သမဝါယမဆိုတာ အတူပူးပေါင်း ဆောင်ရွက်ခြင်း

Type
77

 

ကိုနိုင်အောင်
(Cooperatives)

 

သမဝါယမဆိုတာ လူသားတို့၏ လိုအပ်ချက် (Need) ကို ဖြည့်ဆည်းဖို့နှင့် လူတစ်ဦးချင်းစီက မဖြည်းဆည်းနိုင်သော   အသက်ရှင်ရပ်တည်မှုအတွက် လိုအပ်သော စားဝတ်နေရေးပြဿနာတွေကို ဘဝတူ၊ ဆန္ဒတူသူများ  စုစည်းကာ   စုပေါင်းအားဖြင့် ဝိုင်းဝန်းဖြေရှင်းခြင်းကို သမဝါယမဟု ခေါ်ပါသည်။ လူသားတို့၏ လိုအပ်ချက်အရ ကမ္ဘာပေါ်မှာ  သမဝါယမအဖွဲ့အစည်းများ လွန်ခဲ့သောနှစ် ၁၀၀ ကျော်က စတင်ပေါ်ပေါက်ခဲ့သလို မြန်မာနိုင်ငံတွင်လည်း ကိုလိုနီခေတ် ၁၉၀၅ ခုနှစ်တွင် ပထမဆုံးသမဝါယမ အသင်းဖွဲ့စည်းလုပ်ကိုင်ခြင်းဖြင့် သမဝါယမလှုပ်ရှားမှု စတင်ပေါ်ပေါက်လာခဲ့ပါသည်။ အတည်ပြုပြဋ္ဌာန်းထားသော ဥပဒေ များနှင့်အညီ သမဝါယမအသင်းလုပ်ငန်းများကို စည်းကမ်းတကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်   သမဝါယမဦးစီးဌာနကို လွတ်လပ်ရေးရပြီး နောက်ပိုင်းကာလ၌ မြန်မာနိုင်ငံတွင်  ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။   သမဝါယမဦးစီးဌာန၏ တာဝန် (၃) ရပ်မှာ သမဝါယမအသင်းများအား (က)ဖွဲ့စည်းခြင်း (Organizing )၊  (ခ) ပညာပေးခြင်း (Educating) ၊ (ဂ) ထိန်းကျောင်းတည့်မတ်ခြင်း (Regulating) တို့ဖြစ်ပါသည်။ 

 


လိုအပ်ချက်များ ဖြည့်ဆည်း


အသင်းသားများ၏ လူမှုစီးပွားရေးလိုအပ်ချက် များကို  ဖြည့်ဆည်းရန်   သမဝါယမအသင်းများ ဖွဲ့စည်းလုပ်ကိုင်ခြင်းများကို ခေတ်အဆက်ဆက် ဖြတ်သန်းလုပ်ဆောင်ခဲ့ရာမှာ  ယနေ့ဆိုလျှင် နှစ် ၁၀၀  ကျော်ကာလသို့ပင်   ရောက်ရှိနေပြီဖြစ်ပါ သည်။ ခေတ်ဟောင်း စနစ်ဟောင်း အတွေးအခေါ် များကတော့ “သမဝါယမဆိုတာ သိလားဟုမေးလျှင် ဆန်၊ ဆီ၊ ဆပ်ပြာ ခွဲတမ်း ပေးတဲ့စနစ်” လို့သာ သိခဲ့၊ နားလည်ခဲ့ကြသည်။ 

 


ယနေ့ခေတ်တွင်တော့    သမဝါယမဆိုတာ သိလားဟု မေးလိုက်လျှင် အများစုကတော့ ဖြေကြ မည် “ငွေချေးတဲ့ အဖွဲ့လေ” ဟုသာ အဆိုပါ ပုဂ္ဂိုလ် များက သမဝါယမဆိုတာ ဌာနလား အသင်းလား ကွဲကွဲပြားပြား မသိကြပါ။  လူအတော်များများက ခက်သည် ကိုယ်စီးသည့်မြင်း အထီးမှန်း၊ အမမှန်း မသိကြ၊ သိအောင်လည်း အားမထုတ်ကြ၊ မိမိနှင့် မကင်းနိုင်သည့် သမဝါယမအကြောင်းကို  ဂဃဏန သိအောင်လုပ်ရမည်မှာ သက်ဆိုင်သူများ၏ တာဝန် မဟုတ်လား။  ယနေ့ခေတ်   အရွယ်ရောက်ပြီးသူ အများစု သမဝါယမအသင်း၊ သမဝါယမအသင်းသား၊ သမဝါယမလုပ်ငန်းအသီးသီးနှင့် တိုက်ရိုက်၍သော် လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပတ်သက်ခဲ့ကြသူများ ဖြစ်သည်။ 

 


ဦးတည်ချက်ထား  ဆောင်ရွက်


ယနေ့ခေတ် သမဝါယမ  ဘာတွေလုပ်နေလဲ။ ငွေဘာလို့ချေးပေးတာလဲ၊ သက်ဆိုင်သူများကော၊ သမဝါယမအသေးစားချေးငွေလုပ်ငန်းကို ဝေဖန် လိုသူများကော သိသင့်ပါသည်။ သမဝါယမဦးစီး ဌာနမှ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းဖြစ်သော ကျေးလက်နေ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ကိုင်သူ များ၊ အသေးစားကုန်ထုတ်လုပ်ငန်းငယ် လုပ်ကိုင်သူ များကို   စိုက်ပျိုးရေးစရိတ်၊   မွေးမြူရေးစရိတ်၊ ကုန်ထုတ်လုပ်မှုစရိတ်ချေးငွေများ ထုတ်ချေးပေး ခဲ့ပါသည်။  စိုက်ပျိုးရေး၊   မွေးမြူရေးလုပ်ကိုင်သူ အများစုနေထိုင်ရာ ကျေးလက်ဒေသကို အခြေပြု၍ ကျေးလက်ဒေသ  ဖွံ့ဖြိုးရေးနှင့်   ဆင်းရဲနွမ်းပါးမှု လျှော့ချရေး  ဦးတည်ချက်ထား  ဆောင်ရွက်ခြင်း ဖြစ်ပါသည်။    

 


ဘာကြောင့် ငွေချေးတာလဲဆိုသည့် မေးခွန်းကို ဖြေဆိုရမည်ဆိုလျှင် တောင်သူတွေ၊ လယ်သမား၊ ယာသမားတွေ စိုက်ချိန်၊ ပျိုးချိန်မှာ ငွေလိုပါတယ်။ လယ်ခင်းထဲ၊ ယာခင်းထဲ မြေယာပြုပြင်ဖို့၊ သဘာဝ မြေဩဇာထည့်ဖို့၊ မျိုးစေ့ထည့်ဖို့ငွေကို ဘယ်က ရှာရပါသနည်း။ ရွာထဲမှာ ငွေတိုးပေးစားသူထံမှ ငွေ  ကျပ် ၁၀၀ လျှင် တစ်လ ရှစ်ကျပ်တိုး၊ ၁၀ ကျပ်တိုး ပေး၍ ချေးငှားရသည်။ အချို့နေရာများတွင် သီးနှံ ဆတိုးပေးစနစ်ဖြင့်  ချေးငှားရသည်။   သမဝါယမ အသင်းအဖွဲ့များက ဤအခက်အခဲကို ဖြေရှင်းပေး ရန်နှင့် တောင်သူများ ငွေတိုးစား နှိပ်စက်သည့်ဒဏ်မှ အထိုက်အလျောက် သက်သာစေရန် ရည်ရွယ်ပြီး ငွေကျပ် ၁၀၀ လျှင် တစ်ကျပ်ခွဲ အတိုးနှုန်းထားသာ သတ်မှတ်၍ သီးနှံပေါ်ပြန်ဆပ် (ခြောက်လ တစ်ကြိမ် ဆပ် စနစ်)ဖြင့်    အသေးစားချေးငွေလုပ်ငန်းကို အကောင်အထည်ဖော်ခဲ့ပါသည်။   အကျေဆပ်ပြီးပါ က နောက်ထပ် ခြောက်လ   ပြန်လည်ထုတ်ချေးစနစ် ဖြင့် အသင်းသားတောင်သူများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို သမဝါယမဦးစီးဌာနက  ရှေးရှု ဆောင်ရွက်လျက် ရှိပါသည်။ 

 


တာဝန်ယူတာဝန်ခံ ထုတ်ချေး


နိုင်ငံတော်ဘတ်ဂျက်ကို    ခြိုးခြံချွေတာသော အားဖြင့် နိုင်ငံတော်မှဘဏ္ဍာငွေ အထောက်အပံ့ ရယူခြင်းမရှိဘဲ  ယခင်   သမဝါယမဝန်ကြီးဌာနမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ  China  Exim  Bank ချေးငွေကို သမဝါယမအသင်းအဆင့်ဆင့်က အာမခံ ထားသော စနစ်ဖြင့် ပြည်ပဘဏ် ချေးငွေများ ရယူ ဆောင်ရွက်ခဲ့ပါသည်။ တစ်နှစ်လျှင် အတိုး လေးရာခိုင် နှုန်း ဖြစ်ပါသည်။ တစ်လကို အတိုး လေးရာခိုင်နှုန်း မဟုတ်ပါ။ တစ်လလျှင် ငွေကျပ် ၁၀၀  လျှင် အတိုးနှုန်း ၃၄ ပြားသာ ကျသင့်ပါသည်။ ဒါကို  သမဝါယမ လုပ်ငန်းများကို   စောင့်ကြည့်ဝေဖန်သူများရော၊ သမဝါယမအသင်းသား   ပြည်သူများပါ  ကွဲကွဲ ပြားပြား သိဖို့လိုပါသည်။ ချေးငွေရယူသူ သမဝါယမ အသင်းသား တောင်သူများကတော့  ချေးငွေကျပ်  ၁၀၀ အပေါ်  တစ်လတစ်ကျပ်ခွဲ  အတိုးဖြင့် မိမိတို့ ချေးငွေရယူထားသော    သမအသင်းထံ  သီးနှံရာသီ အလိုက် ခြောက်လတစ်ကြိမ် ပြန်လည်ပေးဆပ်ရပါ သည်။ China Exim Bank က အတိုး ၃၄ ပြားဖြင့် ထုတ်ချေးသော်လည်း ချေးငွေ အသုံးပြုသူက ဘာလို့ တစ်ကျပ်ခွဲတိုး ပေးရသနည်း၊ ယင်းသို့ဖြစ်ရခြင်းမှာ ပင်ရင်းဖြစ်သော   ပြည်ပဘဏ်မှ   အသင်းသား လက်ဝယ်အထိ ငွေကြေးရောက်ရှိဖို့ ဗဟိုအဆင့်တွင် ဗဟိုသမဝါယမအသင်း     ပြည်နယ်/တိုင်းတွင် အသင်းစုချုပ်များ၊   အခြေခံအဆင့်တွင် ကျေးရွာ၊ ရပ်ကွက်    သမဝါယမအသင်းများက     ချေးငွေကို  အာမခံသည့်မူဖြင့် တာဝန်ယူတာဝန်ခံကာ ထုတ်ချေး ရပါသည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွဲ့စည်း ထားသော သမဝါယမသင်းအဆင့်ဆင့်မှ  စီမံခန့်ခွဲမှု  ကုန်ကျစရိတ်များ၊  သက်ဆိုင်ရာအသင်း ရှင်သန်ရပ် တည်ရေးစရိတ်များအတွက်   အသင်းအဆင့်ဆင့်မှ အတိုးနှုန်း  တစ်ကျပ်ခွဲအပေါ်မှာ စီမံခန့်ခွဲမှု ကုန်ကျ စရိတ်အဖြစ် ရယူရပါသည်။ 

 


သမဝါယမသင်းအားလုံးသည်  အစိုးရမဟုတ် သောအဖွဲ့အစည်းများ  NGOs   ဖြစ်ကြပါသည်။ သို့ဖြစ်၍ မိမိတို့အသင်း၏ ဝင်ငွေ၊ အသုံးစရိတ်ကို ကိုယ်တိုင်ရှာရပါသည်။   အသင်းအမှုဆောင်များ၊ အသင်းဝန်ထမ်းများ  ခန့်ထားခြင်းအတွက်  လုပ်ခ လစာများအား အသင်း၏ ဝင်ငွေအပေါ်မူတည်၍ လည်းကောင်း၊ အသင်းအမှုဆောင်များမှ အသင်း၏ လုပ်ငန်း လိုအပ်ချက်အပေါ်  မူတည်ပြီး  လုပ်ငန်း အသီးသီးရဲ့      တာဝန်ခံများအဖြစ်လည်းကောင်း၊ နေ့စားလပေး ဝန်ထမ်းများ၊ ပုတ်ပြတ်ဝန်ထမ်းများ ခန့်ထားခြင်းဖြင့်လည်းကောင်း လစဉ်ငွေကြေးသုံးစွဲ ရပါသည်။ 

 


 ကြိုက်နှစ်သက်သည့်ပစ္စည်းကို ဝယ်ယူနိုင်


အသင်းသား တောင်သူလယ်သမားများ လက်မှု လယ်ယာစနစ် အသုံးပြုနေရာမှ စက်မှုလယ်ယာ စနစ်ကို ကူးပြောင်းနိုင်ဖို့ လယ်ယာသုံးစက်ကိရိယာ မျိုးစုံကို အသင်းသားတောင်သူ ကြိုက်နှစ်သက်ရာ ကုမ္ပဏီမှ  ကြိုက်သည့်ပစ္စည်းကို   ဝယ်ယူနိုင်ရန် သမဝါယမက   ကူညီဆောင်ရွက်ပေးခဲ့ပါသည်။ တောင်သူအများစုမှာ စက်တန်ဖိုး ၁၀၀ ရာခိုင်နှုန်း ပေးချေဝယ်ယူနိုင်သည့်  အခြေအနေမရှိပါ။   ထို အခက်အခဲကို သမဝါယမက ဝင်ရောက်ဖြေရှင်းသည့် အစီအစဉ်ဖြင့်  တောင်သူက   စက်တန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကိုသာပေးရပြီး ကျန် ၈၀ ရာခိုင်နှုန်းကို သမဝါယမအသင်းက စိုက်ထုတ်ပေးပြီး ကျသင့်ငွေ တန်ဖိုး အပေါ်မူတည်ပြီး တစ်နှစ်ဆပ်၊ နှစ်နှစ်ဆပ်၊ သုံးနှစ်ဆပ်စနစ်ဖြင့် ငှား/ဝယ်စနစ် (Hire Purchase System)ကို သမဝါယမက အကောင်အထည်ဖော် လျက်ရှိပါသည်။ ထို့အပြင် စိုက်ပျိုးရေးလုပ်ငန်းများ အတွက်အသုံးပြုရန်   သဘာဝမြေဩဇာ၊   ဓာတ် မြေဩဇာတို့ကိုလည်း ရာသီအလိုက် သီးနှံပေါ်ပေး စနစ်ဖြင့် လယ်သမား၊ ယာသမားများ အချိန်မီ အသုံး ပြုနိုင်ရန်   သမဝါယမအသင်းများက    မြေဩဇာ ကုမ္ပဏီများနှင့်    ဆက်စပ်ဆောင်ရွက်ပေးလျက် ရှိပါသည်။ 

 


မြန်မာ့သမဝါယမ ခရီးလမ်းကို ပြန်လည်သုံးသပ် ရမည်ဆိုပါက  ခေတ်စနစ်   စီးပွားရေးအခြေအနေပေါ် မူတည်၍  အနိမ့်အမြင့်   အတက်အကျမျိုးစုံကို ရင်ဆိုင်ဖြတ်သန်း  ကျော်ဖြတ်ခဲ့ရပါသည်။   သမ ဝါယမဆိုတာ   မည်သို့ပင်   လောကဓံတရား၏ ရိုက်ခတ်မှုကို ကြုံရသည်ဖြစ်စေ လူမှုစီးပွားလိုအင် ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ ပြည်သူများအတွက် အမြဲတမ်းအဆင်သင့်  ရှိနေပါကြောင်း   တင်ပြ လိုက်ရပါသည်။       ။