
(၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဂုဏ်ပြုဆောင်းပါး
မောင်သင်းပျံ့
(ယမန်နေ့မှအဆက်)
ဘိန်း၊ မူးယစ်ဆေးဝါး၊ ဆက်စပ်ပစ္စည်းများနှင့်
တရားခံများ ဖမ်းဆီးရရှိမှု
တရားမဝင် မူးယစ်ဆေးဝါးများ ထုတ်လုပ်ရာတွင် အဓိကကျသောပစ္စည်း များနှင့် ဆက်စပ်ပစ္စည်းများမှာ မြန်မာ နိုင်ငံတွင် ထုတ်လုပ်နိုင်ခြင်းမရှိသဖြင့် အိမ်နီးချင်းနိုင်ငံများမှ နည်းမျိုးစုံဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လျက် ရှိသည်။ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့က အဓိက တာဝန်ယူဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်အတွင်း အမှုပေါင်း ၆၉၉၀၊ တရားခံ ပေါင်း ၁၀၀၆၃ ဦးတို့ကို ဘိန်းမှု ၁၆၀ (၂၆၃၂ ကီလိုကျော်)၊ ဘိန်းဖြူ ၁၃၀၁ မှု (၂၅၂၆ ဒသမ ၁၀ ကီလိုကျော်)၊ စိတ်ကြွ ဆေးပြား ၄၆၈၉ မှု (၁၉၈ သန်းကျော်)၊ အိုက်စ် ၁၂၆ မှု (၁၄ တန်ခန့်)၊ ဆေးခြောက် ၃၃၃ မှု (ကီလို ၅၀၀ ကျော်)၊ ဘိန်းဆီခဲ ၂၉ မှု (၁၂၉ ကီလိုကျော်)၊ ဘိန်းစာမှုန့် ၈၀ မှု (တစ်တန်ကျော်)၊ အက်တက်စီ ဆေးပြား ခြောက်မှု (၁၄၆၄၁၄ ပြား)၊ ထရာမဒေါလ်ဆေးတောင့် သုံးမှု (၆၀၅၅ တောင့်)၊ ကက်တမင်း ရှစ်မှု (၇၆၂ ကီလို ကျော်)၊ ကဖင်း နှစ်မှု (ကိုးတန်ကျော်)၊ ဆာလဖျူရစ်အက်ဆစ် နှစ်မှု (လီတာ ၁၈၃၄၀)၊ အက်ဆီတုန်း လီတာ ၃၀၀၀၊ တော်လူအင်း ငါးမှု (လီတာ ၅၀၄၀၀)၊ ဆိုဒီယမ်ဆိုင်ရာနိုက် ငါးမှု (၄၈ တန် ကျော်) နှင့် အခြားဓာတုပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများ၊ လက်နက်ခဲယမ်း များနှင့်အတူ အိမ်စီးယာဉ် ၄၅၃ စီး၊ ကုန်တင်ယာဉ် ၁၀၇ စီး၊ ခရီးသည်တင် ယာဉ် ၁၈ စီး၊ အငှားယာဉ် ၂၂ စီး၊ စက်လှေ အစင်း ၂၀၊ သစ်သားလှေ နှစ်စင်း၊ ကရိန်း ယာဉ် တစ်စီး၊ ကွန်တိန်နာ နှစ်စီး၊ ထော်လာဂျီ(အီတန်) နှစ်စီး၊ လူနာတင် ယာဉ် တစ်စီး၊ ဆီဘောက်ဆာယာဉ် သုံးစီး၊ ဘက်ထရီစက်ဘီး တစ်စီးတို့ကို သိမ်းဆည်းရရှိခဲ့ပြီး ပြစ်မှုကျူးလွန်သူ နိုင်ငံခြားသားများနှင့် အလွှာအသီးသီးမှ တရားခံများကို ဖမ်းဆီးခဲ့သည်။
ဘိန်းဖြူသယ်ဆောင်ရောင်းဝယ်မှု
ဘိန်းဖြူအများဆုံးထွက်ရှိရာ ရှမ်း ပြည်နယ်မှ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ကို ဖြတ်သန်း ၍ ကချင်ပြည်နယ်သို့ လည်းကောင်း၊ အိန္ဒိယနိုင်ငံနယ်စပ်သို့ လည်းကောင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ထိုင်းနိုင်ငံ နယ်စပ်နှင့် လာအိုနိုင်ငံနယ်စပ်သို့ လည်း ကောင်း၊ ကရင်ပြည်နယ်မှ ထိုင်းနိုင်ငံ နယ်စပ်သို့ လည်းကောင်း လျှို့ဝှက် သယ်ဆောင်၍ ရောင်းဝယ်လေ့ရှိသည်။
စိတ်ကြွရူးသွပ်ဆေးပြား သယ်ဆောင်ရောင်းဝယ်မှု
၂၀၂၁ ခုနှစ်တွင် စိတ်ကြွရူးသွပ် ဆေးပြားများကို မြန်မာနိုင်ငံ၌ ရှမ်း ပြည်နယ်မှ အများဆုံးထုတ်လုပ်လျက် ရှိပြီး နည်းလမ်းပုံစံမျိုးစုံဖြင့် ပြည်တွင်း ပြည်ပနိုင်ငံများသို့ သယ်ဆောင်လျက် ရှိသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီ လိတ်မြို့နယ်နှင့် မိုင်းဆတ်မြို့နယ်တို့မှ တစ်ဆင့် ထိုင်းနိုင်ငံနယ်စပ်သို့ သယ် ဆောင်သည့်အပြင် ပြည်တွင်းကို ဖြတ်သန်း၍ ကရင်ပြည်နယ်မှတစ်ဆင့် ထိုင်းနိုင်ငံနယ်စပ်သို့ လမ်းကြောင်း ပြောင်းလဲ သယ်ဆောင်လေ့ရှိသည်။ ထို့အပြင် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြားများကို မကွေးတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးမှ တစ်ဆင့် ရခိုင်ပြည်နယ်သို့ လည်းကောင်း၊ ထိုမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ် သို့လည်းကောင်း သယ်ဆောင်ရောင်းဝယ် ခဲ့ကြသည်။
အိုက်စ် သယ်ဆောင်ရာ
လမ်းကြောင်းနှင့် အများဆုံးဖမ်းဆီးရရှိသောဒေသများ
၂၀၂၁ ခုနှစ်တွင် ရှမ်းပြည်နယ်မှ ထွက်ရှိသော အိုက်စ်များကို ရှမ်းပြည်နယ် အရှေ့ပိုင်းမှတစ်ဆင့် ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံနယ်စပ်များသို့ လည်း ကောင်း၊ ပြည်တွင်းကို ဖြတ်သန်း၍ မွန် ပြည်နယ်နှင့် ကရင်ပြည်နယ်မှတစ်ဆင့် ထိုင်းနိုင်ငံနယ်စပ်သို့ လည်းကောင်း၊ ပင်လယ်ရေကြောင်းဖြင့် မလေးရှားနိုင်ငံ ရေပိုင်နက်သို့လည်းကောင်း တရားမဝင် သယ်ဆောင်လျက်ရှိသည်။
ထိုနှစ်အတွင်း နိုင်ငံတစ်ဝန်း ဖမ်းဆီး ရရှိမှု၏ ၅၃ ဒသမ ၇၄ ရာခိုင်နှုန်းကို ရှမ်းပြည်နယ်တွင် လည်းကောင်း၊ ၂၅ ဒသမ ၉၁ ရာခိုင်နှုန်းကို မွန်ပြည်နယ် တွင်လည်းကောင်း၊ ၁၀ ဒသမ ၉ ရာခိုင် နှုန်းကို တနင်္သာရီတိုင်းဒေသကြီးတွင်လည်းကောင်း၊ ၉ ဒသမ ၃ ရာခိုင်နှုန်းကို မန္တလေးတိုင်းဒေသကြီးတွင် လည်း ကောင်း၊ ၀ ဒသမ ၁၁ ရာခိုင်နှုန်းကို ရန်ကုန်တိုင်းဒေသကြီးတွင် လည်း ကောင်း ဖမ်းမိခဲ့သည်။
အက်ဖီဒရင်း
ယခင်က စိတ်ကြွဆေးပြားများ ထုတ်လုပ်ရာတွင် အဓိကပါဝင်သော ဓာတုပစ္စည်းဖြစ်သည့် အက်ဖီဒရင်းနှင့် ဆူဒိုအက်ဖီဒရင်းများကို ၂၀၂၀ ပြည့်နှစ် တွင် ဆူဒိုအက်ဖီဒရင်းဆေးပြား ၁၅ သိန်း၊ ဆူဒိုအက်ဖီဒရင်းအမှုန့်အမှု နှစ်မှု (၂ ဒသမ ၇ ကီလို) ဖမ်းဆီးရမိပြီး ၂၀၂၁ ခုနှစ်တွင် ဖမ်းဆီးရရှိမှုမရှိသောကြောင့် မူးယစ် ဆေးဝါးထုတ်လုပ်သူတို့သည် အက်ဖီ ဒရင်းများအစား အခြားဓာတုပစ္စည်းများ ကိုပြောင်းလဲအစားထိုး၍ မူးယစ်ဆေးဝါး များ ထုတ်လုပ်လာကြောင်း ဖမ်းဆီး ရမိမှုဖြစ်စဉ်များက ပြသလျက်ရှိ သည်။
ကဖင်းဖမ်းဆီးရရှိမှု
၂၀၂၀ ပြည့်နှစ်တွင် ကဖင်း ၁၁ တန် ကျော် ဖမ်းဆီးရမိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ကဖင်း ၉ တန်ကျော် ဖမ်းဆီးရမိခဲ့ပါ သည်။ ကဖင်းအများစုမှာ မြန်မာ-လာအို နယ်စပ် မဲခေါင်မြစ်ကြောင်းမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာခြင်းဖြစ် ကြောင်း ဖမ်းဆီးရမိမှုဖြစ်စဉ်များအရ သိရှိရပါသည်။
ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရရှိမှု
မူးယစ်ဆေးဝါးများ ထုတ်လုပ်ရာ တွင် မရှိမဖြစ်လိုအပ်သော ဓာတ်ပြု ပစ္စည်းများဖြစ်သည့် ဓာတုပစ္စည်းများကို မြန်မာနိုင်ငံတွင် ယခင်က ၂၈ မျိုးကို ထိန်းချုပ်ထားခဲ့သော်လည်း မူးယစ် ဆေးဝါး တရားမဝင်ထုတ်လုပ်သူများ သည် အဆိုပါထိန်းချုပ်ဓာတုပစ္စည်းများ အစား ထိန်းချုပ်ထားခြင်းမရှိသေးသော ဓာတုပစ္စည်းများကို တရားမဝင် သယ် ဆောင်ကာ ပြုပြင်ပြောင်းလဲထုတ်လုပ် နေကြောင်း ဖမ်းဆီးရရှိမှုဖြစ်စဉ်များအရ သိရသောကြောင့် (၆၃) ကြိမ်မြောက် ကုလသမဂ္ဂ မူးယစ်ဆေးဝါးကော်မရှင် အစည်းအဝေး (CND)မှ ထိန်းချုပ်သည့် ဓာတုပစ္စည်းများနှင့် မြန်မာနိုင်ငံ၏ လိုအပ်ချက်အရ ဓာတုပစ္စည်း စုစုပေါင်း ၁၁ မျိုးကို ၂၀၂၁ ခုနှစ် မေလ ၂၆ ရက်မှ စ၍ ထပ်မံထိန်းချုပ်ခဲ့ရာ စုစုပေါင်း ဓာတု ပစ္စည်း ၃၉ မျိုးကို ထိန်းချုပ်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်တွင် ထိန်းချုပ်ဓာတုပစ္စည်း ၃၂ မှု (စုစုပေါင်း တန်ဖိုးငွေကျပ် ၉၈၈၈ သန်းကျော်)ဖမ်းဆီးနိုင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ၅၇ မှု (စုစုပေါင်း တန်ဖိုး ငွေကျပ် ၆၅၃၈ သန်းကျော်) ဖမ်းဆီး နိုင်ခဲ့ပါသည်။
ထိန်းချုပ်ဓာတုပစ္စည်းကို ဘက် ပေါင်းစုံမှ ထိန်းချုပ်ကန့်သတ်ထားသော ကြောင့် မူးယစ်ဆေးဝါးထုတ်လုပ်သူ တို့သည် ဆိုဒီယမ်ဆိုင်ရာနိုက်များကို မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါး များထုတ်လုပ်ရာတွင် P2P နည်းလမ်း ဖြင့် ထုတ်လုပ်လာသည်။ ဆိုဒီယမ် ဆိုင်ရာနိုက်များကို မြန်မာနိုင်ငံအတွင်း သို့ တရားမဝင် တင်သွင်းလျက်ရှိရာ ၂၀၁၈ ခုနှစ်တွင် ၂၃ တန်ကျော်၊ ၂၀၁၉ ခုနှစ်တွင် လေးတန်ကျော်၊ ၂၀၂၀ ပြည့် နှစ်တွင် ၁၀၇ တန်ကျော်၊ ၂၀၂၁ ခုနှစ်တွင် ၄၈ တန်ကျော် ဖမ်းဆီးရမိခဲ့ပါသည်။
နယ်စပ်ဆက်ဆံရေးရုံးများဖွင့်လှစ်၍ တရားခံများကို လွှဲပြောင်း
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နယ်စပ် ဒေသ နှစ်နိုင်ငံအချင်းချင်း သတင်းဖလှယ် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် နယ်စပ် ဆက်ဆံရေးရုံးများကို တရုတ်နယ်စပ် လွယ်ဂျယ်၊ မူဆယ်၊ လောက်ကိုင်မြို့နှင့် မြစ်ကြီးနားမြို့တို့တွင် လေးရုံး၊ လာအို နယ်စပ်တွင် ဝမ်ပုံနှင့် ဝမ်ကျင်း နှစ်ရုံး၊ ထိုင်းနယ်စပ်ဖြစ်သော တာချီလိတ်၊ မြဝတီ နှင့် ကော့သောင်းတို့တွင် သုံးရုံး၊ အိန္ဒိယ နယ်စပ်တွင် ပန်ဆောင်၊ တမူးနှင့် ရိဒ်ခေါ ဒါရ်တို့တွင် သုံးရုံး၊ ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောတွင် တစ်ရုံးဖြင့် စုစုပေါင်း ၁၃ ရုံးကို ဖွင့်လှစ်ဆောင်ရွက်လျက် ရှိသည်။
နယ်စပ်ဆက်ဆံရေးရုံး ဖွင့်လှစ်၍ သတင်းဖလှယ် ပူးပေါင်းဆောင်ရွက်မှု များ ပြုလုပ်နိုင်ခဲ့ခြင်းကြောင့် နယ်စပ် ဒေသများအတွင်း ပြစ်မှုအမျိုးမျိုးဖြင့် တိမ်းရှောင်နေသော တရားခံများကို ဖော်ထုတ်ဖမ်းဆီးပြီး နိုင်ငံချင်း လွှဲပြောင်း ပေးနိုင်ခဲ့သည်။ ၁၉၉၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ သို့ လွှဲပြောင်းပေးမှု ၁၆ ကြိမ် (တရားခံ ၂၀)၊ ၂၀၀၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ အီတလီနိုင်ငံသို့ လွှဲပြောင်းပေးမှု တစ်ကြိမ် (တရားခံ တစ်ဦး)၊ ဂျပန်နိုင်ငံ သို့ လွှဲပြောင်းပေးမှု တစ်ကြိမ် (တရားခံ တစ်ဦး) ၂၀၀၅ ခုနှစ်မှ၂၀၁၃ ခုနှစ်အထိ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ လွှဲပြောင်း ပေးမှု သုံးကြိမ်(တရားခံ သုံးဦး)၊ ၂၀၁၈ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာ နိုင်ငံသို့ လွှဲပြောင်းပေးမှု တစ်ကြိမ် (တရားခံ တစ်ဦး)၊ ၂၀၀၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးမှု ၂၉ ကြိမ် (တရားခံ ၇၃ဦး)၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ၂၀၀၄ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ လွှဲပြောင်းပေးမှု ၁၈ ကြိမ် (တရားခံ ၁၇ ဦး) ဖြစ်သည်။
ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှု
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများထိရောက်စွာ အကောင် အထည်ဖော်ဆောင်ရွက်ရာ၌ ပြည်သူ လူထုပူးပေါင်းပါဝင်သော မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးစီမံချက်များ ရေးဆွဲ ၍ အကောင်အထည်ဖော်ဆောင်ရွက် မှုဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၌ ထိရောက်စွာဆောင်ရွက် နိုင်ခဲ့သည်။
သုံးနိုင်ငံ အထူးစစ်ဆင်ရေးများ
ရွှေတြိဂံဒေသအတွင်းသို့ မူးယစ် ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ မဝင်ရောက်စေရေးနှင့် ဒေသအတွင်းမှ မူးယစ်ဆေးဝါးများ ဒေသအပြင်သို့ မရောက်ရှိစေရေး၊ လာအို-မြန်မာ-ထိုင်း သုံးနိုင်ငံအကြား တစ်ချိန်တည်းတစ်ပြိုင်တည်း မိမိနိုင်ငံ အလိုက် ပူးပေါင်းဆောင်ရွက်သည့် ဘေးကင်းလုံခြုံသော မဲခေါင်စစ်ဆင်ရေး စီမံချက်တွင် မြန်မာနိုင်ငံ တာချီလိတ် ခရိုင်နှင့် မိုင်းဆတ်ခရိုင်တို့ ပါဝင်ရာ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်မှ ဧပြီလ ၃၀ ရက်နေ့အထိ ရှမ်းပြည်နယ်အတွင်း ရှမ်းရိုးမ (၄) အထူး စစ်ဆင်ရေးဖြင့် သုံးနိုင်ငံစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ရာ အမှုပေါင်း ၃၁၉ မှု၊ (တရားခံပေါင်း ၄၁၅ ဦး)တို့အား ဒေသ တန်ဖိုးငွေကျပ် ၄၀ ဒသမ ၉၅ ဘီလီယံ ကျော် တန်ဖိုးရှိသော မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံး ပြုသည့်ဓာတုပစ္စည်းများ၊ ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ခေတ်မီရှာဖွေရေးကိရိယာများ တပ်ဆင်အသုံးပြုခြင်း
မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင် ရောင်းဝယ်မှုသည် မြန်မာနိုင်ငံအတွင်းသို့ ဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက် မှု၊ တရားဝင်တင်သွင်းသော ဓာတု ပစ္စည်းများ လမ်းလွဲရောက်ရှိမှု၊ ဓာတု ဗေဒကျွမ်းကျင်သူများ တရားမဝင် ဝင်ရောက်မှုများနှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဝယ်လိုအားမြင့်တက်မှု၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွားရေး အရပ်ရပ် ရပ်ဆိုင်းမှုများကြောင့် ကျဆင်း သွားသော စီးပွားရေးလုပ်ငန်းများအစား မူးယစ်ဆေးဝါးများ နိုင်ငံဖြတ်ကျော် သယ်ဆောင်ရောင်းဝယ်သည့် ဂိုဏ်းအဖွဲ့ များ၏ချိတ်ဆက်မှု မြင့်တက်လာ ကြောင်း တွေ့ရှိရပါသည်။
ထိုသို့သော စိန်ခေါ်မှုများကို ကျော် လွှားနိုင်ရန်နှင့် မူးယစ်ဆေးဝါးထုတ်လုပ် သယ်ဆောင် ရောင်းဝယ်သူများ၏ ပြောင်းလဲတိုးတက်လာသော နည်းလမ်း နှင့် အမူအကျင့်များကို လိုက်လျော ညီထွေဆောင်ရွက်နိုင်ရန် နိုင်ငံတော်၏ ရန်ပုံငွေဖြင့် X-Ray Station များ Mobile X-Ray ယာဉ်များ ဝယ်ယူတပ်ဆင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းမှ
သယ်ဆောင်လာသော မူးယစ်ဆေးဝါး များကို ရှာဖွေရန် ခေတ်မီရှာဖွေရေးကိရိယာ X-Ray Station ကို မန္တလေးတိုင်းဒေသ ကြီး သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာ တွင် ၃၁-၇-၂၀၁၉ ရက်မှစ၍ လည်း ကောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ သယ်ဆောင်လာသော မူးယစ်ဆေးဝါး များကို တားဆီးစစ်ဆေးနိုင်ရန် မန္တလေး တိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာတွင် ၃-၂-၂၀၂၂ ရက်နေ့မှ စတင်၍ လည်းကောင်း တပ်ဆင်၍ ရှာဖွေစစ်ဆေးလျက်ရှိပါသည်။
ရန်ကုန် - မြဝတီလမ်းမှတစ်ဆင့် မူးယစ်ဆေးဝါးများကို ပင်လယ် ရေကြောင်းအသုံးပြု ပြည်ပသို့ သယ် ဆောင်ခြင်း၊ မြန်မာ-ထိုင်းနယ်စပ်မှ တစ်ဆင့် ပြည်ပသို့ သယ်ဆောင်ခြင်း တို့ကို တားဆီးနိုင်ရန် ပဲခူးတိုင်းဒေသ ကြီး ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာ အနီးတွင် X-Ray Station၊ ညောင်ခါးရှည် ကို မကြာမီ ဖွင့်လှစ်နိုင်တော့မည် ဖြစ်ပြီး ပြောင်းလဲလာသော မူးယစ် ဆေးဝါးသယ်ဆောင်ရာ လမ်းကြောင်း များတွင် Mobile X-Ray ရှာဖွေရေး ယာဉ်များဖြင့် စစ်ဆေးဆောင်ရွက်သွား မည် ဖြစ်ပါသည်။
ထို့အပြင် ရှာဖွေစစ်ဆေးရေးစခန်း များအား ရှောင်ကွင်း၍ မူးယစ်ဆေးဝါး သယ်ဆောင်ခြင်းကို ရှာဖွေဖမ်းဆီးနိုင် ရန် နိုင်ငံတော်ဘတ်ဂျက်ငွေ၊ နိုင်ငံတကာ အကူအညီ အထောက်အပံ့များဖြင့် ဝယ်ယူထားသည့် Mini Z Portable X-Ray Scanner လက်ကိုင် X-Ray စက်များ၊ ဓာတုပစ္စည်းများကို လွယ်ကူ စွာ အမျိုးအစား ခွဲခြားစစ်ဆေးနိုင်သည့် ကိရိယာ (Rigaku Chemical Scanner)၊ မူးယစ်ဆေးဝါးအမျိုးအစား စမ်းသပ် သည့်ကိရိယာ (Drug Test Kits) များ အသုံးပြု၍ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးလုပ်ငန်းများနှင့် ဓာတုပစ္စည်း ထိန်းချုပ်ရေးလုပ်ငန်းများကို အကောင် အထည်ဖော်လျက် ရှိပါသည်။
ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီး
၂၀၂၁ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်ခဲ့သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် နိုင်ငံအတွင်း တစ်နှစ်တာ ဖမ်းဆီးရမိ သော မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း များ မီးရှို့ဖျက်ဆီးခြင်းကို ဆောင်ရွက် ခဲ့ရာ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ကုန်တင်ယာဉ်ရပ်နားကွင်း၌ ငွေကျပ် ၃၂၀ ဒသမ ၁၆၂၃ ဘီလီယံ (အမေရိကန် ဒေါ်လာသန်း ၂၀၀ ကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါး ၂၂ မျိုးနှင့် ဓာတုပစ္စည်း သုံးမျိုး၊ မန္တလေးမြို့ အောင်မြေသာဇံ မြို့နယ် ဥပုသ်တော်ရပ်ကွက်ရှိ ရွှေမန်း တောင်အားကစားကွင်း၌ ငွေကျပ် ၁၈၆ ဒသမ ၀၃၇၇ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၁၆ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါး ၂၆ မျိုး၊ ဓာတုပစ္စည်း ၁၀ မျိုး၊ တောင်ကြီးမြို့ အဝေရာမီးပုံးပျံ ကွင်း၌ ငွေကျပ် ၅၆၂ ဒသမ ၄၆၀၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၅၁ ဒသမ ၅၃၇၈ သန်းကျော်) တန်ဖိုးရှိ မူးယစ် ဆေးဝါး ၁၃ မျိုးနှင့် ဓာတုပစ္စည်း ၂၂ မျိုး တို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။
ထိုနေ့တွင် ဘိန်း ၃ ဒသမ ၈ တန် ကျော်၊ ဘိန်းဖြူ ၂ ဒသမ ၅ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၄ သန်းကျော်၊ အိုက်စ် ၁၄ တန်ကျော်၊ ဆေးခြောက် ၇၃၉ ကီလိုကျော်၊ ဘိန်းစာမှုန့် နှစ်တန် ကျော်၊ ကက်တမင်း ၂၈၉ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတု ပစ္စည်း စုစုပေါင်း ၆၂ မျိုး၊ ငွေကျပ် ၁၀၆၈ ဒသမ ၆၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၆၇ ဒသမ ၉၁၂၉ သန်းကျော်)ကို မီးရှို့ ဖျက်ဆီးနိုင်ခဲ့သည်။
ထိန်းချုပ်ဓာတုပစ္စည်းများ
ကြီးကြပ်ဆောင်ရွက်ခြင်း
၂၀၀၄ ခုနှစ် ဇူလိုင် ၁ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာနက အမိန့် ကြော်ငြာစာအမှတ် (၃/၂၀၀၄) ဖြင့် ထိန်းချုပ်ဓာတုပစ္စည်း ကြီးကြပ်ရေး ဆိုင်ရာနည်းဥပဒေကို အခန်း (၁၄) ခန်း ဖြင့် ထုတ်ပြန်ခဲ့ပြီး နည်းဥပဒေပါ အတိုင်း လိုက်နာဆောင်ရွက်လျက်ရှိသည်။ တရားမဝင်မူးယစ်ဆေးဝါးများ ထုတ်လုပ် သည့်အနေအထားသို့ မရောက်စေရေး အတွက် တားဆီးနှိမ်နင်းရေးလုပ်ငန်း များ ဆောင်ရွက်မှုအပြင် မြန်မာနိုင်ငံ အတွင်းသို့ တရားဝင်လမ်းကြောင်းများမှ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရန် လျှောက်ထားသော ဓာတုပစ္စည်းများ အား လမ်းလွှဲမရောက်ရှိစေရေးအတွက် ထိန်းချုပ်ဓာတုပစ္စည်းများ ကြီးကြပ်ရေး အဖွဲ့နှင့် တိုင်းဒေသကြီး/ပြည်နယ် ထိန်းချုပ်ဓာတုပစ္စည်း စစ်ဆေးရေးအဖွဲ့ တို့က ထိန်းသိမ်းကြပ်မတ်ကွပ်ကဲ ဆောင်ရွက်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ အမိန့်ကြော်ငြာစာအမှတ် (၃၁၄/၂၀၂၁) ဖြင့် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ကို ပြင်ဆင် ဖွဲ့စည်းခဲ့ပြီး ဗဟိုအဖွဲ့၏ ကွပ်ကဲမှုဖြင့် ပြည်ထဲရေးဝန်ကြီးဌာနသည် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၂) ကို ထုတ်ပြန်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်း အဖွဲ့ ၁၁ ဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းပေးကာ လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးခဲ့သည်။
ဗဟိုအဖွဲ့မှဖွဲ့စည်းပေးသော လုပ်ငန်း အဖွဲ့ ၁၁ ဖွဲ့တွင် ပါဝင်သည့် ထိန်းချုပ် ဓာတုပစ္စည်းများ ကြီးကြပ်ရေးအဖွဲ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၂)က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး သက်ဆိုင်ရာ ဌာနများ၏ ကိုယ်စားလှယ် ၁၂ ဦးက အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။
ထိန်းချုပ်ဓာတုပစ္စည်းများ ပြည်နယ် နှင့်တိုင်းဒေသကြီး တစ်ခုမှတစ်ခုသို့ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ လက်ဝယ်ထားရှိအသုံးပြုခြင်း၊ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချခြင်းတို့ကို တရားမဝင်လမ်းကြောင်းသို့ လမ်းလွှဲ ရောက်ရှိခြင်းမဖြစ်စေရန် ထိန်းချုပ် ဓာတုပစ္စည်းကြီးကြပ်ရေးဆိုင်ရာ နည်း ဥပဒေအရ ၂၀၀၉ ခုနှစ် ဇူလိုင် ၁၀ ရက် တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ထိန်းချုပ်ဓာတုပစ္စည်း စစ်ဆေးရေးအဖွဲ့ များကိုဖွဲ့စည်းပြီး ထိန်းချုပ်ဓာတုပစ္စည်း များ နောက်ဆုံးထုတ်ကုန် (End Pro-duct) အထိ အမှန်တကယ် ရောက်ရှိစေ ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက် လျက်ရှိသည်။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments