
(၃၁)နှစ်မြောက် ကမ္ဘာ့ကလေးများနေ့ အကြိုဂုဏ်ပြုဆောင်းပါး
=================================
မောင်လူအေး (ရေစကြို)
===========
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၀ ရက်နေ့သည် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (United Nations Convention on the Rights of Children-UNCRC) အား (၄၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံက တညီတညွတ်တည်း သဘောတူ ပြဋ္ဌာန်းနိုင်ခဲ့သည့် (၃၁) နှစ်ပြည့်မြောက်သည့်နေ့ဖြစ်ပြီး တစ်နည်းအားဖြင့် (၃၁) နှစ်ပြည့် ကမ္ဘာ့ကလေးများနေ့ လည်း ဖြစ်သည်။ ကလေးသူငယ်များသည် မိမိနိုင်ငံ၏ အနာဂတ်အား ဆက်လက်ထုဆစ်ပုံဖော်ကြမည့် မျိုးဆက်သစ်များဖြစ်ကြရာ နိုင်ငံတော်အတွက် အရေး အကြီးဆုံး၊ တန်ဖိုးအရှိဆုံး လူသားအရင်းအမြစ်များ ဖြစ်ပေသည်။ သို့ဖြစ်ရာ ကလေးသူငယ်များ၏ဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ ၎င်းတို့၏မွေးရာပါအခွင့်အရေးများ အပြည့်အဝရရှိနိုင်ရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုမြှင့်တင်နိုင်စေရေးအတွက် ကုလသမဂ္ဂအဖွဲ့ကြီးက နိုဝင်ဘာလ ၂၀ ရက်နေ့အား ကမ္ဘာ့ကလေးများနေ့အဖြစ် သတ်မှတ်ထားရှိပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင် အထိမ်းအမှတ်အခမ်းအနား များအား နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်ရခြင်းဖြစ်သည်။
ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့
ကုလသမဂ္ဂအထွေထွေညီလာခံကြီးက ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကြေညာစာတမ်းအား ၁၉၅၉ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ၁၉၇၉ ခုနှစ်တွင်တော့ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်က ဦးဆောင်ပြီး ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ နိုင်ငံတကာမှတင်သွင်းလာသော ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ မူကြမ်းများအား စိစစ်ရန် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့ကြီး၏ (၁၀) နှစ်တာ ကြိုးပမ်းချက်အရ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပ သည့် (၄၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ က သဘောတူပြဋ္ဌာန်းနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့် ၎င်းသဘောတူစာချုပ်ကို ၁၉၉၁ ခုနှစ် ဇူလိုင် လ ၁၆ ရက်နေ့တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီးနောက် ၁၉၉၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။ ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCRC) သည် လူ့အခွင့်အရေးများဆိုင်ရာ သဘောတူညီချက်များ၏ သမိုင်းတစ်လျှောက် အဖွဲ့ဝင်နိုင်ငံများမှ ပါဝင်သဘောတူ လက်မှတ်ရေးထိုးမှုအများဆုံးဖြစ်သည့် စာချုပ်တစ်ခု ဖြစ်သည်။
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း (UNCRC) တွင် ကလေးများအားလုံးအတွက် စာချုပ်အဖွဲ့ဝင်နိုင်ငံအားလုံးက အပြည့်အဝဖော်ဆောင် ပေးရမည့် အဓိကအခွင့်အရေး (၄) ရပ် ပါရှိပါသည်။ ယင်းအဓိကအခွင့်အရေး(၄)ရပ်မှာ (၁) အသက်ရှင်သန် ခွင့် (Survival)၊ (၂) ဖွံ့ဖြိုးတိုးတက်ခွင့် (Development)၊ (၃) ကာကွယ်စောင့်ရှောက်မှုရရှိခွင့် (Protection) နှင့် (၄) ပါဝင်ဆောင်ရွက်ခွင့် (Participation) အခွင့်အရေးများ ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်များအတွက် မဖြစ်မနေဖြည့်ဆည်းပေးရမည့် အဓိကအခွင့်အရေး (၄) ရပ်အား နိုင်ငံတော်၏ဦးတည်ချက်များ၊ ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် (၁၇) ချက်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ အာဆီယံ သဘောတူညီချက်နှင့် လုပ်ငန်းအစီအစဉ်များ၊ ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ မူဝါဒများနှင့်အညီ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြလိုပါသည်။
လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအပေါ် တည်မှီ
နိုင်ငံတော်၏ဦးစားပေးရည်မှန်းချက် တစ်ခုဖြစ်သည့် “တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး” သည် ကလေးသူငယ်အခွင့်အရေးများနှင့် ဆက်စပ်နေသည်။ နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုသည် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအပေါ် တည်မှီနေခြင်းဖြစ်ရာ ကလေး သူငယ်များကို စနစ်တကျပြုစုပျိုးထောင်ပါက နောင်အနာဂတ်တွင် နိုင်ငံတော်အတွက် လူ့စွမ်းအား အရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်မည်ဖြစ်ကာ တိုင်းပြည်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ပေးနိုင်မည်မှာ မလွဲဧကန်ဖြစ်သည်။ ထို့ကြောင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူသား တစ်ဦးချင်းစီ၏ အဦးအစကလေးဘဝသည် အခြေခံ အကျဆုံးနှင့် အရေးအကြီးဆုံးသောကာလဖြစ်ကြောင်း သတိပြုရန်နှင့် ကလေးအရွယ်ကတည်းက ဘက်စုံဖွံ့ဖြိုး တိုးတက်စေမည့် အခြေခံကောင်းများရရှိပြီး ကလေးအခွင့် အရေးများ မဆုံးရှုံးစေရေးအတွက် အလေးထားဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း တိုက်တွန်းနှိုးဆော်လိုပါသည်။
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းတွင် ကလေးသူငယ်များနှင့်ပတ်သက်ပြီး အခြေခံမူ (၄) ရပ် ပါရှိပါသည်။ ယင်းအခြေခံမူများမှာ (၁) ကလေးသူငယ်၏ အကောင်းဆုံးအကျိုးစီးပွားကို ဖြစ်ထွန်းစေသောမူ (the best interest of the child)၊ (၂) ခွဲခြားသတ်မှတ်မှုမရှိစေသောမူ (Non-discrimination)၊ (၃) အသက်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်စေသောမူ (Survival and development)၊ (၄) ကလေးသူငယ်၏ ထင်မြင်ယူဆချက်ကို အလေးပေးစေသောမူ (Respect to child's opinion)တို့ ဖြစ်ပါသည်။ ၎င်းအခြေခံမူ (၄) ရပ်နှင့်အညီ ကလေးသူငယ်အခွင့်အရေးများကို အပြည့် အဝ ဖော်ဆောင်ပေးနိုင်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်ဥပဒေကို ၁၉၉၃ ခုနှစ်တွင်လည်းကောင်း၊ နည်းဥပဒေကို ၂၀၀၁ ခုနှစ်တွင်လည်းကောင်း ပြဋ္ဌာန်းနိုင်ခဲ့ သည်။ တစ်ဖန် ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေကို ခေတ်စနစ်နှင့် လိုက်လျောညီထွေရှိစေရန်နှင့် UNCRC ပါ ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်ပြီး ပြန်လည်ပြင်ဆင်ရေးဆွဲ ခဲ့ရာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသစ် ကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဋ္ဌာန်းပေးနိုင်ခဲ့သည်။
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉) တွင် မြန်မာနိုင်ငံရှိ ကလေးသူငယ်များအတွက် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအကြမ်း ဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ ကလေးအလုပ် သမားနှင့် အလုပ်လုပ်နိုင်သည့် အနိမ့်ဆုံးအသက်အရွယ် သတ်မှတ်ခြင်း၊ ပြစ်မှုကျူးလွန်သော ကလေးသူငယ်များအား အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မိဘပြုစုစောင့်ရှောက်မှုမရရှိသော ကလေး သူငယ်များအတွက် အခြားနည်းဖြင့် ပြုစုစောင့်ရှောက်မှု လုပ်ငန်းများအား မြှင့်တင်ဆောင်ရွက်ခြင်း၊ ကလေး မွေးစားခြင်းတို့နှင့်ပတ်သက်သည့် ဥပဒေအခန်းသစ် များပါရှိရာ ကလေးသူငယ်များအတွက် ပိုမိုအကျိုးရှိ ထိရောက်သော ပြုပြင်ပြောင်းလဲမှုတစ်ရပ်ဖြစ်ကြောင်း လေ့လာတွေ့ရှိနိုင်သည်။ ယခင်ကလေးသူငယ်ဥပဒေ (၁၉၉၃) တွင် အခန်း (၁၉) ခန်း၊ ပုဒ်မ (၇၅) ခုပါရှိပြီး လက်ရှိ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (၂၀၁၉)တွင် အခန်း(၃၀)၊ ပုဒ်မ( ၁၂၁) ခု ပါရှိခြင်းကြောင့် ကလေးသူငယ် များ၏အခွင့်အရေးကို ပိုမိုဖော်ဆောင်ပေးသွားနိုင်မည် ဖြစ်ပေသည်။ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြဋ္ဌာန်းခဲ့ပြီးဖြစ်ရာ ကလေးသူငယ်အားလုံး ခွဲခြား ဆက်ဆံမှုကင်းပြီး အရည်အသွေးပြည့်ဝသော ဝန်ဆောင်မှုများ လက်လှမ်းမီရရှိနိုင်စေရန်ရည်ရွယ်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ နည်းဥပဒေ ရေးဆွဲရေးလုပ်ငန်းအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးတင်ပြ လိုပါသည်။
အခြေခံလုပ်ဆောင်ရမည့် အချက်များဖြစ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်သော လူ့ဂုဏ်သိက္ခာအပြည့်အဝရရှိနိုင်မည့် လူမှုအသိုက်အဝန်းတစ်ရပ် ပေါ်ပေါက်လာစေရန် အထောက်အကူဖြစ်စေရေးနှင့် အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့မှုရှိသည့် လူမှုကာကွယ်စောင့် ရှောက်ရေး နည်းလမ်းများဖြင့် ပြည်သူလူထု လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးဆိုသည့်မူဝါဒအား ချမှတ်ဆောင်ရွက် လျက်ရှိရာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းပါ ကလေးသူငယ်များ၏ အခွင့်အရေးများကို အသိအမှတ်ပြုပေးခြင်းနှင့် ဖော်ဆောင်ပေးခြင်းတို့သည် အခြေခံလုပ်ဆောင်ရမည့် အချက်များဖြစ်ပါသည်။
သို့ဖြစ်ရာ နိုင်ငံအတွင်းရှိ ကလေးသူငယ်အားလုံး လုံခြုံစိတ်ချပြီး ဘေးကင်းသောပတ်ဝန်းကျင်တွင် နေထိုင်နိုင်ရေးနှင့် ကလေးသူငယ်တစ်ဦးချင်းစီတိုင်းအား အကြမ်းဖက်ခြင်း (Violence)၊ အလွဲသုံးခြင်း (Abuse)၊ လျစ်လျူရှုခြင်း(Neglect) နှင့် ခေါင်းပုံဖြတ် အမြတ်ထုတ် ခြင်း (Exploitation) များမှ ကာကွယ်စောင့်ရှောက်နိုင်ရေး အတွက် မိသားစု၊ ရပ်ရွာ၊ နိုင်ငံတော်က မျှဝေတာဝန်ယူ သည့် စောင့်ရှောက်ရေးနည်းလမ်းများအပေါ် အခြေခံ သည့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာမူဝါဒကို ရေးဆွဲဆောင်ရွက်လျက်ရှိရာ နိုင်ငံတကာစံနှုန်း များနှင့်အညီ တိုင်းပြည်၏လက်ရှိအခြေအနေနှင့် ကိုက်ညီ သော လက်တွေ့အကောင်အထည်ဖော်နိုင်မည့် အမျိုးသား အဆင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒတစ်ရပ်ထွက်ပေါ်လာရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါသည်။
ကလေးသူငယ်များသည် နိုင်ငံ၏အနာဂတ်ကို ဆက်လက်ရေးသားခြယ်မှုန်းကြမည့် နိုင်ငံတော်အတွက် တန်ဖိုးအရှိဆုံးသောရတနာများဖြစ်ကြရာ ကလေးသူငယ် အခွင့်အရေးများကို ကလေးများအားလုံး သိရှိနိုင်ရေးနှင့် ကလေးတိုင်း လက်လှမ်းမီ တန်းတူညီမျှရရှိစေရေး သေချာစေရန် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများနှင့် တာဝန်ရှိသူများအားလုံးက သက်ဆိုင်ရာ ကဏ္ဍအသီးသီးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် အရေးကြီးပေသည်။ ကာကွယ်စောင့်ရှောက်ရန် လိုအပ် သည့် ကလေးသူငယ်များ၏ ဘဝရှေ့ရေးအတွက် စီမံကိန်းများ ချမှတ်ဆောင်ရွက်ခြင်း၊ ကလေးသူငယ် သေဆုံးမှုလျော့ပါးရေး၊ ကလေးသူငယ်များ၏ မွေးဖွားမှု မှတ်ပုံတင်ထုတ်ပေးနိုင်ရေး၊ အာဟာရပြည့်ဝပြီး ကျန်းမာ သန်စွမ်းရေး၊ ဘဝနွေးထွေးလုံခြုံမှုရှိရေး၊ ပညာသင်ကြား ခွင့် သာတူညီမျှရရှိစေရေးတို့အတွက် အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍအသီးသီးက ပေါင်းစပ်ဆောင်ရွက်သွားရန် အရေးကြီးပေသည်။ ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်ပြီး ရပ်ရွာလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ဆောင်ရွက်သွားရမည်ဖြစ်သလို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ များ၏ နှစ်စဉ်စီမံကိန်းများတွင်လည်း ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ထည့်သွင်း ရေးဆွဲရန် လိုအပ်မည်ဖြစ်သည်။
p စာမျက်နှာ ၂၀ မှ
တိုက်တွန်းလှုံ့ဆော်ထားခြင်းဖြစ်
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ယခုနှစ်ကမ္ဘာ့ကလေး များနေ့အတွက် ချမှတ်ပေးထားသည့်ဆောင်ပုဒ်မှာ-
“A Day to Reimagine a Better Future for EveryChild”
“ကလေးအားလုံးရဲ့ အနာဂတ်လှပဖို့ စိတ်ကူး ပုံဖော် ဆောင်ရွက်စို့” ဖြစ်ရာ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ကလေးသူငယ်များ၏ အခွင့်အရေးများ ဖော်ဆောင် ပေးရာတွင် အခက်အခဲအချို့ ကြုံတွေ့ခဲ့ရသော်လည်း လတ်တလောဖြေရှင်းဆောင်ရွက်ပေးခြင်း မပြုပါက ကလေးငယ်များ၏ ဘဝတစ်သက်တာလုံးအတွက် ထိခိုက်စေနိုင်သည်ဖြစ်ရာ အနာဂတ်၏ မျိုးဆက်သစ် များအတွက် မိမိတို့ဖြစ်စေချင်သည့် ကမ္ဘာလောကကြီး ဖြစ်လာစေရေး အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးကြရန် တိုက်တွန်းလှုံ့ဆော်ထားခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကလေး သူငယ်များအတွက် သင်ယူနိုင်မှုသေချာစေရေး ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုဆောင်ရွက်သွားရန်၊ ကလေးများအားလုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှု နှင့် ကာကွယ်ဆေးထိုးနှံမှုများ သေချာစေရန်၊ ကလေး များအားလုံး၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေရေး ကူညီ ပံ့ပိုးဆောင်ရွက်ပေးရန်၊ ကလေးဘဝတွင် အလွဲသုံးခံရမှု၊ ကျား၊ မ အခြေပြုအကြမ်းဖက်မှုနှင့် လျစ်လျူရှုခံရမှုများ အဆုံးသတ်ရန်၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် တစ်ကိုယ်ရေကျန်းမာရေး အလေးထားဆောင်ရွက် ပေးရန်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ရာသီဥတုပြောင်းလဲ မှုများအား ဖြေရှင်းဆောင်ရွက်ပေးရန်၊ ကလေးသူငယ်ဘဝ ဆင်းရဲနွမ်းပါးမှုလျှော့ချရန်နှင့် အားလုံးအကျုံးဝင်သည့် ပြန်လည်ကုစားရေးအစီအစဉ်များ ဆောင်ရွက်ပေးရန်၊ သဘာဝဘေးနှင့် ပဋိပက္ခများကြုံတွေ့နေရသည့် ကလေးသူငယ်များနှင့် ၎င်းတို့၏မိသားစုများ၊ ရွှေ့ပြောင်း သွားလာနေရသည့် ကလေးသူငယ်များနှင့် ၎င်းတို့၏ မိသားစုဝင်များအား ကူညီပံ့ပိုးပေးခြင်းနှင့် ကာကွယ် စောင့်ရှောက်ပေးခြင်းတို့အား နှစ်ဆတိုးမြှင့်ဆောင်ရွက်ပေးသွားရန် ကမ္ဘာ့နိုင်ငံများအား တိုက်တွန်းထား သည်။
အခမဲ့ဆောင်ရွက်ပေးလျက်ရှိ
နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အား ပန်းတိုင် (၇) ရပ်၊ မဟာဗျူဟာ (၁၀)ရပ်၊ ဆောင်ရွက်ရမည့်စီမံချက် (၇၆) ခုအား ချမှတ် ဆောင်ရွက်လျက်ရှိရာ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအား ငွေကြေးထောက်ပံ့ပေးခြင်း၊ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများနှင့် တိုက်ပွဲရှောင်စခန်းများရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ သတင်းပေးပို့တိုင်ကြား နိုင်သည့် Help Line ဖုန်းဝန်ဆောင်မှုပေးခြင်းအပြင် တိုင်းဒေသကြီး/ ပြည်နယ်များတွင် Hotline ဖုန်းနံပါတ် များထားရှိကာ စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးခြင်းနှင့် စိတ်လူမှုရေးဆိုင်ရာပံ့ပိုးပေးခြင်း ဝန်ဆောင်မှုများအား အခမဲ့ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကိုဗစ်-၁၉ ကာလ အတွင်း New Normal ပုံစံဖြင့် သင်ကြားသင်ယူမှု ဆောင်ရွက်နိုင်ရေးအတွက် မူလတန်းကြိုဆရာမများနှင့် ကလေးပြုစုစောင့်ရှောက်သူများအတွက် လုပ်ငန်းခွင် အကြိုနှင့် လုပ်ငန်းခွင်သင်တန်းများကို Online မှတစ်ဆင့် ပို့ချပေးလျက်ရှိသည်။ မိဘအသိပညာပေးသင်တန်းများ၊ ပညာပေးစာစောင်များကို Online အသုံးပြုဆွေးနွေးခြင်း၊ MRTV အစရှိသည့်ရုပ်မြင်သံကြား Channel များ၊ လူမှု ကွန်ရက်စာမျက်နှာများ၊ စာစောင်များထုတ်ဝေခြင်းဖြင့် လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကလေး သူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်၍ လူမှု ရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုစနစ်အား ၂၀၁၅ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ရာ ယခုအခါ Nation-wide Case Management Supervision Unit အား ဖွဲ့စည်းထားရှိပြီး ဖြစ်ရပ်စီမံခန့်ခွဲသူ Case Manager ၂၅၀၉ ဦးဖြင့် နိုင်ငံ တစ်ဝန်းလုံးရှိ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုများကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိပါသည်။
ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ်အခမ်းအနား များအား နိုင်ငံတကာအစိုးရများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများက နှစ်စဉ်နှစ်တိုင်း ခမ်းခမ်းနားနား ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့်လည်း (၃၁)နှစ်ပြည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားအား ကိုဗစ် -၁၉ ကပ်ရောဂါကြောင့် Online အခမ်းအနားဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ကမ္ဘာ့ကလေးများနေ့တွင် ကလေးများက ကလေးနှင့် သက်ဆိုင်သည့်အခွင့်အရေးများ တောင်းဆိုခြင်း၊ ကလေးငယ်များ၏ အနာဂတ်ဘဝအတွက် မျှော်မှန်း ချက်များ၊ ရည်မှန်းချက်များအား မျှဝေခြင်းတို့ဆောင်ရွက် ကြရာ ကလေးများအတွက် ပျော်ရွှင်ဖွယ်ရာနေ့တစ်နေ့ ဖြစ်သလို ကလေးများနှင့်ပတ်သက်၍ အရေးကြီးသည့် တင်ပြချက်များ၊ ဆုံးဖြတ်ချက်များ ချမှတ်ရမည့်နေ့ တစ်နေ့လည်းဖြစ်ပါကြောင်း ဖော်ပြလိုပါသည်။ မိဘများ အနေဖြင့် မိမိတို့၏ကလေးငယ်များ ၎င်းတို့၏ အခွင့်အရေး များအား ၎င်းတို့ကိုယ်တိုင်သိရှိအောင် ဆောင်ရွက်ပေးရ မည် ဖြစ်သည်။ ပြည်လူထုအနေဖြင့် ကလေးများကြုံတွေ့ နေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို လူမှုကွန်ရက် စာမျက်နှာများတွင်ဖော်ပြ၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်သလို ပါဝင်ဖြေရှင်း ဆောင်ရွက်ပေးရမည် ဖြစ်သည်။
သို့ဖြစ်ရာ ယခုနှစ် ကမ္ဘာ့ကလေးများနေ့ဆောင်ပုဒ် ဖြစ်သည့် “ကလေးအားလုံးရဲ့ အနာဂတ်လှပဖို့ စိတ်ကူးပုံဖော်ဆောင်ရွက်စို့”နှင့်အညီ ကလေးများ၏ အနာဂတ် ဘဝ သာယာလှပစေဖို့အတွက် ကလေးသူငယ်အားလုံး ကလေးသူငယ်အခွင့်အရေးများ အပြည့်အဝရရှိနိုင်ရေး အစိုးရနှင့်အတူ မိဘ၊ ရပ်ရွာလူထုက ဟန်ချက်ညီညီ ဝိုင်းဝန်းကြိုးစား အကောင်အထည်ဖော်ပေးကြရန် တိုက်တွန်းအပ်ပါသည်။ ။
- Log in to post comments