
နေပြည်တော် ဇွန် ၁၇
၂၀၂၂ ခုနှစ် မတ် ၃၁ ရက်မှ ဧပြီ ၉ ရက်အထိ တက္ကသိုလ်ဝင် စာမေးပွဲကို ကျင်းပခဲ့ရာ ယနေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများ၌ လည်းကောင်း၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန Website ၌ လည်းကောင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာသည်။
အလားတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စာစစ်ဌာန ဖွင့်လှစ်သော ကျောင်းများ၌ နံနက်ပိုင်းမှ စတင်၍ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ကြေညာပေးခဲ့ရာ ကျောင်းသား ကျောင်းသူများ စိတ်အားထက်သန်စွာဖြင့် လာရောက်ကြည့်ရှုကြပြီး (အပေါ်ပုံ) တာဝန်ကျ ဆရာ ဆရာမများအနေဖြင့်လည်း ကိုဗစ် - ၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စနစ်တကျ ကြည့်ရှုနိုင်ကြစေရန် ကြီးကြပ် ဆောင်ရွက်ပေးသည်။
အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်း အုပ်ဆရာကြီး ဦးဝင်းခိုင်က “ကျွန်တော်တို့ ကျောင်းအနေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ၈၇ဦးရှိပြီး ၄၁ ယောက် အောင်မြင် တဲ့အတွက် အောင်ချက်ရာခိုင်နှုန်း အားဖြင့် ၄၇ ဒသမ ၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဂုဏ်ထူးရရှိမှုအနေနဲ့ ခြောက်ဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ ငါးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ လေးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် နှစ်ဦးနဲ့ တစ်ဘာသာဂုဏ်ထူးရှင် ငါးဦး ဖြစ် ပါတယ်။ ကျွန်တော်တို့ကျောင်း အောင်ချက်ကို ကျေနပ်အားရမှု ရှိပါတယ်။ စာစစ်ဌာနကျောင်း တွေမှာတော့ မနက် ၆ နာရီဆို အောင်စာရင်းတွေ ထုတ်ပြန်ပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှာ တော့ မနက် လေးနာရီကစပြီး Website မှာ ကြေညာပေးထားရ မယ်လို့ ညွှန်ကြားထားပါတယ်။ ဒါကြောင့် ဌာနရဲ့ လမ်းညွှန်ချက် အတိုင်း ဆောင်ရွက်ပါတယ်။ ကျွန်တော့်အနေနဲ့ ဖြေဆိုသူတွေ အားလုံးကိုတော့ အောင်စေချင် တယ်။ ဖြေဆိုသူ ကလေးငယ်တွေ ရော သင်ကြားပေးတဲ့ ဆရာ ဆရာမ တွေ၊ အုပ်ထိန်းသူ မိဘတွေ သုံးဦးသုံးဖလှယ် ဟန်ချက်ညီမှ စာမေးပွဲအောင်မြင်စွာ ဖြေဆိုနိုင် မှာဖြစ်ပါတယ်။ ယခင်နှစ်နဲ့ ယှဉ်ရင် အခုနှစ် ကျွန်တော်တို့ ကျောင်းအောင်ချက်က အများ ကြီး တိုးတက်လာပါတယ်” ဟု ပြောသည်။
အောင်စာရင်းများထုတ်ပြန်
ထို့ပြင် ယနေ့ နံနက် ၄ နာရီ အချိန်တွင်လည်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန Website ဖြစ် သော www.myanmarexam.org တွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများ ထုတ် ပြန်ပေးခဲ့ရာ ဝင်ရောက်ကြည့်ရှု သူများပြားခဲ့ကြောင်း သိရသည်။
တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက် ဖြေဆိုအောင်မြင်ခဲ့သူ မောင်သက်ပိုင်လင်းက “ ဒီနေ့ တက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့အတွက် ဝမ်းသာပျော်ရွှင်ရပါ တယ်။ မျှော်မှန်းထားသလို ဖြစ်လာတဲ့အတွက်လည်း ကျေနပ် မိတယ်။ ထွက်ပေါ်လာမယ့် အမှတ် အပေါ်မူတည်ပြီး ဘယ် ကျောင်းတွေ ဆက်တက်ရမယ် ဆိုတာ ရွေးချယ်ဆုံးဖြတ်ရမှာပါ။ စာမေးပွဲ အောင်မြင်အောင် သင်ကြားပြသပေးတဲ့ ဆရာ ဆရာမတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့် လို စာမေးပွဲအောင်မြင်တဲ့ သူငယ်ချင်းတွေ အတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိပါတယ်” ဟုပြောသည်။
တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက် ဖြေဆိုအောင်မြင်ခဲ့သူ တစ်ဦးကလည်း “ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမယ်လို့ စသိ ကတည်းက ဖြေချင်နေခဲ့တာပါ။ ကျောင်းက သင်ပေးတဲ့စာတွေကို တစ်နေ့စာ တစ်နေ့အပြီး လုပ်ပါ တယ်။ နားမလည်တဲ့ စာတွေကို လည်း ဆရာ ဆရာမတွေကို သေချာမေးမြန်းပြီး ကြိုးစား သင်ယူခဲ့ပါတယ်။ ဒါကြောင့် အခု အောင်စာရင်းထွက်တော့ လည်း အောင်မြင်မယ်လို့ မျှော်လင့်ခဲ့ တဲ့အတိုင်း ဖြစ်လာခဲ့ပါတယ်။ အခုလို အောင်မြင်အောင် ဝိုင်းဝန်း ပံ့ပိုးပေးခဲ့ကြတဲ့ မိဘနှစ်ပါးနဲ့ ဆရာ ဆရာမတွေကို ကျေးဇူးတင် ရှိပါတယ်။ အမှတ်စာရင်းထွက် လာမှ ဘယ်ပညာရပ်တွေကို ဆက်လက် သင်ယူရမယ်ဆိုတာ ဆုံးဖြတ်ရမှာဖြစ်ပါတယ်” ဟု ပြောသည်။
ဝေးလံဒေသ ရေဒီယိုမှ
ကြေညာ
တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို Website မှ အသိပေး ထုတ်ပြန်ကြေညာသည့် အပြင် ဝေးလံသော ဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက် အဆက်အသွယ် ကောင်းစွာ မရ ရှိသော စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံ ရေဒီယို အစီအစဉ်မှလည်း ကြေညာပေးခဲ့ပြီး အောင်စာရင်း နှင့်ပတ်သက်၍ မရှင်းလင်းသည် များရှိလာပါက မြန်မာနိုင်ငံစာစစ် ဦးစီဌာနသို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်းလည်း သိရှိရသည်။
၂၀၂၂ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် နေပြည်တော် ကောင်စီနယ်မြေအတွင်း ဖြေဆို သူ ၁၆၁၀၉ ဦးရှိပြီး အောင်မြင်သူ ၇၆၀၀ ရှိကာ အောင်မြင်မှု ရာခိုင်နှုန်းအနေဖြင့် ၄၇ ဒသမ ၁၈ ရာခိုင်နှုန်းရှိကြောင်း၊ ဥတ္တရသီရိ မြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် တပ်ကုန်း မြို့နယ်တို့တွင် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ ၁၄၃၇ ဦး၊ ရိုးရိုးအောင်မြင်သူ ၂၀၁၇ ဦး စုစုပေါင်း ဦးရေ ၃၄၅၄ ဦး၊ အောင်ချက်ရာခိုင်နှုန်း ၄၆ ဒသမ ၀၁ ရာခိုင်နှုန်းနှင့် ဒက္ခိဏသီရိ မြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေး မြို့နယ်တို့တွင် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ ၁၇၁၃ ဦး၊ ရိုးရိုးအောင်မြင်သူ ၂၄၃၃ ဦး စုစုပေါင်း ၄၁၄၆ ဦး၊ အောင်ချက် ရာခိုင်နှုန်း ၄၈ ဒသမ ၂၀ ရာခိုင်နှုန်း ရှိကြောင်း သိရှိရသည်။
သတင်း - အောင်သန့်
ဓာတ်ပုံ - ကိုကိုကျော်