်နှက်ဖွပ်လျှော်ရင်လည်း  အထည်သား  စုတ်ပြတ်ပျက်စီးတာသာ အဖတ်တင်မယ်။ ဒါကြောင့် ဘာအရောင်မှ မစွန်း ထင်းခင်မှာ လူကြီးမိဘတွေက သတိထားပြီး ဆုံးမ ပဲ့ပြင်ပေးကြရတာ ဖြစ်ပါတယ်။

 


ကျွန်မတို့ငယ်ငယ်ကလည်း  မိဘမောင်ဖား၊ ဒေါ်ကြီး၊ ဒေါ်လေးတို့က ဒီလိုပဲ ဆုံးမသွန်သင်ပေး ခဲ့တာပါပဲ။ အသက်အားဖြင့်၊ ဂုဏ်အားဖြင့် ကြီးတဲ့သူ တွေနဲ့ လမ်းမှာတည့်တည့်ဆုံရင် လမ်းရှောင်ပေးဖို့၊ ကား၊  ရထားတွေပေါ်မှာဆုံရင်  နေရာဖယ်ပေးဖို့၊ လူကြီးတွေအနီးကဖြတ်သွားရင် ခပ်ယို့ယို့လေးသွား ဖို့၊  တစ်စုံတစ်ခုပေးစရာရှိရင်   လက်နှစ်ဖက်နဲ့ လေးလေးစားစားပေးဖို့၊ ယူဖို့၊ ရိုရိုသေသေခေါ်ပြော ဆက်ဆံဖို့၊ စားတာသောက်တာ၊ သွားတာလာတာ၊ နေတာထိုင်တာ၊ ပြောတာဆိုတာက အစပေါ့။

 


ရှေးခေတ်လူကြီးသူမတွေရဲ့ ပဲ့ပြင်ဆုံးမပေးမှု


ဒီလိုမျိုး  ဆုံးမသွန်သင်ပေးကြတာကလည်း ကျွန်မတို့မိဘတွေမှမဟုတ်ပါဘူး။ မြန်မာမိသားစု တိုင်းလိုလို ဘိုးစဉ်ဘောင်ဆက် ဒီလိုပဲ လက်ဆင့် ကမ်း  ဆုံးမသွန်သင်ပေးခဲ့ကြတာပါ။   တစ်နေ့က ဖတ်လိုက်ရတဲ့ ဆရာမကြီးလူထုဒေါ်အမာရဲ့ “ကျွန်မ တို့ငယ်ငယ်တုန်းက”စာအုပ်မှာလည်း ရှေးခေတ် လူကြီးသူမတွေရဲ့ ပဲ့ပြင်ဆုံးမပေးမှုတွေကို တွေ့မြင် ခဲ့ရတယ်။

 


ကောက်နုတ်ဖော်ပြရရင် ...

“မန္တလေးရဲ့ဓလေ့က ထီးနဲ့ နန်းနဲ့နေခဲ့တဲ့အရပ်မို့ အပြောအဆိုယဉ်ကျေးသိမ်မွေ့ရမယ်၊ ဒါ မန္တလေးရဲ့ ဝိသေသလက္ခဏာလို့  လက်ခံတယ်။  မန္တလေးသူ မန္တလေးသားဆိုပြီး စကားပြောမယဉ်ကျေးရင် မိဘ တွေက သည်းမခံနိုင်ဘူး။ သူတို့သားသမီးကို စကား သင်ပေးကတည်းက ယဉ်ကျေးတဲ့အသုံးအနှုန်းကိုသာသင်ပေးတာ၊  ကြီးလာတော့လည်း   ကြီးတဲ့ အလျောက် သင်နေတာပဲ။

 


ကျွန်မတို့ငယ်ငယ်ကများ လူကြီးပြောတဲ့စကား ကို  ကျွန်မတို့က  အင်းလိုက်မိရင်၊   ဒါမှမဟုတ် ခေါင်းညိတ်ပြမိရင် အမေက “အမယ် လူကြီးပြော တာကို အင်းမလိုက်ပါနဲ့ ခေါင်းမညိတ်ပါနဲ့၊ ရိုင်းလိုက် တာ၊ ဟုတ်ကဲ့လို့  ပြောပါ”လို့  ချက်ချင်းပြင်ပြီး သင်တာပါ။ သည်းခံပြီးကြည့်နေ နားထောင်နေတာ မျိုးမဟုတ်ပါဘူး။ အခုခေတ်မှာ  လူငယ်တော်တော် များများက “ဘုန်းကြီးနဲ့စကားမပြောတတ်ဘူး”ဆိုတဲ့ အသုံးအနှုန်းကို သုံးနေကြပါတယ်။ ရှက်ကိုး ရှက်ကန်းနဲ့ပြောတာများ မထင်ပါနဲ့၊ ခပ်ဝင့်ဝင့်လေးပြောချလိုက်တဲ့စကားမျိုးပါ။ ကျွန်မတို့ငယ်ငယ်က ဒီစကားမျိုးပြောရင်  ဘယ်မိဘကမှ  နားထောင် နေမှာ မဟုတ်ဘူး။

 

 ဘုန်းကြီးနဲ့   လျှောက်တတ်၊ တင်တတ်အောင် တစ်ခါတည်းသင်ပေးလိုက်မယ်။ သီလရှင်နဲ့ စကားပြောတတ်အောင် တစ်ခါတည်း သင်ပေးလိုက်မယ်လေ။ ဂါရဝတရား၊ နိဝါတတရား နဲ့ ဘယ်လိုပြောဆိုရမယ်၊ ကိုယ့်ထက်ငယ်တဲ့ လူနဲ့ စကားပြောရင် မောက်မာမှုကင်းကင်းနဲ့ ယဉ်ယဉ် ကျေးကျေး  လေးလေးစားစား   ဘယ်လိုဆက်ဆံ ရတယ်ဆိုတာကို သင်ပေးပါတယ်။
ပြန်ခါနီးရင် “ကျွန်မတို့ ဦးတင်ပါသေးရဲ့လို့ ပြောနော်၊ ခွင့်ပြုပါဦး၊  ပြန်ပါဦးမယ်လို့ နှုတ်ဆက် နော်”လို့ အိမ်ကတည်းက  သင်လွှတ်လိုက်တာပါ။ သွားတော့မယ်အန်တီ ဆိုတာမျိုးကို အမေတို့က မကြိုက်ပါဘူး၊ လက်မခံပါဘူး။  ဒီလိုမပြောနဲ့လို့ ချက်ချင်းပြင်ပေးပါတယ်။ ဒါစစ်မဖြစ်ခင် မန္တလေးရဲ့ စရိုက်ပါပဲ။ 

 


တချို့က  မန္တလေးသူတွေ   စကားပြောတာ ချွဲတယ်လို့ ဝေဖန်ပါတယ်။ ကျွန်မတို့ အသင်အကြား ခံခဲ့ရတာက “နှုတ်ချို သျှိုတစ်ပါး သမီးရဲ့၊ လူဆိုတာ ချိုချိုလိုလို ပြောတတ်မှပေါ့။ ပြီးတော့ လူ့အောက် ကြို့လို့ လူပိမသေပါဘူး။ ကိုယ်ကမောက်မာရိုင်းစိုင်း တယ်ဆိုတာ ဘယ်ကောင်းမလဲ၊ ရှက်စရာကြီး၊ မိဘ က မဆုံးမဘူးထင်ပါရဲ့လို့ သူတထူး မေးငေါ့တော့ မယ်ပေါ့” လို့လည်း ဆုံးမတတ်ပါသေးတယ်။ “ကိုယ် မိကောင်း ဖခင်သားသမီးပဲ၊ ဆုံးမပဲ့ပြင်မှုနဲ့ကြီးပြင်း လာခဲ့တာပဲဆိုတာ  ကိုယ့်စကားနားထောင်တာနဲ့ သူများသိပါစေ။ စကားစကား ပြောဖန်များ စကား ထဲကဇာတိပြဆိုတာမျိုး မဖြစ်စေနဲ့၊ သိပ်ရှက်စရာ ကောင်းတယ်”လို့လည်း ဆုံးမပါတယ်  စသဖြင့် ဆရာမကြီးရဲ့ မြန်မာဆန်တဲ့စာရေးဟန်နဲ့ ရှေးခါ မိဘဘိုးဘွားတွေရဲ့  တန်ဖိုးရှိလှတဲ့  ဆုံးမဩဝါဒ အချို့ကို အခုခေတ် သားသည်မိခင်တွေ အတုယူ ဖွယ် တွေ့မြင်ရမှာ ဖြစ်ပါတယ်။ 

 


ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံတွေ


ဆရာမကြီး လူထုဒေါ်အမာက “ကျွန်မတို့ကို ဆုံးမပဲ့ပြင်တာ၊ ကျွန်မတို့ကို  စကားပြောတာက တော့ အမေပါပဲ။ ဒါကြောင့် အသက်ကြီးလာတဲ့အခါ အမေပြောတဲ့စကားတွေကို ကြားယောင်လို့ချည်း နေပါတယ်”လို့ ဆိုသလိုပါပဲ။ ကျွန်မတို့လည်း လူကြီး မိဘတွေရဲ့ ဆိုဆုံးမမှုတွေကို အသက်ကြီးမှပိုသိမြင် လာရပါတယ်။ ငယ်တုန်းကတော့ ချုပ်ချယ်တယ်၊ မလွတ်လပ်ဘူးလို့ထင်ခဲ့တာပေါ့။ အခုပြန်စဉ်းစား ကြည့်တော့ တစ်ချိန်က လူကြီးမိဘတွေရဲ့ဆိုဆုံးမမှု တွေဟာ  မြန်မာလူမျိုးတိုင်း   သားစဉ်မြေးဆက် လက်ဆင့်ကမ်းပေးခဲ့တဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံတွေပဲလို့ တွေးမြင်လာမိတယ်။ မြန်မာ့ ယဉ်ကျေးမှု၊ မြန်မာ့လူနေမှုစနစ်ဆိုတာကလည်း များသောဖြင့် မြတ်စွာဘုရားဟောကြားခဲ့တဲ့ (၃၈)ဖြာ မင်္ဂလာတရားတော်က အခြေခံလာခဲ့တာပါပဲ။ 

 


မင်္ဂလသုတ်


မင်္ဂလသုတ်နဲ့ပတ်သက်ပြီး ဆရာကြီးမင်းယုဝေ က “မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာ့လူနေမှုစနစ်တွင် မင်္ဂလသုတ်သည် အဓိကအခန်းမှ ပါဝင်သည်။ မြန်မာ တို့သည် မွေးဖွားသည်မှစ၍ ကွယ်လွန်သည်အထိ မင်္ဂလသုတ်တရားတော်ကို  ဦးထိပ်ပန်ကာ   ပြုမူ ကျင့်ကြံဆက်ဆံနေထိုင်သွားကြပေသည်။ စင်စစ် မင်္ဂလသုတ်သည် ဗုဒ္ဓ၏လူမှုရေးတရားတော်တို့တွင် အရေးပါအရာရောက်ဆုံးဖြစ်ပေသည်။ ယင်းသည် လူကြီး၊ လူရွယ်၊ လူငယ် အရွယ်သုံးပါးနှင့် သက်ဆိုင် သည်။ မည်သည့်ခေတ်၊ မည်သည့်နိုင်ငံ၊ မည်သည့် လူမျိုး၊ မည်သည့်ဘာသာဝင်၊ မည်သည့်လူတန်းစား ကိုမဆို အကျိုးကျေးဇူးပြုနိုင်ပေသည်။

 


ထို့ကြောင့် မင်္ဂလသုတ်ကို မူလပါဠိဘာသာမှ ဟိန္ဒီ၊ သီဟိုဠ်၊ မြန်မာ၊ တရုတ်၊ ဂျပန်၊ ထိုင်း၊ အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ် စသည့် ကမ္ဘာ့ဘာသာပေါင်းများစွာ ဖြင့် ပြန်ဆိုကြသည်။ သက်ဆိုင်ရာ ပညာရှင်အသီး သီးကလည်း   အမျိုးမျိုးဖွင့်ဆိုကြသည်”  စသဖြင့် သုံးသပ်ရေးသားခဲ့ပါတယ်။ 

 


ဆရာကြီး ဦးသုခက “မင်္ဂလာဝါဒကို  ပြောဆို ငြင်းခုံကြတာက လူတွေကစတင်ကြတာဆိုတော့ လူ့ကျင့်ဝတ်တွေကိုအဓိကထားပြီး ဟောတော်မူတာ သိနိုင်ပါတယ်”လို့ မင်္ဂလသုတ်စာအုပ်မှာ ဖော်ပြထားပါတယ်။

 


“ဗုဒ္ဓက (၃၈) ပါး မင်္ဂလာတရားကို (၁)ကစပြီး (၃၈)ပါးအထိ တောက်လျှောက် ဆက်တိုက်မဟုတ် ဘဲ (၃)ပါးစီ၊ (၄)ပါးစီ (ဧတံမင်္ဂလမုတ္တမံ) ဟောကြားခဲ့ တယ်။ လူငယ်တွေအတွက် ကဏ္ဍတစ်ပိုင်း၊ လူလတ် အတွက်  ကဏ္ဍတစ်ပိုင်း၊   လူကြီးအတွက်  ကဏ္ဍ တစ်ပိုင်းခွဲခြားဟောကြားတော်မူ (သကဲ့သို့) သော အစီအစဉ်ကို နားလည်ကြည်ညိုစရာကောင်းတယ်” လို့လည်း ဆရာကြီးက ဆိုပါတယ်။

 


“ကလေးသူငယ်အရွယ်မှာ သိသင့်သိထိုက်တဲ့ တရားသုံးပါးဖြစ်တဲ့ လူမိုက်ကို မပေါင်းရဘူး၊ ပညာ ရှိတဲ့ လူလိမ္မာနဲ့ ပေါင်းရမယ်၊  ပူဇော်ထိုက်သူကို ပူဇော်ရမယ်ဆိုတဲ့ လူ့လောကကြီးအတွက် အခြေခံ သုံးပါးကို အရင်ဦးဆုံး ကလေးဦးနှောက်ထဲ ရိုက်သွင်း ပေးလိုက်တာဖြစ်တယ်။ လူမိုက်၊ လူလိမ္မာ ခွဲခြား မသိသေးတဲ့ကလေးအရွယ်ဆိုရင်  မိဘက  ခွဲခြား ညွှန်ပြဆိုဆုံးမပေးရတယ်”လို့ ဆရာကြီးက ရှင်းလင်း ရေးသားခဲ့ပါတယ်။

 


ကျွန်မတို့ငယ်ငယ်ကတော့ မိဘတွေက မင်္ဂလ သုတ်ကို ပါဠိလိုအလွတ်ကျက်မှတ်ခိုင်းပြီး ညစဉ် ဘုရားဝတ်တက်တိုင်း ရွတ်ဖတ်ပူဇော်ကြရတယ်။ ကျောင်းရောက်ရင်လည်း ဆရာကြီး ဒဂုန်ဦးထွန်းမြင့် ရဲ့  မင်္ဂလာကဗျာတွေကို  ရွတ်ဆိုကြရတဲ့အတွက် (၃၈)ဖြာမင်္ဂလာနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ရပါတယ်။ ဒီလို ရင်းနှီးကျွမ်းဝင်လာတဲ့အခါ  ကိုယ်ပြုတဲ့  အမှုဟာ မင်္ဂလာလား၊ အမင်္ဂလာလားဆိုတာကို ကွဲကွဲပြားပြား သိလာရတာပေါ့။ 

 


မင်္ဂလာဖြစ်ရင်  ကိုယ်ပြုတဲ့အမှုဟာ  မင်္ဂလာ ပါလားလို့  ဝမ်းမြောက်ပီတိဖြစ်ရသလို  အမင်္ဂလာ ဆိုလည်း ချက်ချင်းရပ်တန့်ပြီး နောင်မဖြစ်အောင် ရှောင်ကြဉ်နိုင်တာပေါ့။ အဲဒီလို မိဘဘိုးဘွားတွေရဲ့ သွန်သင်ဆုံးမပဲ့ပြင်ပေးခဲ့တဲ့ ကျေးဇူးကြောင့်လည်း ကျွန်မတို့က  တစ်ဖန် သားသမီး   မြေးမြစ်တွေကို ပြန်လည်လက်ဆင့်ကမ်း ပဲ့ပြင်ဆုံးမနိုင်ခဲ့တာပေါ့။

 


မိဘနဲ့ သားသမီး ဆက်ဆံရေး


ဒီဘက်ခေတ်များမှာတော့  မိဘနဲ့  သားသမီး ဆက်ဆံရေးဟာ    ကျွန်မတို့ငယ်စဉ်ကခေတ်လို နွေးထွေးမှု အားနည်းတယ်လို့  ကျွန်မထင်တယ်။ မိဘတွေဘက်ကလည်း စားဝတ်နေရေး၊ စီးပွားရေး ဘက်ကို အာရုံစိုက်လုံးပန်းနေကြရတော့ အရင်ခေတ် တွေကလောက် သားသမီးတွေအပေါ် အချိန်သိပ်မပေး နိုင်ကြတော့ဘူး။ အချို့မိသားစုတွေဆို မိဘနဲ့သား သမီးမျက်နှာချင်းဆိုင် စကားစမြည်ပြောဆိုဖို့တောင် အချိန်မရှိသလောက်ပါပဲ။ ကိုယ့်သားသမီးက အခန်း ထဲမှာ ဖုန်းတစ်လုံးနဲ့  ဘာလုပ်လို့ ဘာလုပ်နေမှန်း၊ ဘယ်သွားလို့ ဘယ်လာနေကြမှန်းတောင် မသိကြ ရတော့ဘူး။ ဒါကြောင့်လည်း လူငယ်လူရွယ် သားသမီး အချို့ဆို မူးယစ်ဆေးဝါးသုံးစွဲမှုကအစ လမ်းမှားကို မရောက်သင့်ဘဲ ရောက်သွားခဲ့ကြရတယ်။

 


သားသမီးတွေဘက်ကလည်း ခေတ်ကာလအရ လွတ်လပ်မှုကို ရှေ့တန်းတင်လာကြတော့ မိဘတွေ ရဲ့ ပဲ့ပြင်ဆုံးမမှုကို တန်ဖိုးထား လေးစားလိုက်နာ ကြရမှန်းမသိတတ်ကြတော့ဘူး။ သူတို့ရဲ့လွတ်လပ် ခွင့်ကို ကန့်သတ်ချုပ်ချယ်တယ်လို့ပဲ ထင်မြင်ယူဆ လာကြတယ်။  ဒါကလည်း  သဘာဝပါပဲ။  အထူး သဖြင့်  ဆယ်ကျော်သက်အရွယ်ဆိုတာ   မိဘရဲ့ ရင်ခွင်အောက်က  ထွက်စပြုပြီး   ပတ်ဝန်းကျင်ကို လေ့လာစူးစမ်းတတ်ကြတယ်။ မိဘကို အားကိုးလို စိတ်  လျော့နည်းလာပြီး  ကိုယ့်ကိုယ်ကိုယ်  ယုံကြည် ကိုးစားမှု  ပိုများလာတတ်ကြတယ်။  ကိုယ့်စိတ်နဲ့ ကိုယ် လုပ်ကြည့်ချင်လာတတ်ကြတယ်။  အပေါင်းအသင်းကို ပိုပြီး ခုံမင်လာကြတယ်။

 


ဒါကြောင့်မို့ ကျွန်မတို့ခေတ်က မိဘတွေဟာ “နောင်ကို လူဆိုးလူမိုက် လူသာမည ဖြစ်လာနိုင်တဲ့ အခြေခံကာလဟာ  ဒီအရွယ်ပဲ။  ပညာရှိသူတော် ကောင်း လူမွန်လူချွန်ဖြစ်လာနိုင်တာလည်း ဒီအရွယ် ဒီကာလပဲ”လို့သတ်မှတ်ပြီး ဂရုတစိုက်နဲ့ ပဲ့ပြင်ဆုံးမ သွန်သင်ပြသပေးခဲ့ကြတာ ဖြစ်ပါတယ်။

 


လက်ဦးဆရာ မည်ထိုက်စွာ


ဒါကြောင့်လည်း မိဘတွေကို လက်ဦးဆရာတွေ လို့ မြတ်စွာဘုရားက ဟောကြားတော်မူခဲ့ရာကနေ “လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ၊ မိနှင့်ဘ” လို့ ရှေးကဆိုခဲ့ကြခြင်းဖြစ်ပါတယ်။ နိုင်ငံတကာက ပညာရှင်တွေကလည်း  မိခင်ကောင်းတစ်ယောက် ၏  စွမ်းရည်သည်   ဆရာပေါင်းမြောက်မြားစွာ၏ စွမ်းရည်နှင့်ညီမျှ၏၊   ကြီးကျယ်မြင့်မြတ်သော အမွေကို  သူတို့၏  မိခင်များထံမှ   ရရှိခဲ့ကြသည်၊ လူ့လောက၏အနာဂတ်သည် မိခင်တို့၏လက်တွင်း ၌သာ တည်ရှိသည် စတဲ့အဆိုအမိန့်ပေါင်းများစွာ နဲ့ မိဘတွေရဲ့ အခန်းကဏ္ဍကို ပုံဖော် ဖော်ကျူးခဲ့ကြတာပေါ့။

 


ဒီဘက်ခေတ်  မိဘဘိုးဘွား   ဆရာသမားတွေ အနေနဲ့လည်း ကိုယ့်သားသမီး မြေးမြစ်တွေရဲ့ဘဝ တင့်တောင့်တင့်တယ်  သာယာလှပစေဖို့၊  မြန်မာ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို သားစဉ်မြေး ဆက် အမွေခံထိုက်စေတည်တံ့စေဖို့ ကျွန်မတို့ ဘိုးဘွား မိဘတွေခေတ်ကလို သားသမီးတွေကို ကြက်ကောင်း ကြိုးမကွာ ပဲ့ပြင်ဆုံးမပေးကြရဦးမှာ ဖြစ်ပါတယ်။ 

 


သားသမီးတွေဘက်ကလည်း “ယနေ့ ဘုရားရှင် နှင့်တကွ ဥပဇ္ဈာယ်ဆရာတို့ထံမှ ဤသဲလုံးနှင့်အမျှ သော  ဆုံးမစကားများ  ကြားနာရပါလို၏” ဆိုပြီး နံနက်စောစောမှာ သဲတွေကို  လက်ခုပ်နဲ့  ကျုံးယူ မြွက်ဆိုလေ့ရှိသူ၊  ဆရာသမားတို့ရဲ့  အဆုံးအမကို ချက်ချင်းလက်ငင်း  လိုက်နာကျင့်သုံးခဲ့တဲ့အတွက် အကျင့်သိက္ခာ  ချစ်မြတ်နိုးသောအရာမှာ   ဧတင်္ဂ ဂုဏ်ထူးရသူ အရှင်ရာဟုလာထုံး  နှလုံးမူပြီး  မိဘ ဘိုးဘွားဆရာသမားတို့ရဲ့ ပဲ့ပြင်ဆုံးမ သွန်သင်ပြသ မှုကို တန်ဖိုးထားလေးစားလိုက်နာကြဖို့ လိုပါတယ်။

 


ပေးဝေသူနဲ့ လက်ခံသူ၊ လက်ဆင့်ကမ်းသူတွေနဲ့ ကမ်းလင့်သူတွေရှိနေသရွေ့၊ တာဝန်ကိုယ်စီ ကျေပွန် နေသရွေ့  မြန်မာ့ဓလေ့၊ မြန်မာ့စရိုက်၊  မြန်မာစာ၊ မြန်မာစကား၊  မြန်မာ့ရိုးရာယဉ်ကျေးမှု  ထုံးတမ်း အစဉ်အလာတွေဟာ  မြန်မာ့မြေက  ပျောက်ကွယ် သွားမှာမဟုတ်သလို ငြိမ်းချမ်းသာယာတဲ့ မြန်မာ့ လူ့ဘောင်ကိုလည်း စဉ်ဆက်မပြတ်တည်ဆောက်နိုင်လိမ့်မယ်လို့ ကျွန်မကတော့ ဒီလိုပဲ ယုံကြည်နေမိပါတယ်။      ။