
ဝ ထ က လ သ (န တ လ)
“မောင်တို့၊ မယ်တို့...။ မိမိပညာရပ်တွေကို မိမိ သေချာ လေ့လာဆည်းပူးသင်ကြားကြပါ။ ပညာ မပြည့်စုံ၊ ဗဟုသုတမရှိရင် ကိုယ့်ရဲ့အတတ်ပညာက ဘယ်သူ့ကိုမှ ကောင်းကျိုးမပြုဘဲ မင်းတို့တွေဟာ “မယ်သုည၊ မောင်သုည” တွေ ဖြစ်လာလိမ့်မယ်။
မယ်သုည၊ မောင်သုညတွေ တိုင်းပြည်တာဝန် ထမ်းရင်တော့ ငါတို့တိုင်းပြည် ခါးကျိုးလိမ့်မယ်...။”
ဤစကားရပ်သည် ၁၉၈၀ ကျော်ကာလ ပုသိမ် တက္ကသိုလ်တွင် ပါမောက္ခဌာနမှူး (ပထဝီဝင်) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဆရာမကြီး ဒေါ်စိန်စိန်က Lecture ပို့ချရင်း ကျောင်းသား ကျောင်းသူများအား ပြောကြားခဲ့သော ဆုံးမစကား ပင်ဖြစ်ပါသည်။
ပညာရေးဟူသည်
ပညာရေးသည် ကျယ်ဝန်းသောအဓိပ္ပာယ် များစွာကို ဆောင်ပါသည်။ ပညာရေးဆိုသည်မှာ တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံရေးအတွက် အကောင်းဆုံးကြားခံပစ္စည်း ဖြစ်ပါသည်။ ပညာ သည် လူတစ်ဦးတွင် တိမ်မြုပ်နေသည့် အစွမ်းအစ များကို ဖော်ထုတ်နိုင်စွမ်းရှိ၏။ အစွမ်းအစကို ပညာ ဖြင့် ဆင်ခြင်လုပ်ဆောင်တတ်သူတိုင်းအတွက် အနာဂတ်များမှာ ပိုမိုတောက်ပနေမည်သာဖြစ်ပါ သည်။ ဘဝကိုမြှင့်တင်ပေးနိုင်သည့်အရာမှာ ပညာ ဆိုတာ သံသယရှိစရာမလိုပေ။
ပညာတတ်သူသည် အမှား အမှန်ကို ခွဲခြား သိမြင်နိုင်စွမ်းရှိသည်။ သူတို့သည် အရာရာကို ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်သာ မိမိဘဝကို ဦးဆောင် ကြသည်။ ပညာတတ်သူသည် တရားဥပဒေကို လေးစားလိုက်နာ တန်ဖိုးထားတတ်သည်။ လူ့အခွင့် အရေးကိုလေးစားပြီး ကိုယ့်တာဝန်ကို ကျေပွန် အောင် ထမ်းဆောင်တတ်သည်။ နိုင်ငံသူ နိုင်ငံသား တစ်ယောက် လိုက်နာရမည်ဟု သတ်မှတ်ထားချက် များကို မဖောက်မဖျက်ဘဲ လိုက်နာတတ်ကြသည်။ ဤအရည်အချင်းများကပင် “နိုင်ငံသားကောင်း” ဆိုသည့် ဂုဏ်ပုဒ်ဖြစ်သောကြောင့် အသိပညာ၊ အတတ်ပညာရပ်များကို ငယ်ရွယ်စဉ်အခါကပင် လေ့ကျင့်သင်ကြားပေးနိုင်ရန် အရေးကြီးလှပါသည်။
ထို့ကြောင့် မျိုးဆက်သစ်များစွာတို့အား မိမိ ကိုယ်မိမိ တန်ဖိုးထားတတ်စေရန်လည်းကောင်း၊ ကျွမ်းကျင်မှုဆိုင်ရာ အတတ်ပညာအရပ်ရပ်တို့ကို အသုံးပြုကာ နိုင်ငံတော်နှင့် နိုင်ငံသားတို့အား အကျိုးပြုစေခြင်းအလို့ငှာလည်းကောင်း၊ လှပသော နှလုံးသားအစုံနှင့်အတူ လူသားဆန်မှု၊ လူပီသမှု များနှင့် မိမိတို့၏အဝန်းအဝိုင်းမှသည် မိမိ တိုင်းပြည်အား ချစ်မြတ်နိုးတတ်စေရန်လည်းကောင်း အသိပညာ၊ အတတ်ပညာများကို ကောင်းစွာ လေ့ကျင့်သင်ကြားပေးရန် အထူးလိုအပ်လှပါသည်။
လူ့စွမ်းအားအရင်းအမြစ်များ ဖော်ဆောင်ပေး
“နယ်စပ်ရေးရာဝန်ကြီးဌာန”၏ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် တိုင်းဒေသကြီး နှစ်ခု၊ ပြည်နယ် ခုနစ်ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသ ခြောက်ခုတို့တွင် တိုင်းရင်းသားလူမျိုးများ၏ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အခြေခံလုပ်ငန်းများအား ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထို့အတူ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန သည်လည်း တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ ဗဟို လေ့ကျင့်ရေးကျောင်း၊ လူငယ်သင်တန်းကျောင်း များ၊ အိမ်တွင်းမှုသင်တန်းကျောင်းများနှင့် စက်မှု လက်မှုသင်တန်းကျောင်းများ ဖွင့်လှစ်ထားပြီး နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်များ ဖော်ထုတ်ရေးနှင့် စွမ်းရည်ကောင်းများရရှိစေရေးအတွက် ပညာရပ်များကို ဖြန့်ဝေပံ့ပိုး ဖြည့်ဆည်း မွေးထုတ်ပေးလျက်ရှိပါသည်။
နိုင်ငံတော်အနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ် ရေး တည်ဆောက်ရာတွင် အထောက်အကူပြုနိုင်ရန် အတွက် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံ (Academy for the Development of The National Group) ကို ၁၉၆၄ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့တွင် စစ်ကိုင်းမြို့၌စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၆၈ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့တွင် လက်ရှိရွာသစ်ကြီးသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။
နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသ ရှိ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်စေရေး ပိုမိုတိုးမြှင့်ဆောင်ရွက် ပေးနိုင်ရန်ရည်ရွယ်၍ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံကို ၁၉၉၁ ခုနှစ် မေလ ၁၀ ရက်နေ့တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုး များဖွံ့ဖြိုးရေးတက္ကသိုလ် (University for the Development of the National Races of the Union) အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခဲ့ရာ ယခုနှစ်ဆိုလျှင် ၁၇ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပေသည်။
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး ရေးတက္ကသိုလ်သည် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စည်းလုံးညီညွတ်မှုတိုးတက်ခိုင်မာ ရေးအတွက် အရည်အသွေးမြင့်မားသည့် ပညာရေး ဝန်ထမ်းကောင်းများဖြစ်ထွန်းအောင် အထူး လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပြီး မူလတန်းဆရာ အတတ်သင်တန်း၊ အထူးမူလတန်းဆရာအတတ် သင်တန်း၊ အလယ်တန်းဆရာအတတ်သင်တန်း၊ ဆရာအတတ်ပညာဒီပလိုမာသင်တန်း၊ ပညာရေး ဘွဲ့ပေါင်းကူးသင်တန်း၊ ပညာရေးဘွဲ့သင်တန်း၊ မဟာပညာရေးဘွဲ့ အရည်အချင်းစစ်သင်တန်း၊ မဟာဒဿန (ပညာရေး) ဘွဲ့ သင်တန်းနှင့် မဟာ ပညာရေးဘွဲ့သင်တန်းစသည့် ပညာရေးသင်တန်း ၁၀ မျိုးကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိ၏။
ပြည်ထောင်စုစိတ်ဓာတ်ထွန်းကားပြန့်ပွားရေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၉ ရက် နေ့ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး ရေးတက္ကသိုလ် ပညာရေးဘွဲ့ ငါးနှစ်သင်တန်း အမှတ်စဉ် (၄) ကျောင်းဆင်းမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင်-
“ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်အနေဖြင့် ယနေ့အထိ မဟာ ပညာရေးဘွဲ့၊ မဟာဒဿနဘွဲ့၊ ပညာရေးဘွဲ့၊ ဆရာ အတတ်ပညာဒီပလိုမာ၊ အလယ်တန်းဆရာ အတတ်သင်၊ မူလတန်းဆရာအတတ်သင်၊ အထူး မူလတန်းဆရာအတတ်သင် စုစုပေါင်း ၁၃၇၈၆ ဦး ကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ တိုင်းရင်းသား မျိုးနွယ်စုပေါင်း ၁၀၀ ကျော် တက်ရောက် သင်တန်းဆင်းခဲ့ကြပြီး မောင်တို့၊ မယ်တို့သည် နိုင်ငံတော်က ပြုစုပျိုးထောင်ထားသည့် သားသမီး များ ပီသစွာ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့် သိပြီး နိုင်ငံတော်က မျှော်မှန်းထားသည့်အတိုင်း မိမိတို့တာဝန်ကျရာ နယ်စပ်ဒေသတွင်ရှိသည့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ထမ်းဆောင်ကြရန်နှင့် ပြည်ထောင်စုစိတ်ဓာတ်ကို တိုင်းရင်းသားများ အကြား ထွန်းကားပြန့်ပွားအောင်လည်း ဆောင်ရွက်ပေးကြရန်” ဟု လမ်းညွှန် မှာကြားခဲ့ပါသည်။
ဤတက္ကသိုလ်အပြင် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲသော အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံ သော လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင် ပေးနိုင်မည့် “ပြည်ထောင်စုတိုင်းရင်းသား လူငယ် များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်” (ရန်ကုန်နှင့် မန္တလေး၊ စစ်ကိုင်း) ကျောင်း နှစ်ကျောင်းကိုလည်း ၂၀၀၀ ပြည့်နှစ်မှစတင်၍ ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။
စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း) ကျောင်းများတွင် ဝိဇ္ဇာဘွဲ့ (မြန်မာစာ၊ ပထဝီဝင်၊ သမိုင်း)၊ သိပ္ပံဘွဲ့ (သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ) နှင့် အင်ဂျင်နီယာဘွဲ့ (မြို့ပြ၊ အီလက် ထရွန်နစ်၊ စက်မှု၊ လျှပ်စစ်စွမ်းအား) ဘွဲ့များ ပေးအပ်ချီးမြှင့် ပေးနိုင်ခဲ့ပါသည်။
ပညာပြည့်ဝနှလုံးလှသော-
ဖူးအငုံချိန်ခါသင့်
ပွင့်လာကြပန်းမာလာ
မွှေးပျံ့ကြိုင်စွာ ...။
၂၀၂၁ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်ကာလ အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) အမှတ်စဉ် (၄)၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း၊ ရန်ကုန်) အမှတ်စဉ် (၁၅)၊ (၁၈) သင်တန်း ဆင်းပွဲ အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ပါသည်။
ယနေ့အချိန်အထိ ဤကျောင်းတော်ကြီးများမှ တိုင်းရင်းသားလူငယ်အင်အား မဟာပညာရေး ဘွဲ့၁၃၁ ဦး၊ မဟာဒဿနဘွဲ့ ၃၅ ဦး၊ ပညာရေးဘွဲ့ ၄၃၈၁ ဦး၊ ဆရာအတတ်ပညာဒီပလိုမာ ၉၃၂ ဦး၊ အလယ်တန်းဆရာအတတ်သင် ၉၅၆ ဦး၊ မူလတန်း ဆရာအတတ်သင် ၇၁၆၂ ဦး၊ အထူးမူလတန်းဆရာ အတတ်သင် ၄၆၁ ဦး၊ ဝိဇ္ဇာဘွဲ့ ၉၆၅ ဦး၊ သိပ္ပံဘွဲ့ ၂၀၆၃ ဦး၊ B.Tech ၂၇၄ ဦး၊ A G T I ဒီပလိုမာ ၁၃၉၆ ဦး စုစုပေါင်း ၁၈၇၅၆ ဦးကို မွေးထုတ်ပေးနိုင်ခဲ့လေပြီ။
ထိုကျောင်းဆင်း ဘွဲ့ရ တိုင်းရင်းသား မောင်၊ မယ်များသည် ပညာရေးဘွဲ့ရ ၁၄၀၅၈ ဦး၊ ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ရ ၃၀၂၈ ဦးနှင့် အင်ဂျင်နီယာဘွဲ့ရ ၁၆၇၀ ဖြစ်ပြီး ဝန်ကြီးဌာနပေါင်း ၂၃ ခုတွင် နိုင်ငံ့တာဝန် များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိကြပေ သည်။
ဥမကွဲသိုက်မပျက်
သွယ်လက်ယှက်ရင်း
နာဂအင်းသား
ကယား ကချင်
မွန် ကရင် ချင်း
ဆွေရင်း ဗမာ
အခါ ရခိုင် ရှမ်း ဟု
ပအိုဝ်း ဓနု ပလောင်
ညီနောင်တစ်စု
တည်ထောင်ပြုသော
ပြည်ထောင်စုဖွား
သွေးသားရင်နှစ်
အားအင်သစ်လျက်
ကိုင်းရွက်ခက်တွေ
အပွင့်ဝေခဲ့...။
ဤကျောင်းတော်များတွင် တိုင်းရင်းသား လူငယ်များ၏ ဘဝရှေ့ရေး ဖြောင့်မတ်မှန်ကန်စေရန်၊ ကောင်းမွန်သည့်နှလုံးသား ဖြစ်လာစေရန်ဟူသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ပြုစုပျိုးထောင် တည်ဆောက်ပေးခဲ့၏။
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ကျောင်းတော်ကြီး များသည် တိုင်းရင်းသား မျိုးဆက်သစ်များအတွက် ဥယျာဉ်မြေသဖွယ်သာဖြစ်၏။ စရိုက်ဆိုးများ ခြွေချ ပြီး စရိုက်ကောင်းများ ဖူးဝေအောင် လေ့ကျင့်ပေးနိုင်ခဲ့၏။
အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်လာ စေမည့် စွမ်းရည်ပြည့်ဝသော လူတော်လူကောင်း များကို စစ်ထုတ်ပေးခဲ့၏။ ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူငယ် မျိုးဆက်သစ်များအား တစ်စိတ်တစ်ဝမ်းတည်း ဖြစ်စေရေး ရှေးရှုဆောင်ရွက် လေ့ကျင့်ပေးခဲ့ ပါသည်။
“မြေဆီမြေသား၊ စွမ်းဆောင်အားကြောင့် ကြီးထွားသီးပွင့်၊ မာန်ဟုန်ဝင့်ပြန်
မျိုးစေ့မှန်၍၊ အပင်သန်ခဲ့ပြီ...။”
စွမ်းအင်၊ စွမ်းအားများမှသည် စွမ်းရည် ဖွံ့ဖြိုးရေးဆီသို့ အရောက်လှမ်းပြီး အေးချမ်း သာယာ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် အဖြစ် တည်ဆောက်ရာတွင် စွမ်းစွမ်းတမံ ဆောင်ရွက်သွားကြမည့် တိုင်းရင်းသားလူငယ် များ၏ စွမ်းရည်များမြှင့်တင်ပေးရာ၊ တူညီမျှခြင်း အလှတရားများ ဖော်ဆောင်ပေးရာ ကျောင်းတော် မဟာများပင်တည်း။
နှလုံးသားကိုပညာသင်ကြားခြင်း
“နှလုံးသားကို ပညာသင်ပေးခြင်း” ဟုဆိုရာ တွင် ကူညီရိုင်းပင်းလိုစိတ်၊ ကိုယ်ချင်းစာနာစိတ်၊ သနားကြင်နာစိတ်၊ ရိုးသားဖြောင့်မတ်စိတ်၊ စည်းလုံးညီညွတ်အေးချမ်းစွာ ယှဉ်တွဲနေထိုင်လိုစိတ် တွေဖြစ်လာစေဖို့ သင်ကြားလေ့ကျင့်ပေးခြင်းကို ဆိုရပါမည်။ တိုင်းရင်းသား မျိုးဆက်သစ်များအား ပညာရည်ပြည့်ဝ၍ နှလုံးလှသော လူကောင်း၊ လူတော်လေးများ၊ ဝန်ထမ်းကောင်းများ ပေါ်ထွက် လာစေရန် ရည်ရွယ်သင်ကြားပေးခဲ့ပေသည်။
လူငယ်များအနေဖြင့် အရည်အချင်းရှိမှ တိုင်းပြည်တိုးတက်အောင် ပြုလုပ်နိုင်မည်ဖြစ်သဖြင့် လူငယ်များ၏နှလုံးသားအား လေ့ကျင့်သင်ကြား ပေးခြင်းသည် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် အောင်လုပ်ဆောင်ခြင်းဖြစ်ပေသည်။ လူငယ်များ အတွက် Education၊ Experience၊ Explore၊ Ethic စသည့်အချက်များသည် အလွန်အရေးကြီးပြီး ဘဝ တစ်သက်တာအတွက် အသုံးချနိုင်ရန် ကြိုးပမ်း ဆောင်ရွက်ပေးကြရပေမည်။
ကျောင်းအသီးသီးတွင် “တိုင်းရင်းသားရေးရာ” ဌာနများ ဖွင့်လှစ်ထားရှိပြီး ပြည်ထောင်စုစိတ်ဓာတ် ဘာသာရပ်၊ အဆင့်မြင့်ယဉ်ကျေးမှုဘာသာရပ်များသင်ကြားပို့ချပေးလျက်ရှိရာ ပြည်ထောင်စု စိတ်ဓာတ်ခိုင်မာရင့်သန်ပြီး မိမိတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာသာသနာကို တန်ဖိုးထား မြတ်နိုး၍ စည်းလုံးညီညွတ်မှုခိုင်မြဲစေရန် လေ့ကျင့် ပျိုးထောင် သင်ကြားပေးနိုင်ခဲ့ပေပြီ။
ကျောင်းဆင်းပြီးသည်နှင့်တစ်ပြိုင်နက် ဝန်ကြီး ဌာနအသီးသီးတွင် အလုပ်ခန့်အပ်ခြင်းခံရ၏။ ထို့ကြောင့် ကျောင်းဆင်း မောင်၊ မယ်များသည် နယ်စပ်ဒေသများ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်စေ ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းများတွင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် တာဝန်ထမ်းဆောင် မည့် နိုင်ငံ့ဝန်ထမ်းများဖြစ်ကြပေတော့မည်။
တိုင်းရင်းသား လူငယ်မောင်မယ်များအား စည်းစည်းလုံးလုံးရှိပြီး အရည်အချင်းရှိရှိ လေ့ကျင့် သင်ကြားပျိုးထောင်ပေးခဲ့ပြီးဖြစ်သဖြင့် တာဝန်ကျ ရာဌာနအသီးသီး၊ ဒေသအသီးသီးတွင် တိုင်းပြည် ခါးကျိုးခြင်းမဖြစ်ရလေအောင် တာဝန်သိ၊ တာဝန်ခံ၊ တာဝန်ယူသော “ဝန်ထမ်းကောင်း” များအဖြစ် တာဝန်ထမ်းဆောင်ကြပေတော့မည်။
“ကျောင်းတော်သာမှ
သွေခွာတက်လှမ်း ပြည့်ဝန်ထမ်းဖို့
ဖြောင့်တန်းညီညီ လျှောက်လှမ်းမည်ဟု
ရွယ်ရည်စိတ်ဓာတ် ခိုင်ခိုင်မတ်လျက်
တွဲလက်စုပေါင်း
အားသစ်လောင်း...။”
အနာဂတ်၏ လှပသောရောင်စုံပန်းများ
စာရေးသူသည် ဤဒီဂရီကောလိပ် ကျောင်းဆင်းပွဲများနှင့် ညစာစားပွဲများသို့ တက်ရောက်ခွင့် ရခဲ့ဖူးပါသည်။ ကျောင်းဆင်း တိုင်းရင်းသား ဘွဲ့ရမျိုးဆက်သစ်တို့နှင့် အခမ်း အနားတက်ရောက်လာကြသည့် တိုင်းဒေသကြီး နှင့် ပြည်နယ်ဒေသအသီးသီးမှ ကျောင်းသားမိဘ တိုင်းရင်းသားမိသားစုတို့အား ချစ်ခင်ကြည်နူး နွေးထွေးစွာ ငေးကြည့်ရင်း နိုင်ငံတော်၏ လှပသော အနာဂတ်ကို တွေးဆမြင်ယောင်နေမိပါသည်။
ဤတိုင်းရင်းသား ကျောင်းသား ကျောင်းသူ များအနေဖြင့် ညီအစ်ကို မောင်နှမအရင်းသဖွယ် ချစ်ခင်ရင်းနှီးစွာ နေထိုင်ခဲ့ကြရင်း အေးအတူပူအမျှ ပညာသင်ကြားခဲ့ကြရခြင်းဖြစ်လေသည်။ တိုင်း ဒေသကြီး၊ ပြည်နယ်ဒေသအသီးသီးမှ လာရောက် ဆုံတွေ့ကြသူများဖြစ်ကြသည်။ ၎င်းတို့သည် မတူကွဲပြားမှုများအား အားသာချက်ဖြစ်အောင် ပုံဖော်၍ စည်းလုံးချစ်ခင်စွာ နေထိုင်ကြရင်း နိုင်ငံတော်တည်ဆောက်ရေး တာဝန်များကို ကြိုးစား ထမ်းဆောင်ကြပေတော့မည်ဟုလည်း ယုံကြည်မိပါသည်။
ကျောင်းဆင်းပွဲမြင်ကွင်းများကား တစ်စု တစ်စည်းတည်းဖြင့် လှပခမ်းနားနေသည့် ရောင်စုံ ပန်းခင်းကြီးသဖွယ်လည်း မြင်ယောင်နေမိ၏...။
“ပန်း” ဖြစ်သည်နှင့်အညီ ပြုစုပျိုးထောင်ပေး သော ဥယျာဉ်မှူးများ၏ စေတနာမမှန်ကန်မှု မကျွမ်းကျင်မှုကြောင့်လည်းကောင်း၊ ပြင်ပပယောဂ များ၏ အန္တရာယ်ကျရောက်မှု၊ မသမာသူတို့၏ ဖျက်ဆီးမှုတို့ကြောင့်သော်လည်းကောင်း ပျက်စီး တတ်သော သဘောရှိသည်ကိုတော့ သတိပြုရပေ လိမ့်မည်။
ထို့ကြောင့်
ဤသို့လည်း ဆုတောင်းနေမိ၏...။
ပန်းတိုင်းပွင့်ကြပါစေ
ပွင့်သော ပန်းတိုင်း လှပါစေ
လှသော ပန်းတိုင်း မွှေးပါစေ...။
ညီညွတ်ခြင်း၊ ချစ်ခင်ခြင်း
စည်းရုံးခြင်း ငြိမ်းချမ်းခြင်း၊
ဖွံ့ဖြိုးတိုးတက်ခြင်းဟူသော
ပန်းခင်းတို့သည်
နိုင်ငံတော်အနှံ့
ပျံ့သင်းစေသတည်း...။
ထုံသင်းစေသတည်း...။
ကြိုင်သင်း ပါစေသတည်း...။ ။
- Log in to post comments