စိုက်ခင်းအတွက် ကုန်ကျစရိတ်ချွေတာ သဘာဝမြေဩဇာ

 

သဘာဝမြေဩဇာဆိုတာ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းရဲ့    ဘေးထွက်ပစ္စည်းတွေ ဖြစ်တဲ့ အပင်အစိတ်အပိုင်းများ၊ အရွက် များ၊ သီးနှံအပုပ်များ၊   တိရစ္ဆာန်အညစ် အကြေးများကို  အသုံးပြုပြီး   သဘာဝ နည်းလမ်းများအတိုင်း ထုတ်လုပ်ထားတဲ့ မြေဩဇာများကို ဆိုလိုခြင်းဖြစ်ပါတယ်။

 


သဘာဝမြေဩဇာထုတ်လုပ်ရေးဟာ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် အမှန် တကယ်အကျိုးပြုပြီး မြေဆီလွှာပျက်စီး ခြင်းကနေ   ကာကွယ်ထိန်းသိမ်းရာမှာ လည်း   အကျိုးပြုကြောင်း   သဘာဝ မြေဩဇာထုတ်လုပ်ရေးအဖွဲ့ရဲ့ စည်းမျဉ်း ဥပဒေသမှာ ဖော်ပြထားပါတယ်။ သဘာဝ မြေသြဇာပြုလုပ်နည်း အမျိုးမျိုးရှိရာမှာ အခုမျှဝေပေးသွားမယ့် သဘာဝမြေသြဇာ ပြုလုပ်နည်းကတော့    ‌ထွေထွေထူးထူး ကုန်ကျစရိတ်တွေလည်း   မလိုတဲ့နည်း တစ်ခု ဖြစ်ပါတယ်။

 


ပထမဆုံးအနေနဲ့   စွန့်ပစ်သီးနှံတွေ လိုအပ်ပါတယ်။ အဲဒီစွန့်ပစ်သီးနှံတွေကို တစ်နေရာမှာ စုပုံထားပြီး ဆွေးမြည့်စေရ ပါမယ်။  စိုက်ခင်း/စိုက်ခြံ   တည်နေရာ အနေအထားအရ   ပုပ်ဆွေးမှု    အချိန် ကြာမြင့်ချိန် ကွာခြားနိုင်ပါတယ်။ သဘာဝ မြေသြဇာလုပ်ဖို့အတွက် ပုပ်ဆွေးနေတဲ့ မြေဩဇာတွေကို တစ်ကျင်း၊ မပုပ်ဆွေး သေးတဲ့  မြေဩဇာတွေက   တစ်ကျင်း စုစုပေါင်း  ကျင်းနှစ်ကျင်း  ထားရှိရပါမယ်။ ပုပ်ဆွေးပြီးသား  မြေဆွေးတွေနဲ့   မပုပ် ဆွေးသေးတဲ့ စွန့်ပစ်အမှိုက်တွေကို နုပ်နုပ် စဉ်း ရောသမမွှေလိုက်ပြီး တစ်နှစ်သိုလှောင် ထားမယ်ဆိုရင်တော့    အလွန်ကောင်းမွန် တဲ့ သဘာဝမြေဩဇာကို  ရရှိမှာ  ဖြစ်ပါ တယ်။


သဘာဝမြေဩဇာပြုလုပ် သုံးစွဲတော့ မယ်ဆိုရင်  မ‌ဖြစ်မနေ  သိထားရမှာက


(၁)    မိမိသုံးစွဲမယ့်    ကုန်ကြမ်းတွေရဲ့ ကာဗွန်နဲ့ နိုက်ထရိုဂျင် (C:N)  အချိုး (သဘာဝမြေဩဇာမှာ ကာဗွန်နှင့် နိုက်ထရိုဂျင်   မျှခြေကိုက်မှသာ ဆွေးမြည့်မှုဖြစ်စဉ်ကို    မြန်ဆန်စေ မှာပါ။)


(၂)    မြေဆွေးပုံရဲ့  အရွယ်အစား။
(၃)    အဏုဇီဝများ   ပိုမိုပွားများနိုင်စေဖို့     မြေဆွေးပုံရဲ့   လေဝင်လေထွက် အခြေအနေ။
(၄)    မြေဆွေးပုံအတွက် လိုအပ်တဲ့ စိုထိုင်း ဆနဲ့ အပူချိန်စတာတွေက  အဓိက ဖြစ်ပါတယ်။

 


ကာဗွန်နိုက်ထရိုဂျင်အချိုးကို ၂၅:၁ အကြားမှာ ရှိစေရမှာ ဖြစ်ပါတယ်။   ရာသီ ဥတုအပူရှိန်ကတော့   ၁၃၁    ဒီဂရီဖာရင်ဟိုက် ကနေ ၁၇၀ ဒီဂရီဖာရင်ဟိုက်ခန့်မှာ ရှိရပါ မယ်။ မြေဆွေးပုံပြီး  သုံးရက်အကြာမှာ အိုး/စည်ပိုင်း စတဲ့ရေလေ လုံတဲ့နေရာတွေမှာ   ညသိပ်ထားရပါမယ်။ ဒါမှမဟုတ် ၁၃၁ ဒီဂရီ ဖာရင်ဟိုက်‌ကနေ  ၁၇၀  ဒီဂရီဖာရင်ဟိုက် ရှိတဲ့နေရာမှာ ၁၅  ရက်အကြာ ထားရှိပြီး  အပေါ်အောက် ဘယ်ညာငါးကြိမ် လှန်လှော ပေးရပါမယ်။   ထိုသို့   ပြုလုပ်ထားတဲ့    သဘာဝမြေဩဇာတွေဟာ ရက်ပေါင်း ၁၂၀ ကြာတဲ့အခါ  လုံလောက်တဲ့   ‌မြေဩဇာ အစွမ်းသတ္တိကို   ရရှိလာစေမှာ    ဖြစ်ပါ တယ်။

 


တိရစ္ဆာန်အညစ်အကြေးများနဲ့ ရောစပ် ထုတ်လုပ်တဲ့ သဘာဝမြေဩဇာတွေဟာ လည်း  အစွမ်းထက်ကြောင်း   သဘာဝ မြေဩဇာထုတ်လုပ်ရေးအဖွဲ့ရဲ့ လမ်းညွှန် ချက်အရ သိရပါတယ်။ မြေကြီးအတွက် လိုအပ်တဲ့    အငန်ဓာတ်နဲ့    အာဟာရ အချိုးအစားသင့်တင့်စွာပါဝင်တဲ့အတွက် ကောက်ပဲသီးနှံကြီးထွားမှုကို အထောက် အကူပြုတာ  ဖြစ်ပါတယ်။   သတ္တုဓာတ် ပါဝင်မှု များနေရင် အဲဒီသဘာဝမြေဩဇာရဲ့ အစွမ်းသတ္တိ ကျဆင်းနိုင်ပြီး အမယ်များကို ပုပ်ဆွေးစေလို့ မြေဩဇာဖြစ်စေခြင်းထက် အတားအဆီး  ဖြစ်စေတတ်တာကိုတော့ သတိပြုရပါမယ်။

 


သဘာဝမြေဩဇာပြုလုပ်ရာမှာ မိမိ အိမ်၊ ခြံအတွင်းက မြက်၊ ပေါင်းပင်၊ သီးနှံ အပုပ်များ၊ တိရစ္ဆာန်အညစ်အကြေးများ၊ စိမ်းစိုသောအရွက်များနဲ့   ပြုလုပ်နိုင်ပါ တယ်။  သတိပြုရန်မှာ   စိမ်းစိုနေသော အရွက်များကို အသုံးပြုမယ်ဆိုရင် မ‌‌ခြောက် မီအချိန်မှာ  အသုံးပြုရမှာ  ဖြစ်ပါတယ်။ အခုလိုမျိုး စွန့်ပစ်ပစ္စည်းတွေကနေသာ သဘာဝမြေဩဇာများကို ပြုလုပ်အသုံးပြု နိုင်လာမယ်ဆိုရင် တောင်သူဦးကြီးတို့ အနေနဲ့ သွင်းအားစုစရိတ်   ကုန်ကျခြင်း ကနေ ကင်းဝေးသက်သာလာမှာဖြစ်ပြီး စိုက်ပျိုးထားသမျှ သီးနှံပင်တွေဟာလည်း ပိုမိုဖွံ့ထွားသန်စွမ်းလာကြမှာ   အမှန်ပဲ ဖြစ်ပါတော့တယ်။


နန်းထက်ထက်ချစ်