
၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၄ နာရီတွင် ပညာရေးဝန်ကြီးဌာန မြန်မာ နိုင်ငံစာစစ်ဦးစီးဌာနမှ Online ဖြင့် ထုတ်ပြန်ခဲ့ပြီး နံနက် ၆နာရီ၌ သက်ဆိုင် ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ စာစစ်ဌာနအသီးသီးတွင် ကျောင်းသား ကျောင်းသူများကြည့်ရှုနိုင်ရန် ထုတ်ပြန်ခဲ့သည်။
၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွင် ရန်ကုန်တိုင်းဒေသကြီး အနေဖြင့် မြို့နယ်ပေါင်း ၄၄ မြို့နယ်မှ ကျောင်းသား ကျောင်းသူ ၃၃၄၄၇ ဦး ဖြေဆိုခဲ့ရာ ၁၅၄၀၉ ဦး အောင်မြင်သဖြင့် ၄၆ ဒသမ ၀၇ ရာခိုင်နှုန်း အောင်မြင်ခဲ့ သည်။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင် သော ကျောင်းသား ကျောင်းသူတို့အတွက် ဆရာ ဆရာမများနှင့် ကျောင်းသား မိဘ တို့၏ ဝမ်းသာပီတိဂုဏ်ပြုစကားသံတို့ကို ဖော်ပြလိုက်ပါသည်။
ဦးကျော်မိုးထွန်း (ရန်ကုန်တိုင်းဒေသကြီး၊ ပညာရေးမှူး)
ရန်ကုန်တိုင်းဒေသကြီး အနေနဲ့ ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ၄၆ ဒသမ ၀၇ ရာခိုင်နှုန်း အောင်မြင်ခဲ့ ပါတယ်။ ဒီနေ့အောင်စာရင်းထွက်တာ ကြောင့် သက်ဆိုင်ရာမြို့နယ် ၄၄ မြို့နယ်က စာစစ်ဌာနတွေမှာ ထုတ်ပြန်ထားတဲ့ အောင်စာရင်းတွေကို ကျောင်းသား ကျောင်းသူတွေနဲ့ မိဘဆွေမျိုးတွေ နံနက် ကတည်းက ကြည့်ရှုကြပါတယ်။ မင်္ဂလာ တောင်ညွန့်၊ တာမွေ၊ ဗဟန်း၊ ရန်ကင်း အပါအဝင် စာစစ်ဌာနအလိုက် အောင် စာရင်း ထုတ်ပြန်တဲ့ ကျောင်းတွေကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါတယ်။ အောင်မြင်သွားတဲ့ ကျောင်းသား ကျောင်းသူတွေအတွက် ရင်ထဲကြည်နူး ပီတိဖြစ်ရပါတယ်။ မအောင်မြင်သေးတဲ့ ကျောင်းသား ကျောင်းသူတွေကိုလည်း အားမလျှော့ဘဲ ထပ်မံဖြေဆိုသွားကြဖို့ တိုက်တွန်းလိုပါတယ်။
ဒေါက်တာသွယ်သွယ်ဦး
(TTC ကျောင်းအုပ်ဆရာမကြီး၊
ကမာရွတ်မြို့နယ်)
ကမာရွတ်မြို့နယ် လေ့ကျင့်ရေး အထက်တန်းကျောင်း စာစစ်ဌာနမှာ တစ်မြို့နယ်လုံးမှာရှိတဲ့ အထက်တန်း ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း၊ ပြင်ပဖြေ ကျောင်းသား ကျောင်းသူအားလုံး ၆၈၀ ဖြေဆိုခဲ့ပါတယ်။ ကျွန်မတို့ကျောင်း အနေနဲ့ ၂၁၅ ဦး စာရင်းသွင်းခဲ့ပြီးတော့ ၂၀၈ ဦး ဖြေဆိုတဲ့အခါမှာ ၁၆၈ ဦး အောင်မြင်ခဲ့တာကြောင့် သူတို့လေးတွေနဲ့ ကျောင်းသားမိဘတွေအတွက် အထူးပဲ ဂုဏ်ယူပါတယ်။ (၆)ဘာသာ ငါးဦး၊ (၅)ဘာသာ ၁၀ ဦး၊ (၄)ဘာသာ ၁၆ ဦး၊ (၃)ဘာသာ ၂၄ ဦး၊ (၂)ဘာသာ ၂၄ ဦး၊ (၁) ဘာသာ ၄၁ ဦးနဲ့ ဂုဏ်ထူးမပါဘဲ အောင်မြင်သူ ၄၈ ဦး စုစုပေါင်း ၁၆၈ ဦး အောင်မြင်ခဲ့တာပါ။ (၆)ဘာသာဂုဏ်ထူး ရှင် ငါး ဦးထဲက တစ်ယောက်ကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဒုတိယရရှိ ပြီးတော့ ရန်ကုန်တိုင်းဒေသကြီးမှာ ပထမရခဲ့ပါတယ်။
ပုံမှန်ဆိုရင် ကျောင်းသား ၇၀၀ နီးပါး ဖြေဆိုလေ့ရှိပြီးတော့ မနှစ်က ကျောင်း သားဦးရေ ၂၀၀ ကျော်ဘဲ စာမေးပွဲဖြေဆို ခဲ့တာကြောင့် ပညာကို အမှန်တကယ် လိုလားတဲ့ ကျောင်းသားတွေဖြစ်တဲ့ အတွက် ၁၆၈ ဦး အောင်မြင်မှုရရှိတာပါ။ ဆရာ ဆရာမတွေအနေနဲ့ ကျောင်းသား အားလုံးကို အောင်စေချင်ပါတယ်။ စာမေးပွဲကြီးမှာ အတွေ့အကြုံရအောင် ကျောင်းမှာအမှတ် ၁၀၀ ဖိုး (၃) ကြိမ် စာမွေးပွဲဖြေဆိုခဲ့ပါတယ်။ နောက်ဆုံး အကြိမ်ဖြေဆိုပြီး အောင်မှတ်ကို ထုတ်ပြန် ပြီးတဲ့အခါမှာ ဘာသာရပ်လိုက် ဆရာ ဆရာမတွေက သူတို့ရဲ့ လိုအပ်ချက်တွေကို ထောက်ပြပြီး စာကျက်အားနဲ့သင်ကြား မှုကို မြှင့်တင်ပေးခဲ့ပါတယ်။ မျှော်မှန်းထား တာက တစ်နိုင်ငံလုံးမှာ ပထမရမယ်လို့ မှန်းထားတာပါ။ ဒါပေမယ့် ပျော်ပါတယ်။ ကလေးတွေကြိုးစားခဲ့မှုအပေါ် ဆရာမ ကြီး အနေနဲ့ အလေးအနက်အသိအမှတ်ပြု ပါတယ်။ စာသင်ချိန်နည်းနည်းမှာ အခုလို အောင်မြင်မှုရခဲ့တာကြောင့် ကျန်ခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေအနေနဲ့ စံနမူနာယူပြီး နှစ်စကစပြီး ဆရာ ဆရာမ တွေက အင်တိုက်အားတိုက် သင်ကြားပေး နေပါတယ်။ ကျွန်မအနေနဲ့ ကျောင်းမှာ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ သုံးရပ်ပြည့်ဝ အောင် ကြီးကြပ်ဆောင်ရွက်နေပါတယ်။
ဦးကျော်သိန်းထွန်း
(မြို့နယ်ပညာရေးမှူး၊ လှိုင်သာယာ)
၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မှာ မြို့နယ်အနေနဲ့ စာစစ်ဌာန လေးခုမှာ ကျောင်းသား ကျောင်းသူ ၁၄၆၆ ဦး ဖြေဆို ခဲ့ပြီးတော့ ၅၉၃ ဦး အောင်မြင်ပါတယ်။ မြို့နယ်အနေနဲ့ အောင်ချက်ရာခိုင်နှုန်း ၄၀ ဒသမ ၄၅ ရာခိုင်နှုန်းရှိပါတယ်။ အခုလို အောင်မြင်မှုအပေါ် ကလေးတွေ အတွက် ဝမ်းသာရပါတယ်။ ကြိုးစားမှုသာ အဓိကဖြစ်တာကြောင့် ကျန်ခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေလည်း ဆက်လက်ပြီး ဇွဲမလျှော့ဘဲ ကြိုးစားပေးကြဖို့တိုက်တွန်းလိုပါတယ်။
ဒေါ်မျိုးမမ
(ကျောင်းသားမိဘ၊
မင်္ဂလာတောင်ညွန့်မြို့နယ်)
ဘယ်လိုပြောရမှန်း မသိအောင် ဝမ်းသာပါတယ်။ စာမေးပွဲဖြေဆိုဖို့ ကျောင်းသားနဲ့ မိဘတွေ အခက်အခဲ တွေကြားက ကြိုးစားခဲ့ရတာပါ။ နှစ်ချင်း ပေါက်အောင်မြင်အောင် ကြိုးစားပေးတဲ့ သမီးလေးကို ကျေးဇူးတင်သလို အချိန်တို အတွင်း ဖြေဆိုနိုင်အောင် လေ့ကျင့် သင်ကြားပေးခဲ့တဲ့ ကျောင်းက ဆရာ ဆရာမတွေကိုလည်း ဒီနေရာကနေ ဂါရဝပြုပါတယ်။ နက်နက်ရှိုင်းရှိုင်းလည်း ကျေးဇူးတင်ပါတယ်။ စာမေးပွဲကြီး မဖြစ်ဖြစ်အောင် စီမံဆောင်ရွက်ပေးခဲ့တဲ့ နိုင်ငံတော် အကြီးအကဲတွေကိုလည်း ကျောင်းသား မိဘများရဲ့ ကိုယ်စား ကျေးဇူးအထူးတင်ပါတယ်လို့ ပြောလိုပါတယ်။
၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွင် ပြည်ပနိုင်ငံခြား စာစစ်ဌာန အပါအဝင် တိုင်းဒေသကြီး ရှစ်ခုနှင့် ပြည်နယ် ခုနစ်ခု တို့မှ ကျောင်းသား ကျောင်းသူ ၂၈၁၇၅၁ဦး ဖြေဆိုခဲ့ပြီး ၁၃၂၀၇၇ ဦး အောင်မြင်သော ကြောင့် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲသည် ၄၆ ဒသမ ၈၈ ရာခိုင်နှုန်း အောင်မြင်ခဲ့သည်။ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် နိုင်ငံခြားစာစစ်ဌာနတွင် ဖြေဆိုသော ကျောင်းသား ကျောင်းသူ ၃၅ ဦးတွင် ၃၂ ဦးအောင်မြင်ခဲ့ရာ ရာခိုင်နှုန်းအားဖြင့် ၉၁ ဒသမ ၄၃ ရာခိုင်နှုန်း အောင်မြင်မှုသည် ဂုဏ်ယူ ဝမ်းမြောက်ဖွယ်ပင်ဖြစ်သည်။ ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ နိုင်ငံခြားစာစစ် ဌာန အောင်ချက်အကောင်းဆုံးဖြစ်၍ ဒုတိယမှာ ၅၇ ဒသမ ၂၁ ရာခိုင်နှုန်းဖြင့် မွန်ပြည်နယ် တတိယမှာ ၅၂ ဒသမ ၁၆ ရာခိုင်နှုန်းဖြင့် ဧရာဝတီတိုင်းဒေသကြီးတို့ ဖြစ်သည်။
ဓာတ်ပုံ - ကနူး
ညိမ်းသူ(သတင်းစဉ်)