
ဆောင်းပါး
=======
၂၀၂၀ ရွေးကောက်ပွဲရက်များနှင့် နိုင်ငံပိုင်သတင်းစာ
=============================
ခင်ရတနာ
(ယမန်နေ့မှအဆက်)
တစ်နိုင်ငံလုံးစိတ်ဝင်စားသည့်နေ့ရက်
နိုဝင်ဘာ ၈ရက်။ ထိုနေ့သည် တစ်နိုင်ငံ လုံး စိတ်လှုပ်ရှားရသည့် နေရက်ဖြစ်သကဲ့သို့ မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ သတင်းပြန်ကြားရေး လုပ်ငန်းများ ဆောင်ရွက်နေကြသူများလည်း အလားတူ စိတ်လှုပ်ရှားရသည့် နေ့ရက်ဖြစ်သည်။ ရွေးကောက်ပွဲနှင့်ပတ်သက်၍ သတင်းရယူ ရန် ဌာနအကြီးအကဲများ၏ အမှာအကြား များ၊ မြန်မာ့သတင်းစဉ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းအဖွဲ့ များနှင့် အနယ်နယ်အရပ်ရပ်ရှိ သတင်းထောက် များထံမှ ပေးပို့လာသည့် သတင်းများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာသည့် သတင်းအချက် အလက်များကို စိစစ်ကာ စာမျက်နှာများတွင် ထည့်သွင်းဖော်ပြကြရန် မိမိတို့ ပြင်ဆင် ကြရသည်။
မိခင်ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူ အဆင့်ဆင့်က မှာကြားသည့် အမှားအယွင်း ကင်းစင်ရေး၊ အချိန်နှင့်တစ်ပြေးညီ သတင်း များ ဖော်ပြနိုင်ရေးနှင့် သတင်းအချက် အလက်များကို အများပြည်သူတို့ အလွယ် တကူရရှိနိုင်ရေးတို့ကို ဦးတည်လျက် နိုင်ငံပိုင် သတင်းစာတိုက်များ၏ သတင်းခန်း များတွင် ပုံမှန်နေ့ရက်များနှင့်မတူဘဲ အထူး တာဝန်တစ်ရပ်အဖြစ် ဖွဲ့စည်းဆောင်ရွက်ခဲ့ ကြရသည်။
ရွေးကောက်ပွဲမတိုင်မီ လများကပင် ကြိုတင်ပြင်ဆင်ထားခဲ့သလို ရွေးကောက်ပွဲ ရလဒ်များအား စာရင်းဇယားများဖြင့် တင်ဆက်ရန်၊ သို့မဟုတ် ပိုမိုရှင်းလင်း လွယ်ကူစွာ သိရှိနိုင်အောင် အခြေပြဇယား (ဂရပ်ဖ်ပုံ)များဖြင့် မြင်သာအောင် ပြသရန် အတွက် ရွေးကောက်ပွဲ အထူးစာမျက်နှာများ ကို ဖန်တီးရန် သီးသန့်တာဝန်ပေးထားသူများ၊ ရွေးချယ်ခံရသည့် ကိုယ်စားလှယ်လောင်းများ စာရင်းကို အဆင့်ဆင့်စစ်ဆေးပေးနေသည့် တာဝန်ရှိသူများ၊ စာတည်းများ၊ စာပြင်များ၊ စာမျက်နှာဖွဲ့စည်းသူများ အားလုံးက ဆန္ဒမဲ ပေးသည့်နေ့ရက်မှ လွှတ်တော်အသီးသီး အတွက် ကိုယ်စားလှယ်များအားလုံး အတည်ပြု ထွက်ပေါ်လာသည်အထိ အထူးဂရုပြု ဆောင်ရွက်ခဲ့ကြခြင်းဖြင့် ပြည်သူများ၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းပေးခဲ့ကြ သည်။
နိုင်ငံပိုင်သတင်းစာများကပြောသော
သမိုင်းမှတ်တမ်း
ဆန္ဒမဲပေးပြီး နောက်တစ်နေ့ (နိုဝင်ဘာ ၉ ရက်ထုတ်) နိုင်ငံပိုင်သတင်းစာများတွင် ကိုဗစ်-၁၉ ရောဂါအတွက် ထုတ်ပြန်ထား သည့် လမ်းညွှန်ချက်များနှင့်အညီ ဆန္ဒမဲ လာရောက်ပေးသူများ၏ ရင်တွင်းစကားသံ များ၊ ဆန္ဒမဲပေးမှုမြင်ကွင်းများကို ထည့်သွင်း ဖော်ပြနိုင်ခဲ့ပြီး သမိုင်းတွင်မည့် နိုင်ငံတော်၏အထူးနေ့ရက်ပုံရိပ်များအဖြစ် မှတ်တမ်း တင်နိုင်ခဲ့ပါသည်။ ထိုသို့ဖော်ပြရာတွင် နိုင်ငံတော် အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင် များ၏ ကြိုတင်ဆန္ဒမဲပေးသည့် သတင်းများ ကို ဖော်ပြပေးသကဲ့သို့ ဝေးလံခေါင်ဖျား ဒေသများတွင် ဆန္ဒမဲပေးနေသည့် သတင်း ဓာတ်ပုံများ၊ သက်ကြီးဘိုးဘွားများ ကြိုတင် ဆန္ဒမဲပေးနေသည့် သတင်းဓာတ်ပုံများ၊ မသန်စွမ်းသူများနှင့် အမြင်အာရုံမသန်စွမ်း သူများ အထူးစနစ်ဖြင့် ဆန္ဒမဲပေးသည့် သတင်းများ၊ မဲရေတွက်နေမှု မြင်ကွင်းများ အပြင် နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၏ မှတ်တမ်းများ စသည်ဖြင့် ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍစုံ၊ လူတန်းစားအလွှာပေါင်းစုံ၊ နေရာစုံတို့မှ သတင်းနှင့် သတင်းမြင်ကွင်းများကို အများ ပြည်သူတို့ တွေ့မြင်ဖတ်ရှုနိုင်ရန်အတွက် ရွေးချယ်တည်းဖြတ် ဖော်ပြခဲ့ရသည်မှာ လည်း ငါးနှစ်တွင် တစ်ကြိမ်သာ ကြုံရသည့် အမှတ်တရ အတွေ့အကြုံများဖြစ်ပါ သည်။
အများပြည်သူတို့ ဆန္ဒမဲပေးကြသည့် နေ့ရက်တွင် အနယ်နယ်အရပ်ရပ်မှ ပေးပို့ လာသည့် သတင်းထောက်များ၏ ရွေးကောက်ပွဲမြင်ကွင်း သတင်းများကို ရွေးချယ်၍ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တစ်နိုင်ငံလုံးမှ ရွေးကောက်ပွဲ သတင်းပုဒ်ရေ ၃၀ ကျော်၊ သတင်းဓာတ်ပုံမြင်ကွင်း စာမျက်နှာ ငါးမျက်နှာခန့်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အသိပေးချက် များ စသည်တို့ကို ဖော်ပြပေးခဲ့ပါသည်။ ယင်းနေ့ နိုဝင်ဘာ ၉ ရက်ထုတ် သတင်း စာမျက်နှာ အများအပြားကို ရွေးကောက်ပွဲ နှင့် သက်ဆိုင်သည့် သတင်းများ ဖော်ပြပေး နိုင်ခဲ့သည့် အခြေအနေပင်ဖြစ်ပါသည်။
မိမိတို့ သတင်းစာများသည် အများ ပြည်သူ သိသင့်သိထိုက်သည့် သတင်းများကို ဖော်ပြရာတွင် စာဖတ်သူများက မိမိတို့ သတင်းစာကို သတင်းများဖတ်ရှုရန်သာမက မှတ်တမ်းများအဖြစ် သိမ်းဆည်းရန်၊ အချက် အလက်များ ကိုးကားရန်အတွက်လည်း အသုံးပြုကြသည်ဖြစ်ရာ မှန်ကန်တိကျခိုင်မာ သည့် သတင်းများဖြစ်လာစေရန် သက်ဆိုင်ရာ တို့မှ အတည်ပြုချက်များကို ရရှိပြီးမှ ဖော်ပြ ခြင်းဖြစ်ပါသည်။
ရွေးကောက်ပွဲကာလ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သတင်းများဖော်ပြရာတွင် ဆန္ဒမဲပေးမှုမြင်ကွင်း၊ မဲရုံမြင်ကွင်းနှင့် မဲရေတွက်မှုမြင်ကွင်းများကို ဦးစားပေး ဖော်ပြခဲ့ပြီး ဆန္ဒမဲရလဒ်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် အခါမှသာ အမှားအယွင်းကင်းအောင် ဂရုစိုက် စိစစ်ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။
နိုဝင်ဘာ ၁၀ ရက်နေ့ထုတ်မှ စတင်၍ ရွေးကောက်ပွဲကော်မရှင်က နေ့စဉ်ထုတ်ပြန် သည့် လွှတ်တော်အသီးသီးအတွက် ကိုယ်စား လှယ်အမည်စာရင်းများကို နိုင်ငံပိုင်သတင်း စာများတွင် ဖော်ပြခဲ့ပြီး မဲဆန္ဒနယ်အလိုက် ကိုယ်စားလှယ်များ၏ အမည်၊ မှတ်ပုံတင် အမှတ်၊ ကိုယ်စားပြုပါတီတို့ကို ဇယားများဖြင့် ရှင်းလင်းစွာဖော်ပြပေးခဲ့ပါသည်။
ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ သတင်းစာရှင်းလင်းပွဲများ၊ ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများနှင့် သီးခြားတွေ့ဆုံမေးမြန်းမှုများ၊ ရွေးကောက် ပွဲ လေ့လာစောင့်ကြည့်ခဲ့ကြရသည့် ပြည်တွင်း ပြည်ပ စောင့်ကြည့်လေ့လာသူများ၏ သတင်း ထုတ်ပြန်ချက်များ၊ နိုင်ငံတကာမှ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပ နိုင်ခဲ့ခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်စွာ သတင်းစကား ပြောကြားမှုများကိုလည်း နောက်ဆက်တွဲ သတင်းများအဖြစ် ပြည့်ပြည့် စုံစုံ ဖော်ပြနိုင်ခဲ့ပါသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးမှာ ယခုအခါ အောင်အောင်မြင်မြင်ဖြင့် ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါသည်။ ပြည်သူများက ဆန္ဒမဲတစ်ပြားစီ ဖြင့် ထုတ်ဖော်ရွေးချယ်ခဲ့ကြသည့် လွှတ်တော် အသီးသီးမှ ပြည်သူ့ကိုယ်စားလှယ်များလည်း ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါသည်။ မိမိတို့ သတင်းစာများသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် တာဝန် ကျေပွန်ခဲ့ပါပြီ။
နောင်ကာလတွင်လည်း နိုင်ငံ၏ ပြုပြင် ပြောင်းလဲမှု၊ အစိုးရဌာနအသီးသီးတို့၏ ဆောင်ရွက်မှု၊ ပြည်သူတို့၏ လူမှု၊ စီးပွားဘဝ ဖြတ်သန်းမှု စသည့်အမျိုးမျိုးသော သတင်း အချက်အလက်များကို ပေးအပ်ရန်အတွက် စာဖတ်ပရိသတ်ပြည်သူများ အားပေးလက်ခံ သည့်နေ့ရက်များအထိ ဆက်လက်ရပ်တည် နိုင်မည်ဟု မျှော်လင့်မိပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
- Log in to post comments