ပျူသုတေသနတွေ့ရှိချက်များနှင့် ပါမောက္ခ ဂျဲနစ်စတားဂါတ်

Type
1

 

ဒေါက်တာနန္ဒာမွှန်း (အမြဲတမ်းအတွင်းဝန်/သမိုင်းသုတေသန၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း))
 

 

(ယမန်နေ့မှအဆက်)


ခေတ်မီနည်းပညာဖြင့်သုတေသနပြုခြင်း


ပါမောက္ခ ဒေါက်တာဂျဲနစ်    ဦးဆောင်ပြီး Cambridge  University   က   အဝေးပုံရိပ် ထောက်လှမ်းခြင်း (remote sensing) နှင့် မြေပြင် တွေ့ရှိချက်များ   ပူးပေါင်း၍    သရေခေတ္တရာ မြို့ဟောင်း၏ ရေပေးဝေသောစနစ်ကို နည်းပညာ အသစ်ဖြင့်  သုတေသနပြုထားချက်သည်လည်း သရေခေတ္တရာ- အရှေ့တောင်အာရှ ကုန်းမြေပိုင်း ၏ အစောဆုံးသောမြို့ပြ ယဉ်ကျေးမှုဖြစ်ကြောင်း သက်သေပြနိုင်မှုတွင် ပါဝင်ပါသည်။ ရေပေးဝေရေး စနစ်နှင့် မြောင်းများတူးဖော်မှုသည်  မြို့ပြဖွံ့ဖြိုး တိုးတက်မှု  အဆင့်အတန်းအတွက်  အထူးအရေး ပါသောအချက်များ   ဖြစ်ပါသည်။   အဝေးပုံရိပ် ထောက်လှမ်းခြင်း (remote sensing) နှင့် ရိုက်ကူး သောပုံများသည် အရည်အသွေးအသင့်အတင့်ပင် ဖြစ်လင့်ကစား   အဆိုပါ   သုတေသနပြုသော ရှေးဟောင်းသုတေသနဒေသ နယ်မြေအတွင်းတွင် မြေအောက်ရေရှိနေပုံ၊ စီးဆင်းပုံကအစ လေ့လာ နိုင်ပါသည်။ 
သရေခေတ္တရာ၏ ရှေးဟောင်းရေပေးဝေမှုစနစ်၊ မြေဆီမြေနှစ်များ   ရရှိစုဆောင်းနိုင်မှု၊   မိုးရေ သိုလှောင်ထားနိုင်မှုနှင့်    ရေဖြန့်ဖြူးနိုင်မှုတို့ကိုပါ လေ့လာတွေ့ရှိရပါသည်။ တွေ့ရှိပြီး  ရှေးဟောင်း သုတေသနဆိုင်ရာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အထောက်အထားများက   ပုံရိပ်ဖော်ဆောင်ပေး မှုများဖြင့် ရှေးဟောင်းရေပေးဝေရေး ပြုလုပ်ဆောင် ရွက်ထားချက်များကို ဆက်စပ်ပေးနိုင်ခဲ့ပါသည်။ ပါမောက္ခဒေါက်တာဂျဲနစ်တို့က အဆိုပါ  သုတေသန တွေ့ရှိချက်ကို  အခြေခံကာ  တခြားသော  အရှေ့ တောင်အာရှနိုင်ငံများရှိ  ရှေးဟောင်းသုတေသန နယ်မြေများတွင် ပြန်လည်အသုံးချကာ သုတေသန ပြုကြရန်ကိုပါ ရည်ရွယ်ထားပါသည်။

 


အဆိုပါ Cambridge University သုတေသနမှ နယ်မြေခံ မြေအနေအထားနှင့် ပတ်သက်၍ တွေ့ရှိ ချက်(၅) ချက်ထုတ်ဖော်ခဲ့ရာ-


(၁)    နယ်မြေခံရှိ သဘာဝမြေကြီးသည် မူလပင်လယ် ဘက်က   မြေအမျိုးအစားမျိုး   လေးလံသော ရွှံ့မြေဖြစ်သည်။

 

(၂)    ရာစုနှစ်ပေါင်းများစွာ ရှေးဟောင်းရေပေးဝေ သည့် သွယ်ထားသောဆည်မြောင်းများအတွင်း အနည်ကျမှုများသည် ရွှံ့မြေထက် ပိုမိုမြေသြဇာ ကောင်းမွန်၍ စိုစွတ်သော သဘာဝပေါက်ပင်များ အတွက် ပိုမိုကောင်းမွန်စွာ ရှင်သန်နိုင်သည်။

 

(၃)    တူးမြောင်းနှင့်ကန်များထဲမှ   အနည်များက ရွှံ့မြေများထက် ပိုမိုစိမ့်ထွက်နိုင်၍ ရေစီးမည့် လမ်းကြောင်းကို  အဆိုပါ  ဒေသတစ်လျှောက် ရွေ့လျားသွားလာရန်   များစွာအထောက်အပံ့ ပြုပါသည်။

 

(၄)    ဘူမိဗေဒဆိုင်ရာ     ရွှံ့အတုံးအခဲများသည် ရှေးဟောင်းရေစီးလမ်းကြောင်းအတွင်း    စိုထိုင်း သော  ရေငွေ့လက်ကျန်များ   ဖြစ်ပေါ်စေရန် လုပ်ဆောင်ပေးနိုင်သည်။

 


(၅)    ရှေးဟောင်း ရေပေးဆည်မြောင်းများကို လုပ် ဆောင်ရာတွင် လျှောစောက်အမျိုးမျိုး   ရှိနေ သော အချက်များကို   တိကျစွာ   ထည့်သွင်း လုပ်ဆောင်ခြင်းဖြင့် ရေစီးကလည်း   ဆွဲငင်အား အခြေခံသော   စီးဆင်းလာမှုကို    ဆက်တိုက် လုပ်ဆောင်နိုင်ခဲ့ရာ ယခုအချိန်အခါတွင် ရေစီး အားနှေးသွားသော်လည်း   သက်ရောက်မှုက ကောင်းပါသည်။ ပထမ ထောင်စုနှစ်ကာလက နဂိုတူးဖော်ခဲ့သော တူးမြောင်းများနှင့် ကန်များ က အကျိုးပြုခဲ့သလို အကျိုးပြုနေလျက် ရှိပါ သည်။
အဆိုပါဒေသရှိ ရှေးဟောင်းပျူတို့သည် ရေရရှိ ရေးကိုစနစ်တကျ တူးဖော်ဆောင်ရွက်နိုင်ရာ  ဆွဲငင် အားနည်းပါးသော နေရာများအတွက်လည်း မြေထဲ နစ်နေသော ရေတွင်းများကို ရှေးဟောင်းကျုံးများ၊ ကန်များနှင့် တူးမြောင်းများအဖြစ်သို့ အမြတ်ထုတ် ကာ သူတို့၏ ရိုးရာမပျက် မိုးရေစုဆောင်းခြင်းနှင့် ရေသွင်းစိုက်ပျိုးခြင်းများကို လုပ်ဆောင်ကြောင်း တွေ့ရှိရပါသည်။ ၁၉၈၆-၁၉၈၉ အထိ ကောင်းကင် ဓာတ်ပုံများ အသုံးပြုခဲ့ပြီး ပါမောက္ခ ဒေါက်တာဂျဲနစ် ၏ လေ့လာချက်အရ သရေခေတရာ၏ တိုးတက် ဖွံ့ဖြိုးမှုသည်  ရေလှောင်ကန်များ၊   ကျုံးများနှင့် တူးမြောင်းများထဲသို့ ရေစုဆောင်းလှောင်ထားကာ ဖြန့်ဖြူးပေးနိုင်ခြင်းအပေါ် မှီတည်နေကြောင်းတွေ့ရှိ ရပါသည်။ အဆိုပါဒေသရှိ ရေအဓိက စီးဆင်းလာ ရာ တောင်စောင်းနှစ်ခုမှာ - နဝင်းလွင်ပြင်ရှိ တောင် စောင်းများနှင့် သရေခေတ္တရာမြို့ အနောက်တောင် နှင့် အနောက်ဘက် အစွန်းရှိ အလွန်မတ်စောက်သည့် တောင်ကြောများမှာ မိုးရာသီအတွင်း ရေများကို ပိုမို ထိန်းထားနိုင်စွမ်းရှိကြသည်။   အဆိုပါ  ရေများ  ကြောင့် ခြောက်သွေ့သောဒေသ   ဖြစ်လင့်ကစား စပါးစိုက်ပျိုးခြင်းနှင့်   ဥယျာဉ်စိုက်ပျိုးခြင်းတို့ကို များစွာ အထောက်အကူဖြစ်စေပါသည်။ 

 


ပျူတို့သည် ဗုဒ္ဓဘာသာနှင့် စတင်ကျွမ်းဝင်လာ သည်မှာ ၂ ရာစု  စီအီးက ဖြစ်သော်လည်း သရေခေတ္တရာတွင်မူ အန်ဒရများ၏ ကြွယ်ဝသည့် ဗုဒ္ဓ ဘာသာဆိုင်ရာယဉ်ကျေးမှုများကို   ကျယ်ကျယ် ပြန့်ပြန့်လက်ခံကျင့်သုံးလာသည်မှာ ၃ ရာစု - ၄ ရာစု တွင် တွေ့ရသည်။ ပျူမြို့ကြီး သုံးမြို့တွင် ပျူဗုဒ္ဓဘာသာ များ၏ ထုံးစံဓလေ့များကို တွေ့ရှိရပေသည်။ ဗုဒ္ဓ ဘာသာ မကိုးကွယ်မီကာလ စျာပနလုပ်ကိုင်မှုများကို ပိုမိုသေချာစွာ ကျင့်သုံးလာမှုများကနေ ပိုမိုသဘော ပေါက်ကိုးကွယ်လာကာ ဗုဒ္ဓဘာသာဆိုင်ရာ သာသနာ့ အဆောက်အအုံများကို စုဖွဲ့တည်ဆောက်လာကြ သည်။ မြို့တိုင်းတွင်   ကြီးမားသောဘာသာရေး ဆိုင်ရာနယ်မြေများကို ရေပေးဝေသောလုပ်ငန်းများ အားဖြင့် ပိုင်းခြားထားသည်ကိုလည်း တွေ့ရှိရသည်။ ကြီးမားသော အင်အားတစ်ခုအဖြစ် ဖော်ဆောင်ရန် ပထမထောင်စုနှစ်နှင့် ဒုတိယထောင်စုနှစ် အစော ပိုင်းက တောင်အာရှတိုက်နှင့် အရှေ့တောင်အာရှ ဒေသများရှိ နန်းစိုက်ရာမြို့တော်များကဲ့သို့ သရေခေတ္တရာ၏ မြို့ပြရှုခင်းကို ပုံစံပြင်ခြင်းနှင့် ပြန်လည် ပြုပြင်ခြင်းများကို ကြိမ်ဖန်များစွာ ဆောင်ရွက်ခဲ့ ကြောင်း တွေ့ရှိရသည်။ သရေခေတ္တရာတွင် တွေ့ရှိ ရသော နိုင်ငံရပ်ခြားဒင်္ဂါးများနှင့် ရှေးဟောင်းပစ္စည်း များမှာ ရပ်ဝေးနယ်ခြားများနှင့် ကုန်သွယ်မှုများကို ထင်ဟပ်စေပါသည်။ သို့သော် ပျူတို့ တီထွင်ဖန်တီး ခဲ့သော အဓိကထင်ရှားသော ရှေးဟောင်းပစ္စည်းမှာ ကျယ်ဝန်းလှသော ရေပေးသွင်းထားသော မြေယာ ရှုခင်းဖြစ်သည်ဆိုသည်ကို သံသယဖြစ်ဖွယ် မရှိပေ။

 


ပါမောက္ခဒေါက်တာဂျဲနစ်သည် ဇွဲရှိ စိတ်ရှည် စွာဖြင့် ပျူသုတေသနကို နှစ်စဉ်ဆောင်ရွက်လာရာ တွင် ရှေးဟောင်းသုတေသနဆိုင်ရာ  မြေပုံရေးဆွဲ ခြင်းကို ပုံထွက်အသင့်အတင့်   ကောင်းမွန်သော ဘက်စုံကရိုက်ကူးထားသည့် ပုံများရနိုင်သရွေ့ကို အသုံးပြုခဲ့ရာမှ နှစ် ၃၀ အကြာတွင် ၁၉၈၆ ခုနှစ်မှ စ၍ လက်တွေ့ကွင်းဆင်းနည်းပညာနှင့် မြေပုံထုတ် ခြင်းကို လေတပ်အကူအညီဖြင့် ကောင်းကင်မှ ရိုက်ယူ ခဲ့သည်။ ထို့အပြင်  အမေရိကန်နိုင်ငံ   ဘူမိဗေဒ ကွင်းဆင်းရေး၏  spaceborne   multispectral LANDSAT Enhanced Thematic Mapper (ETM)data မှ  ရရှိသောအချက်အလက်များကို အသုံးပြု ခဲ့ပါသည်။  ထို့ကြောင့်ပင်   သရေခေတ္တရာတွင် ရှေးဟောင်းရေပေးဝေရေးစနစ်သည် ရာစုနှစ်ပေါင်း များစွာအတွင်း တည်ဆောက်ခြင်း၊ အသစ်ပြင်ဆင် ခြင်း၊ ပိုမိုခိုင်ခံ့အောင် ပြုလုပ်ခြင်းနှင့် ချဲ့ထွင်ခြင်း များကို အကြိမ်များစွာ ပြုလုပ်ခဲ့ကြောင်းနှင့် မြို့ပြ ပုံစံကို ၂ ဘီစီအီးမှ ၁ ရာစု ဘီစီအီးတွင် စတင်ပြီး ပုံဖော်လာကြောင်း တွေ့ရှိရပါသည်။ ၄ ရာစု စီအီး ခန့်တွင် သရေခေတ္တရာ၏ သမိုင်းဝင်ရေပေးသွင်းမှု မြေယာပုံစံတွင် အဓိက အရေးပါသော ကွန်ရက်ဖြစ် နေသည့် ရှေးဟောင်းရေမြောင်းများ၊ ကန်များ၊ ကျုံး များဖြင့် ပါဝင်ဖွဲ့စည်းထားကြောင်းကိုပါ  တွေ့ရှိရ ပေသည်။

 


ရှေးဦးမြို့ပြအဖြစ်သတ်မှတ်ခြင်း


မြို့ပြဖြစ်ခြင်း သတ်မှတ်ရာတွင် အဆိုပါဒေသ တွင် နေထိုင်ကြသူများက မြို့ပြအတွင်း တည်ဆောက် ထားသော ပတ်ဝန်းကျင်နှင့်အပြန်အလှန် အကျိုးပြု ခြင်းအပေါ် မှီတည်ပါသည်။ ရှေးဦးမြို့ပြဖြစ်ထွန်းခြင်း တွင် သကေတ၊ အမှတ်တံဆိပ်များ  ရိုက်နှိပ်သုံးစွဲ ခြင်း၊ အိုးထည် ပြုလုပ်သူများက လက်မှုပညာအနေ ဖြင့် မဟုတ်ဘဲ   အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်လာခြင်း၊ ကုန်သွယ်မှုများ၊ အစဉ်အလာ အရ လုပ်ကိုင်ဆောင်ရွက်ရမှုများ လုပ်ဆောင်လာ ခြင်း၊ တစ်နေရာတည်းတွင် ထူထပ်စွာနေထိုင်လာကြ ခြင်း၊ မြေကို ကောင်းစွာအသုံးချခြင်း၊ ပြောင်းရွှေ့ နေထိုင်လာခြင်း၊ ဘာသာရေးဆိုင်ရာအရ လုပ်ဆောင် ကြသည့် စျာပနများကို လုပ်ဆောင်သည့်ဓလေ့များ ကို တွေ့လာရသည်။

 


ပတ်ဝန်းကျင်ရှိ လူများ နေထိုင်ရာများအတွက် မြေအသုံးချကာ   သီးနှံစိုက်ပျိုးခြင်းများအတွက် အထောက်အကူဖြစ်စေမည့် ရေရရှိရေး ဆောင်ရွက် ထားမှုမြင်ကွင်းသည်   ရှေးဟောင်းပျူလူမျိုးများ အတွက်သာမက ယခုတိုင်  အကျိုးပြုနေဆဲဖြစ်ပါ သည်။ ပျူရှေးဟောင်းမြို့သုံးမြို့သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်က   အရှေ့တောင်အာရှသို့ ဗုဒ္ဓဘာသာကို  အစောဆုံး    မိတ်ဆက်ပေးသည့် အထောက်အထားတွေ့ရှိရာဖြစ်ပြီး တစ်ဆက်တည်း မှာပင် စီးပွားရေး၊ လူမှု-နိုင်ငံရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာတို့ကို ပိုမိုကောင်းမွန်အောင် ပြောင်းလဲလာ ခဲ့စေပါသည်။ ထို့ကြောင့်ပင် ဤဒေသအတွင်းတွင် ပထမဦးဆုံးသော၊  အကြီးမားဆုံးနှင့်  သက်တမ်း ရှည်ကြာဆုံးသော မြို့ပြဆိုင်ရာ အခြေချနေထိုင်မှု များကို  ၉ ရာစုတိုင်သည်အထိ  ပေါ်ပေါက်လာစေခဲ့ ပါသည်။ ပျူတို့သည် အိန္ဒိယယဉ်ကျေးမှု လွှမ်းမိုးမှု ကို လက်ခံသော်လည်း သိသာထင်ရှားစွာ ပြန်လည် တီထွင်ဆန်းသစ်မှုတို့ကို အလျင်အမြန်ပြောင်းနိုင် သော စွမ်းရည်လည်း ရှိကြပေသည်။ ပျူတို့သည် အထူးမြို့ပြပုံစံကို တီထွင်ပြီး ယင်းမြို့ပြ ချဲ့ထွင်မှုပုံစံ သည် နောက်ဆက်တွဲအနေဖြင့် အရှေ့တောင်အာရှ ပင်မဒေသကြီး၏ မြို့ပြပြုရေးကိုပါ လွှမ်းမိုးနိုင်ခဲ့ ပါသည်။ ထိုအစောဆုံးသော ဗုဒ္ဓမြို့ပြနိုင်ငံများသည် ပါဠိအခြေခံသော ဗုဒ္ဓဘာသာ စာပေ၊ ဗိသုကာဆိုင်ရာ နှင့် အစဉ်အလာများကို အရှေ့တောင်အာရှ အခြား ဒေသများရှိ   လူ့အဖွဲ့အစည်းများသို့   တစ်ဆင့် ဖြန့်ဖြူးပေးကာ သြဇာလွှမ်းမိုးနိုင်မှုလည်း ရှိကြပေ သည်။ ပျူသုံးမြို့ဖြစ်သော  ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတရာတို့သည် မြို့ပြနေထိုင်မှု ပုံစံအသစ်ဖြင့် အစဉ်လိုက် တွေ့ရှိသော အရှေ့တောင်အာရှဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုအဖြစ်   သက်သေထူနိုင်ကြပေ သည်။ ထို့အပြင် ပျူမြို့များသည် ဖြစ်စဉ်တစ်ခုလုံး၏ အထောက်အထားများနှင့် ၂ ရာစု ဘီစီအီးမှ ၉ ရာစု စီအီးအတွင်း ပျူစာရေးသားမှု၊ ဗုဒ္ဓဘာသာဘုန်းကြီး အုပ်စုများ၊  ကွဲပြားခြားနားသော  အသုဘထားရှိမှု အလေ့အထ၊ ကျွမ်းကျင်စွာဆောင်ရွက်ထားသော ရေစီမံခန့်ခွဲမှုနှင့် ဝေးကွာသောအရပ်များသို့ ကုန်သွယ် ခြင်းစသော   ပျူမြို့ပြယဉ်ကျေးမှုပြောင်းလဲနိုင်မှု အတိုင်းအတာ ကန့်သတ်ချက်များကိုပါ ထောက်ပံ့ ပေးပါသည်။ ပျူမြို့ဟောင်းနေရာများတွင် တွေ့ရှိရ သော  ပျူခေတ်မြင်ကွင်းဖြစ်သည့်   ဆည်များဖြင့် ရေပေးသွင်းခဲ့သည့် နေရာများသည် အဆိုပါနေရာ များတွင် ယနေ့ခေတ် နေထိုင်နေကြသည့် ကျေးလက် ဒေသနေသူများ၏ အသက်မွေးဝမ်းကျောင်းမှုအပေါ် သက်ရောက်မှုရှိဆဲ ဖြစ်ပါသည်။

 


အပြည်ပြည်ဆိုင်ရာ မြန်မာနိုင်ငံဆိုင်ရာ 
လေ့လာမှု စာတမ်းဖတ်ပွဲ


၂၀၁၄ ခုနှစ်တွင် စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့ သော  အပြည်ပြည်ဆိုင်ရာ   မြန်မာနိုင်ငံဆိုင်ရာ လေ့လာမှု စာတမ်းဖတ်ပွဲတွင် Professor Janice Mary Stargardt  ဖတ်ကြားခဲ့သော   “Irrigation system in ancient Pyu Cities” စာတမ်းဖတ်ကြား ခဲ့ရာ အဆိုပါ Session ကို စာရေးသူက သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့ရပါသည်။  သူ၏  နှစ်ပေါင်း ၄၀ ကျော် ပျူသုတေသနလေ့လာချက်၊ တွေ့ရှိချက် များအရ  လည်းကောင်း၊ခေတ်မီနည်းပညာများ  ပံ့ပိုးမှုများကြောင့်လည်း ကောင်း အရှေ့တောင်အာရှဒေသတွင် အစောဆုံး သော မြို့ပြအဖွဲ့အစည်းမှာ မြန်မာနိုင်ငံရှိ ပျူမြို့များ ဖြစ်ကြောင်း၊ အန်ကော၀ပ်မတိုင်မီ  အကြီးဆုံးသော မြို့ပြမှာ သရေခေတ္တရာဖြစ်ကြောင်းကို အပြည်ပြည် ဆိုင်ရာ စာတမ်းဖတ်ပွဲတွင် အခိုင်အမာ   ပြောဆို ဖတ်ကြားတင်ပြခဲ့ပါသည်။ သို့ကြောင့်ပင်  ပျူမြို့ ဟောင်းသုံးမြို့ ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ တို့ကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရာတွင် International Council on Monuments and Sites (ICOMOS) ၏  ထောက်ခံတင်ပြချက်တွင်  အထက်တွင်ဖော်ပြခဲ့သော     ရှေးဦးမြို့ပြအဖြစ် သတ်မှတ်နိုင်သောအကြောင်းများကို    အလေး အနက်ထား တင်ပြခဲ့ပါသည်။

 


အရှေ့တောင်အာရှတွင်   ပထမဦးဆုံးသော၊ အကြီးမားဆုံးသောနှင့် သက်တမ်းအရှည်ကြာဆုံး သော ပျူမြို့များသည် ပျူယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက် ရေးကို ဖော်ညွှန်းသက်သေပြနေသော စာရေးစာဖတ် တတ်ခြင်း၊  ဘုန်းကြီးကျောင်းများနှင့်   ဆိုင်သော အသိုက်အဝန်းများရှိခြင်း၊  ရေစီမံခန့်ခွဲနိုင်မှုရှိခြင်း၊ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ    ကုန်ထုတ်စွမ်းအား ဖြစ်ထွန်းခြင်းများနှင့် ပြည့်စုံနေသော အဆင့်မြင့်မား သော မြို့ပြယဉ်ကျေးမှုများ ဖြစ်နေကြောင်း သုတေ သနပြုချက်များအရ ဂုဏ်ယူစွာ သိရှိမှတ်တမ်းတင်ခံ ရပေပြီ။ 

 


(၂၀၁၄ ခုနှစ်တွင် စင်ကာပူနိုင်ငံ၌  ကျင်းပခဲ့ သော  အပြည်ပြည်ဆိုင်ရာ    မြန်မာနိုင်ငံဆိုင်ရာ လေ့လာမှုစာတမ်းဖတ်ပွဲတွင်  Professor Janice Mary Stargardt ဖတ်ကြားခဲ့သော “Irrigation system in ancient Pyu Cities” စာတမ်းဖတ်ကြားမှု တွင် ဖော်ပြခဲ့သော တောင်နှင့်  အရှေ့တောင်အာရှရှိ ကမ္ဘာ့အမွေအနှစ်နေရာများ၏ သက်တမ်း အချိန် ဇယားပြပုံ ဖြစ်ပါသည်။

 


သူနှင့်အတူ   တွဲဖက် သုတေသနလုပ်ဆောင်သူမှာ     Cambridge University မှ Dr Gabriel S. Amable, Geometic Officer ဖြစ်ပြီး  သူသည် Geographical Information System (GIS)၊ Space /Airborne Remote Sensing နှင့် Global Positioning Systems  (GPS) ဘာသာရပ်များတွင်   ကျွမ်းကျင် ပညာရှင်တစ်ဦး ဖြစ်ပါသည်။)

 


(ဤဆောင်းပါးကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလက Professor Janice Mary Stargardt ၏ နာရေး သတင်းကြားစဉ်ကတည်းက  ရေးသားရန် ပြင်ဆင် ခဲ့သော်လည်း ယခုနှစ်  ၂၀၂၂ ခုနှစ်  ဆရာမကြီး ကွယ်လွန်ခြင်း နှစ်နှစ်မြောက်မှသာ  ရေးသားရင်း အဖိုးမဖြတ်နိုင်သော   သူ၏   ပျူခေတ်သုတေသန ဖော်ထုတ်ချက်ကို အမှတ်တရ ဖော်ပြအပ်ပါသည်။)


ကိုးကား


University of Cambridge Website
https://www.arch.cam.ac.uk/news/memor-iam_janice_stargardt
Sri Ksetra, Ancient Pyu City   (Director Janice Stargardt)
Water in the Ancient City (Janice Stargardt and Gabriel Amable)