(၉၄)ကြိမ်မြောက် ဝါဆိုခြင်းလုံး အလှခတ်ပွဲတော်တွင် ခြင်းအသင်းပေါင်း ၃၀၀ ကျော် ပါဝင်ခတ်ကစားသွားမည်

 

မန္တလေး   ဇွန်   ၂၄


မဟာမုနိဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် (၉၄)ကြိမ်မြောက် ဝါဆိုခြင်းလုံးအလှခတ်ပွဲတော်ကို ဇွန် ၂၈ ရက်မှစတင်ကျင်းပသွားမည်ဖြစ်ပြီး  ခြင်းအသင်းပေါင်း ၃၀၄ သင်း ပါဝင်ခတ်ကစားသွားမည်ဖြစ်ကြောင်း ဝါဆိုခြင်းဆပ်ကော်မတီထံမှ သိရသည်။

 


နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ရိုးရာ ခြင်းခတ်ပညာအားကစားကို မြတ်မြတ်နိုးနိုးတန်ဖိုးထား စေရန်၊ မြန်မာ့ရိုးရာခြင်းလုံးခတ်ကစားနည်း မတိမ်ကော မပပျောက်အောင် ထိန်းသိမ်းရန်  ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

 


‘‘အစဉ်အလာမပျက် ထိန်းသိမ်းစောင့်ရှောက် ကျင်းပလာခဲ့တာ (၉၄) ကြိမ် ရှိလာပါပြီ။  မြန်မာတစ်နိုင်ငံလုံးက ခြင်းဝါသနာရှင်တွေ ပါဝင်ခတ်ကစားပူဇော်သွားကြမှာပါ။ နယ်အသင်း  အဖွဲ့နဲ့ မြို့တော်အသင်းအဖွဲ့ အုပ်စုနှစ်စုခွဲပြီး မဲပေါက်တဲ့အသင်းတွေက ခတ်ကစားပူဇော်ခွင့် ရမှာပါ။ အစဉ်အလာအရ ကဆုန်လပြည့်ကျော်  ၁  ရက်မှ ဝါဆိုလပြည့်ကျော် ၁ ရက်အထိ  နှစ်လတိတိ ကျင်းပခဲ့သော်လည်း ကိုဗစ်ရောဂါကြောင့် နှစ်နှစ် ခတ်ကစားပူဇော်ခွင့် ရပ်နား ထားခဲ့ရပါတယ်။ ဒီနှစ်မှာ ပြန်လည်ခတ်ကစားတဲ့အခါ အများပြည်သူဝါသနာရှင်များ ပါဝင် နိုင်ဖို့ နှစ်လအစား ၁၆ ရက်ပဲ ကျင်းပရတဲ့အတွက် မဲစနစ်နဲ့ စီစဉ်ဆောင်ရွက်ပြီး မဲပေါက်သူ တွေသာ ခတ်ကစားပူဇော်ခွင့်ပြုဖို့ ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်နဲ့ စီစဉ်ဆောင်ရွက် ခြင်း ဖြစ်ပါတယ်။ အင်းဝမြေဝိုင်းသဘင်ကိုလည်း ထည့်သွင်းသွားမှာပါ။ ဝါဆိုခြင်းလုံးအလှခတ် ပွဲတော်ကြီးဟာ ကမ္ဘာ့နိုင်ငံတွေအထိ ထင်ပေါ်ကျော်ကြားခဲ့ပါတယ်။  စေတနာကုသိုလ်ရှင်တွေ အနေနဲ့ ပွဲတော်မှာ ပါဝင်ထည့်ဝင်လှူဒါန်းနိုင်ဖို့လည်း ဖိတ်ခေါ်ပါတယ်’’ဟု မဟာမုနိဘုရားကြီး  ဝါဆိုခြင်းဆပ်ကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်က ပြောသည်။

 


ဝါဆိုခြင်းလုံးအလှခတ်ပွဲတော်ကို  ဇူလိုင်  ၁၃  ရက်အထိ  ၁၆  ရက်တိုင်တိုင်  နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ တစ်ရက်လျှင် ခြင်းအသင်း ၂၀ ခတ်ကစားပြသွားမည်ဖြစ်ကြောင်း၊  အင်းဝ မြန်မာအက သင်တန်းကျောင်းမှ မြေဝိုင်းအကဖြင့်လည်း စနေ၊ တနင်္ဂနွေနေ့များတွင် နံနက် ၁၁ နာရီတွင် တစ်ကြိမ်၊ ညနေ ၃ နာရီတွင်တစ်ကြိမ် ထည့်သွင်း ကပြဖျော်ဖြေသွားမည် ဖြစ်ကြောင်းနှင့် ပါဝင်ကုသိုလ်ယူ လှူဒါန်းလိုပါက ၀၉-၄၄၄၀၄၄၄၇၅ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

 


ပုံမှန်ကာလအခြေအနေတွင် ဝါဆိုခြင်းလုံးအလှခတ်ပွဲတော်၌ ခြင်းအသင်းပေါင်း ၁၀၀၀   ကျော်ဖြင့်  ကဆုန်လပြည့်ကျော်(၁)ရက်မှ  ဝါဆိုလပြည့်ကျော်(၁)ရက်အထိ  နှစ်လတိတိ ရက်ပေါင်း ၆၀ နှစ်စဉ်ကျင်းပခြင်းဖြစ်ပြီး ပြည်ပနိုင်ငံများမှ ခြင်းလုံး ဝါသနာရှင်များလည်း နှစ်စဉ်လာရောက်ခတ်ကစားခြင်းများရှိကာ   ခြင်းခတ်ပညာရှင်များကလည်း   ပြည်ပသို့ သွားရောက်၍   နိုင်ငံခြားသားများကို  ခြင်းခတ်ပညာ   သင်ကြားပေးခဲ့ခြင်းများလည်း ရှိခဲ့ကြောင်း သိရသည်။                                                                      

မောင်အေးချမ်း