
ပင်လယ်ပြာ(ငါးဦးစီး)
ငါးရစ်/ငါးသန်ကာလဖြစ်သည့် မိုးဖြိုင်ဖြိုင်ရွာသော မေလနှောင်းပိုင်းနှင့် ဇွန်၊ဇူလိုင်လများတွင် မြစ်၊ချောင်း၊ အင်းအိုင်အနှံ့အပြား၌ ဥများဖြင့်ပြည့်နေသော ငါးမကြီးများနှင့် မျိုးရည်ပြည့်ဝနေသော ငါးထီးကြီးများသည် ဥချရန်နေရာရှာ၍ ငါးရစ်တက်လေ့ရှိကြသည်။
ငါးရစ်ငါးဆိုသည်မှာ ငါးဥများ၊ မျိုးရည်များ ရင့်မာပြီး မျိုးပေါက်ပွားဖို့ရာ အသင့်ဖြစ်နေကြသည့် ငါးအထီး၊ ငါးအမအားလုံးကို ခြုံငုံပြီး ငါးရစ်ငါးဟု ခေါ်ကြခြင်းဖြစ်သည်။ ငါးများ ငါးရစ်တက်သည် ဆိုသည်မှာ မိုးဖြိုင်ဖြိုင်ရွာသည့် မေလနှောင်းပိုင်းနှင့် ဇွန်၊ ဇူလိုင်လများတွင် မြစ်၊ချောင်းများထဲမှ ငါးရစ် ငါးများသည် ရေစီးကြောင်းအတိုင်း ရေတိမ်ကွင်း များရှိရာဘက်ကို မြူးထူးစွာ ဆန်တက်ကူးခတ်ပြီး ဥချပေါက်ပွားရန် သွားကြသည်ကို ဆိုပါသည်။
ထိုငါးရစ်တက်နေသော ငါးများကို ဖမ်းဆီး လိုက်ပါက ပေါက်ပွားလာမည့် သန်းပေါင်းများစွာ သော ငါးသားပေါက်လေးများသည်လည်း သေကျေ ပျက်စီးကာ တစ်နိုင်ငံလုံး ဖူလုံစွာငါးစားသုံးမှုနှင့် လူမှုစီးပွားဖွံ့ဖြိုးမှုကို အထောက်အကူ မပြုနိုင် တော့ဘဲ ငါးမျိုးပြုန်းတီးစေနိုင်သည်။
ငါးဆိုသည်က ဥရှိမှ အကောင်ဖြစ်လာပြီး အသေးရှိမှ အကြီးဖြစ်လာသည်မို့ မျိုးကျန်အောင်ချန် ထားပေးသင့်ပါသည်။ ငါးများဥချတော့မည့်အချိန်တွင် ဥများဖြင့်ဖောင်းကားနေသော မျိုးပွားတော့မည့် မျိုး ငါးမကြီးများကို အကုန်အစင်ဖမ်းဆီးပစ်၊ စားသုံး ပစ်လိုက်လျှင် တဖြည်းဖြည်း ငါးမျိုးများ မျိုးသုဉ်း ပြုန်းတီးသွားမည်ဖြစ်သည်။
ယခုလို မိုးရာသီကာလရောက်ပြီဆိုလျှင် ငါးရစ် များတက်ချိန်၊ ငါးများ ဥဥချိန်ဖြစ်သဖြင့် စျေးထဲတွင် ဥပါသောငါးတချို့ကို ရောင်းချနေကြသည်ကို တွေ့ကြရပါလိမ့်မည်။ အထူးသဖြင့် ဥပါသော ငါးပုဏ္ဏား၊ ငါးသလောက်၊ ငါးစင်ရိုင်းများကို တွေ့ကြရပါမည်။ သို့သော် ရေရှည်အကျိုးကိုသာ ရှုမျှော်ကြည့်တတ်မည်ဆိုပါက ငါးသလောက်ဥ၊ ငါးပုဏ္ဏားဥအပါအဝင် မည်သည့်ငါးဥကိုမှ မစားသင့် ပေ။
အဘယ်ကြောင့်ဆိုသော် ငါးဥအတွဲတစ်တွဲတွင် ငါးဥကလေးပေါင်း မြောက်မြားစွာ ပါရှိနေကြသည်။ ငါးဥအတွဲကြီး တစ်တွဲလုံးတွင်ပါရှိသော တစ်ခုချင်းစီ သော ဥများအားလုံးသည် ငါးကြီးများအဖြစ် ရှင်သန်ပေါက်ပွားမလာနိုင်သည့်တိုင်အောင် ပျမ်းမျှ အားဖြင့် ထိုငါးဥတွဲကြီး၏ သုံးပုံနှစ်ပုံခန့် သို့မဟုတ် ထက်ဝက်နီးပါးလောက်သော ဥများသည် ငါးကြီးများ အဖြစ် မလွဲမသွေ ရှင်သန်ပေါက်ပွားလာကြပါလိမ့် မည်။
ထို့ကြောင့်လည်း ငါးလုပ်ငန်းဦးစီးဌာနသည် နှစ်စဉ်နှစ်တိုင်း ငါးရစ်တက်ချိန်၊ ငါးဥချချိန်များတွင် သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားစသည့် လူမှု ဆက်သွယ်ရေးကွန်ရက်များမှတစ်ဆင့် “ဥနှင့် ငါးကို ပွားစေလို ငါးရစ်ဆိုမဖမ်းနဲ့”၊ “ငါးရစ်ငါးသန် ဘေးမဲ့ ချန်၊ ပုံမှန်စားသုံးမျိုးမတုံး”၊ “ငါးရစ်တစ်ကောင် သုံးလရှောင်၊ ထောင်သောင်းတိုးပွားရေရှည်စား” စသော ဆောင်ပုဒ်များအပါအဝင် ရေနေသယံဇာတ ထိန်းသိမ်းရေး ပညာပေးပိုစတာများ စိုက်ထူခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ငါးရစ်ငါးသန် နှင့် ရေနေသယံဇာတထိန်းသိမ်းရေး ဟောပြောပွဲများ ပြုလုပ်ခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း၊ အသံချဲ့စက်ဖြင့် ကြေညာခြင်းများ ပြုလုပ်လျက်ရှိသည်။
တားမြစ်ထားသော ငါးရစ်/ ငါးသန်ချိန်ကာလ (မေ၊ ဇွန်၊ ဇူလိုင်) လများတွင် သဘာဝရေပြင်မှ ငါး/ပုစွန်များကို ဖမ်းယူခြင်း၊ သတ်ဖြတ်ခြင်း၊ သယ်ယူ ခြင်း၊ ပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ လက်ဝယ်ထား ရှိခြင်း၊ ရောင်းဝယ်ခြင်း (သို့) အခြားနည်းဖြင့် တစ်စုံ တစ်ရာနှောင့်ယှက်ခြင်း မပြုလုပ်ကြရန် တားမြစ် ထားပြီး ဖောက်ဖျက်ကျူးလွန်သူများသည် ရေချိုငါး လုပ်ငန်းဥပဒေပုဒ်မ (၆၂) အရ တရားစွဲဆို အရေးယူ ခြင်းခံရမည်ဖြစ်သဖြင့် ရှောင်ရှားကြပါရန် တိုက်တွန်း အပ်ပါသည်။
သို့ဖြစ်၍ ငါးသယံဇာတများ မပျောက်ပျက်ရ လေအောင် ရေလုပ်သားများကလည်း ငါးရစ်တက်ချိန် နှင့် ငါးသားပေါက်လေ့ရှိသော မိုးရာသီကာလတွင် ငါးရစ်ငါးများ လွတ်လပ်စွာ ဥချသားပေါက်နိုင်ရေးနှင့် နုနယ်လှသော ငါးသားပေါက်များ ဆက်လက်ရှင်သန် ကြီးထွားနိုင်ရေးအတွက် ငါးရစ်ငါးများနှင့် ငါးသား ပေါက်များကို ဖမ်းဆီးခြင်းမပြုဘဲ တာဝန်သိစိတ်ဖြင့် ဘေးမဲ့လွှတ်ပေးသင့်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။ ။
- Log in to post comments