ပိုး နှင့် လူ

Type
77

 

သမားအို
 

 

အခုရက်ပိုင်းအတွင်းမှာ ကျေးဇူးရှင် ဆရာ၊ ဆရာမကြီးတွေကို အထူးပဲ သတိရနေမိတယ်။ သူတို့ကျေးဇူးနဲ့ မြန်မာပြည်ကြီးမှာ “ကျောက်ကြီးရောဂါ” (Smallpox) လုံးဝပျောက်သွားခဲ့တယ်။ ရာစုနှစ်တစ်ဝက် ရှိသွားပါပြီ။ ပြည်သူ့ကျန်းမာရေး (Public Health) ကဏ္ဍရဲ့ သမိုင်းဝင်အောင်ပွဲကြီးလည်း ဖြစ်ပါတယ်။ တိုင်းပြည် လွတ်လပ်ရေးရပြီးချိန်မှာ မြန်မာ့ကျန်းမာရေးဝန်ထမ်းတွေရဲ့ လက်ရုံးကို ဆန့်တန်းပြလိုက်တဲ့ ပွဲလည်း ဖြစ်ပါတယ်။ အောက်ခြေက စွန့်စားအကောင်အထည်ဖော်ခဲ့ရတဲ့ “ကျောက်ထိုးဆရာ” တွေကြောင့်လည်း ကျွန်တော်တို့ဆရာကြီးတွေရဲ့ စီမံချက်တွေ အောင်မြင်ခဲ့ရတယ်ဆိုတာ သေချာပါတယ်။
ဒီနေ့မှာ ဆရာသမားတွေရဲ့ ကျေးဇူးကို ထပ်ပြီး သတိရစေတာကတော့  “မျောက်ကျောက်ရောဂါ” ကြောင့်ပါပဲ။

 

ကျောက်ကြီးရောဂါကို ပပျောက်အောင် လုပ်နိုင်ခဲ့ပေမယ့် “ရေကျောက်ရောဂါ”  (Chicken Pox) ရောဂါကိုတော့ ရံဖန်ရံခါ တွေ့နေရဆဲပါ။ သာမန် အဖျားအနာလောက်ပဲ   သဘောထားကြတယ်။ နည်းနည်း ဖျားတယ်။ ယားယံမယ်။  အဖုငယ်ကလေး တွေ ပေါက်လာမယ်။  ရေကြည်ဖုလေးတွေအဖြစ်နဲ့ အရေပြားပေါ်မှာ   တွေ့လာရပြီး   မကြာခင်မှာပဲ ပျောက်သွားတာ တွေ့နိုင်တယ်။ မသေပါဘူး။

 


မျောက်ကျောက်ရောဂါ


အခုကျတော့ “မျောက်ကျောက်ရောဂါ” (Mon-key Pox) ဆိုတာလည်း ကျောက်ရောဂါ ဗိုင်းရပ်စ် ပိုးအမျိုးအနွယ်တွေထဲက တစ်ခုကြောင့်ပါပဲ။ 

 


ကူးစက်မှု   များလာတယ်။   အသေအပျောက် လည်းရှိနိုင်တယ်လို့    ဆိုကြတယ်။   ဒါပေမယ့် ကျောက်ကြီးရောဂါ   ကာကွယ်ဆေး   (Smallpox Vaccine) ထိုးထားပြီး သူတွေမှာဖြစ်တာ မတွေ့ရ ဘူးလို့ဆိုတယ်။  ကျွန်တော်တို့ရဲ့  လက်မောင်းမှာ ကျောက်ဆေးထိုးရာတွေ တစ်သက်လုံးစွဲပြီး ရှိနေ တာပဲ။ ဒါ့ကြောင့် လူငယ်တွေလို  သောကမပွေရဘဲ မျောက်ကျောက် ရောဂါအတွက် မပူပင်ရတော့တာ ဟာလည်း   အဲဒီတုန်းက  ကျေးဇူးရှင်ဆရာကြီးတွေ၊ ဆရာလေးတွေ၊ ဝန်ထမ်းတွေကြောင့်မို့ သတိရစရာ ဖြစ်လာခဲ့ရပါတယ်။ 

 


အက်ဒွပ်ဂျင်နာ  (Edward Jenner) ရဲ့ တီထွင်မှု ရလဒ်အဖြစ်နဲ့  နွားကျောက်ရောဂါ  (Cow  Pox) ရောဂါပိုးကို ကျောက်ကြီးရောဂါကာကွယ်ဖို့ သုံးနိုင် လာဖို့ တစ်ကမ္ဘာလုံးထိုးပေးလိုက်တဲ့အတွက် ၁၉၇၀ နောက်ပိုင်းမှာ ကျောက်ကြီးရောဂါ ပပျောက်သွား တယ်။ ၁၉၈၀ နောက်ပိုင်းမှာတော့ ကာကွယ်ဆေး ထိုးဖို့ မလိုတော့ဘူးလို့ ဆုံးဖြတ်ရပ်ဆိုင်းခဲ့တယ်။

 


အခု နှစ်ပေါင်းလေးဆယ်ကျော်အတွင်း လူငယ်၊ လူလတ်ပိုင်းမှာ    ကျောက်ရောဂါဆိုတာလည်း မကြားဖူးတော့ဘူး။ ကျောက်ဆေးလည်း မထိုးရ တော့ဘူး။   လက်မောင်းတွေမှာလည်း   ဆေးထိုး အမာရွတ်တွေ   မတွေ့နိုင်တော့ပါဘူး။ တစ်ဖက် ကလည်း သုတေသီတွေက  ကျောက်ဆေးထိုးထားရုံ နဲ့  ရေကျောက်ရောဂါတွေကို အတိုင်းအတာတစ်ခု အထိ ကာကွယ်နိုင်တယ်လို့ဆိုလာတော့ အမေရိကန် နိုင်ငံမှာ  ကျောက်ဆေးပြန်ထိုးဖို့  အကြံပြုသံတွေ ထွက်လာပါတယ်။ 

 


ခေတ်လူငယ်တွေရော၊ လူကြီးတွေပါ မျောက် ကျောက်ရောဂါအကြောင်းတော့ သိထားမှဖြစ်မယ်။ နိုင်ငံအနည်းငယ်မှာ လူပေါင်းတစ်ရာကျော်လောက် က ဖြစ်နေတယ်။ ကျောက်ရောဂါကို ကြောက်ခဲ့ရတဲ့ ကျွန်တော်တို့အတွက်တော့ စိုးရိမ်စိတ်တွေ ပြန်ပေါ် လာတယ်။ အခု ရောဂါပြန့်ပွားနေတဲ့ နိုင်ငံပေါင်း ၂၅ နိုင်ငံဟာ ကျွန်တော်တို့နဲ့ အလှမ်းဝေးပါသေးတယ်။ ဒီမျောက်ကျောက်ရောဂါဟာ ကိုဗစ်-၁၉ ကပ်ရောဂါ လို ဖြစ်ဖို့ အဝေးကြီးလိုပါသေးတယ်။ ကပ်ရောဂါဖြစ် ဖို့ဝေးပေမယ့် ကူးစက်ခံရဖို့ဆိုတာက နိုင်ငံချင်းဝေး တာနဲ့ မဆိုင်ဘူး။ ကမ္ဘာရွာကြီးမှာ ဘယ်နေရာမဆို တစ်ကြောင်းကြောင်းနဲ့  ပျံ့နိုင်တာမို့  သတိကြီးကြီး ထားဖို့တော့ လိုပါတယ်။

 


မျောက်ကျောက်ရောဂါဆိုတာ အခုမှ ထဖြစ်တာ မဟုတ်ပါဘူး။ ၁၉၅၈ ခုနှစ်ကတည်းကဆိုတော့ ကြာလှပေါ့။  အာဖရိကတိုက်မှာပဲ  အခြေစိုက်ဖြစ် ခဲ့တယ်။ အထူးသဖြင့် အာဖရိကအလယ်ပိုင်းဒေသ (Central Africa) မှာ ဖြစ်တဲ့ မျောက်ကျောက်ရောဂါက အသေအပျောက်ပိုများတယ်။  ၁၀ ယောက်ဖြစ်ရင် တစ်ယောက်သေတယ်။ အခုထက်ထိလည်း ရောဂါ ကူးစက်မှုဟာ ဒေသပြဿနာ (Endemic) အဖြစ်နဲ့ ရှိနေဆဲပဲ။

 


ဗီဇပြောင်းမျိုးကွဲမှု  မဖြစ်သေး


အင်္ဂလန်နိုင်ငံကို ပျံ့၊ ဥရောပနိုင်ငံတွေ၊ အမေရိ ကန်နိုင်ငံ၊ ကနေဒါ   စတဲ့နိုင်ငံတွေကို  ပျံ့သွားတဲ့ မျောက်ကျောက်ရောဂါမျိုးကတော့ နိုင်ဂျီးရီးယား နိုင်ငံကလာတဲ့  မျိုးကွဲလို့ဆိုတယ်။ ကူးစက်မှုရှိပေ မယ့် တစ်ရာမှာမှ တစ်ယောက်လောက်ပဲ သေနိုင် တယ်လို့ ဆိုပါတယ်။ အဲဒီဗိုင်းရပ်စ်ပိုးမျိုးတွေဟာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်လို  ဗီဇပြောင်းမျိုးကွဲမှု  မဖြစ် သေးတဲ့အတွက် ကံကောင်းတယ်လို့လည်း ဆိုကြပါတယ်။

 


ကူးစက်ရောဂါတွေရဲ့    ထုံးစံအတိုင်း   လူ တစ်ယောက်က   တစ်ယောက်ကို    ကူးတယ်။ ကျောက်ပေါက်တာဖြစ်တဲ့အတွက် လူရဲ့ကိုယ်ပေါ်မှာ ထွက်လာတဲ့ အဖုတွေ အရည်ကြည်တွေ တည်နေ တယ်။ ပေါက်ထွက်သွားရင် ပေကုန်တယ်။ ထိတွေ့မိ တဲ့လူတွေကို ကူးသွားနိုင်တယ်။ အထူးသဖြင့် လက် ကနေတစ်ဆင့် ကူးသွားတာပါပဲ။ ဒါ့အပြင် လူနာရဲ့ အဝတ်အစား၊   လူနာနဲ့   ထိတွေ့ထားတဲ့  အသုံး အဆောင်နဲ့ ပတ်ဝန်းကျင်ကပစ္စည်းတွေမှာ ရောဂါ ပိုးက ရှိနေနိုင်တယ်။ ဆန်စင်ရာ ကျည်ပွေ့လိုက်သလို ပဲ နောက်ကလိုက်ပြီး ပိုးသတ်နေဖို့  အတော်ပဲခက် ပါတယ်။

 


ပိုဆိုးလာတာက လိင်ဆက်ဆံဖက်တွေ  (အထူး သဖြင့် လိင်တူဆက်ဆံသူတွေနဲ့  နှစ်ဖက်ချွန်တွေ) မှာ ကူးစက်လာတာတွေ ဥရောပမှာတွေ့လာရတယ်။ အင်္ဂလန်နိုင်ငံမှာလည်း  ဒီလိုတွေ့တယ်။ စပိန်နိုင်ငံ မှာတော့ ရေနွေးငွေ့ရေချိုးခန်း (Sauna) တွေမှာ ကူးစက်ပျံ့နှံ့မှုတွေ    ရှိလာတာ  တွေ့ကြရတယ်။ ဒါပေမယ့် ကျား/မ လိင်အင်္ဂါတွေက ထွက်လာတဲ့ အရည်တွေကြောင့်   ကူးစက်တာ   ဟုတ်/  မဟုတ် သုတေသနပြုကြဆဲပါပဲ။ သေချာတာကတော့ လူ တစ်ဦးနဲ့တစ်ဦး အချိန်ကြာကြာ ထိတွေ့မှုရှိလာလေ ကူးစက်ဖို့အန္တရာယ်များလေလေပဲ ဆိုတဲ့အချက်ကို ထောက်ပြကြတယ်။ ဒီလိုသာဆိုရင်တော့ ကမ္ဘာမှာ ပြဿနာ ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စိုးရိမ်လာပြီး အလေးအနက် စိုးရိမ်နေ တယ်လို့ ဆိုပါတယ်။

 


အမေရိကန်တွေကတော့    ယခင်ကတည်းက စီမံချက်ချပြီးလို့ သိပ်မစိုးရိမ်ကြောင်း ပြောကြတယ်။ သူတို့က “လေထိမခံ  အမေရိကန်”  ဆိုတဲ့အတိုင်း ကိုယ့်ကို ထိမှာကြောက်လို့  ပိုးမွှားလက်နက်တွေနဲ့ အတိုက်ခိုက်ခံရရင်  ခုခံဖို့အတွက်  ရောဂါကာကွယ် ဆေးတွေထိုးထားတယ်လို့   ဆိုပါတယ်။   ကျောက် ရောဂါပျောက်သွားပြီလို့    ကြေညာထားပေမယ့် ကျောက်ရောဂါပိုးမျိုးတွေကို     သိမ်းထားပြီး   ဇီဝ လက်နက်အဖြစ်    လုပ်လို့ရတာမို့     ဖြစ်လာရင် ကာကွယ်ဖို့ အစီအမံတွေရှိထားပြီးပြီလို့လည်း ဆိုပါ တယ်။    အရေးကြီးတဲ့   သတင်းအချက်အလက်က တော့ ကျောက်ရောဂါကာကွယ်ဆေးတွေကို ထိုးပီး မျောက်ကျောက်ရောဂါရဲ့ ၈၀ ရာခိုင်နှုန်းကို ကာကွယ် နိုင်တဲ့ သတင်းပါပဲ။

 


အမေရိကန်ပြည်မှာ မျောက်ကျောက်ရောဂါကု ဆေးကလည်း  ရှိနှင့်ပြီးပြီလို့  ဆိုပါတယ်။  ရောဂါ ဖြစ်လာရင်တောင် ပျောက်အောင်ကုနိုင်တဲ့ဆေးတွေ လက်ထဲမှာ ရှိနေကြပါတယ်။ အခြေအနေပေါ်မူတည် ပြီး ဆေးထုတ်လုပ်ဖို့ ညှိနှိုင်းဆွေးနွေးနေပါတယ်။ အဓိက သတင်းအချက်အလက်ကတော့  မျောက် ကျောက်ရောဂါဟာ    ကာကွယ်လို့လည်းရတယ်။ ကုသလို့လည်း ရတယ်ဆိုတဲ့ အချက်ပါပဲ။

 


မြန်မာနိုင်ငံအနေနဲ့ကတော့ ရောဂါကူးစက်ပျံ့နှံ့ နေတဲ့ ဒေသတွေနဲ့ ဝေးနေသေးတာမို့ စိုးရိမ်စရာ တော့ မရှိသေးပါဘူး။ ဒါပေမယ့် ဒီနေ့သတင်းတစ်ရပ် မှာတော့ စင်ကာပူမှာလည်း ကူးစက်မှုရှိလာတယ် ဆိုတဲ့အချက်က သတိထားစရာ ဖြစ်လာပါတယ်။ လက်ရှိအခြေအနေအရ   မျောက်ကျောက်ရောဂါ ကူးစက်ပုံဟာ နှစ်မျိုးဖြစ်နေပါတယ်။ တစ်မျိုးက ခရီးသွားရင်း  ကူးစက်ပါလာတဲ့   မျောက်ကျောက် ရောဂါ၊ နောက်တစ်မျိုးက နိုင်ငံတွင်း ဒေသအတွင်း မှာပဲ (ခရီးမသွားဘဲနဲ့) ကူးစက်မှု (Community Transmission)တွေပဲ ဖြစ်ပါတယ်။

 


အင်္ဂလန်နိုင်ငံမှာ  ဒီနှစ်ထဲ  စတွေ့တဲ့ရောဂါကို နိုင်ဂျီးရီးယားနိုင်ငံကနေ    ကူးစက်လာခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်  လွန်ခဲ့တဲ့  နှစ်နှစ်၊ သုံးနှစ် လောက်ကတည်းကပဲ  အင်္ဂလန်မှာ  မျောက်ကျောက် ရောဂါဖြစ်သူတွေကို တွေ့ခဲ့ကြောင်း မှတ်တမ်းတွေ ရှိနေပါတယ်။  ကိုဗစ်-၁၉  ရောဂါကာလအတွင်းမှာ ပိုပြီးဂရုစိုက်စစ်ဆေးလာကြလို့ ကလေးတွေမှာဖြစ် တဲ့   ရုတ်တရက်ပြင်းထန်    အသည်းရောင်ရောဂါ (Fevers Acute Hepatitis) နဲ့ အခု မျောက်ကျောက် ရောဂါ (Monkey Pox) တွေကို ပိုပြီးသတိပြုမိကြ ပြီး မီဒီယာထဲမှာ ဖြန့်ဝေနေကြတာပဲ ဖြစ်ပါတယ်။

 


ဒီသတင်းတွေကြားပြီးတော့  မြန်မာလူထုထဲမှာ လည်း စိုးရိမ်စိတ်တွေ  ဝင်လာတာတွေ့ရပါတယ်။ နွေအကုန် မိုးဦးကျကာလမှာ ပူအိုက်စွတ်စိုလွန်းတဲ့ အတွက် မြန်မာတွေအတွက်  ယားနာတွေပေါများ လာတဲ့ ကာလပဲဖြစ်ပါတယ်။ အပူဒဏ်နဲ့ ချွေးပေါက် တွေ    ပိတ်ဆို့မှုကြောင့်   မိတ်ဖုတွေထွက်တယ်။ ယားလို့ကုတ်တယ်။ ကုတ်လို့ ပိုးဝင်ပြီး အနာတွေဖြစ်  တယ်။ အဲဒီအနာတွေထဲကမှ အချို့ဗက်တီးရီးယား ပိုးတွေဟာ  ယားနာအဖုအပိမ့်တွေ   ဖြစ်စေတယ်။ အချို့ဆိုရင်   အရည်တွေထွက်၊  သွေးတွေထွက်တဲ့ အထိ ကုတ်ကြတယ်။ ဆိုရှယ်မီဒီယာထဲမှာ တက်လာတယ်။

 


မျောက်ကျောက်ရောဂါရဲ့ လက္ခဏာ


မျောက်ကျောက်ရောဂါရဲ့    လက္ခဏာတွေကို သိထားရင်တော့   စိုးရိမ်မှု    လျော့ပါလိမ့်မယ်။ ဗိုင်းရပ်စ်ပိုးဖြစ်လို့ ဖြစ်တဲ့ပုံစံတွေက အစပိုင်းမှာ အတူတူပဲ။ နည်းနည်း ဖျားမယ်။ နုံးမယ်။ ကိုက်ခဲ မယ်။ မစားချင်မသောက်ချင်ဖြစ်မယ်။ နောက်ပိုင်းမှာ တော့   ယားနာတွေ  ပေါက်လာမယ်။  အထူးသဖြင့် လက်ဖဝါးတွေ၊   မျက်နှာတွေမှာပါ      ထွက်တယ်။

 


အဲဒီ   ယားနာတွေကနေပြီး    အရည်ကြည်တည်နေတဲ့    အဖုတွေ ပေါက်လာမယ်။ အထူးသဖြင့်  လက်ဖဝါးတွေ၊  မျက်နှာတွေမှာပါ  ထွက်တယ်။   (အပူဒဏ်ကြောင့်ဖြစ်တဲ့    မိတ်ဖုတွေက    မျက်နှာနဲ့ လက်ဖဝါးမှာ မထွက်ပါ) အရေးကြီးတဲ့အချက်ကတော့ လည်ချောင်း နဲ့   ခံတွင်းအမြှေးပါး(Mucosa)  တွေမှာ   မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ်ဝင်လာလို့ အဖုတွေထွက်၊ အရည်ကြည်ဖုတွေကနေ နာကျင် ပြီး အစာမမျိုနိုင်ဖြစ်တတ်လို့  ဂရုစိုက်ဖို့လိုလာတယ်။   ဒီရောဂါဟာ   အသေအပျောက်နည်းပြီး   နှစ်ပတ်၊   သုံးပတ်ဆို   ပျောက်တတ် ပါတယ်။

 


လူတွေက  ကိုဗစ်-၁၉   ဗိုင်းရပ်စ်ရဲ့   လှည့်ကွက်အမျိုးမျိုးကို  ခံနေရဆဲဖြစ်လို့   ဗီဇတွေအပြောင်းအလဲ   ရှိနေသလားဆိုတာကို   စိတ်ပူနေကြတယ်။ ကံကောင်းတာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော် ကတည်းကပေါ်နေတဲ့    မျောက်ကျောက်ရောဂါ   ဗိုင်းရပ်စ်ပိုးဟာ အခုထက်ထိ မျိုးရိုးဗီဇမပြောင်းသေးပါဘူးလို့  WHO  က ဆိုနေ ပါတယ်။

 


ရောဂါပိုးကို  မစိုးရိမ်ရပေမယ့်  လူကို စိုးရိမ်ရပါတယ်။ ရောဂါ ဖြစ်ပြီး သေမှာ သိပ်မကြောက်ရပေမယ့် လူရဲ့အမူအကျင့်တွေထဲမှာ ရောဂါပျံ့စေတာတွေ   ရှိနေတယ်။   အလုပ်ကြောင့်ပဲ    ဖြစ်ဖြစ်၊ ဗဟုသုတ ရချင်လို့ပဲ ဖြစ်ဖြစ်၊ အပျော်ပဲဖြစ်ဖြစ် ခရီးသွားတာ များလာ ကြတယ်။  ပိုပြီး  အန္တရာယ်ဖြစ်လာတာကတော့  လိင်ဆက်ဆံမှု အထိအတွေ့တွေဟာ (အထူးသဖြင့် လိင်တူဆက်ဆံမှု)ရောဂါပျံ့နှံ့မှု ကို ပိုဆိုးစေတယ်ဆိုတဲ့  အချက်ပါပဲ။ ဒီကိစ္စကတော့  AIDS ပြဿနာ နဲ့  HIV   ပိုးကူးစက်မှု    စတင်ကတည်းက     အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံမှု (Safer Sex)တွေ အတွက် ပညာပေးနေကြပေမယ့်  ဒီကနေ့ထက်ထိ ပြင်လို့မရပါဘူး။ ဒါကြောင့်  ကမ္ဘာ့ပညာရှင်တွေက ရောဂါပိုးကို ထိန်းချုပ်ဖို့မခက်ပေမယ့် လူလူချင်း ပျံ့နှံ့မှုကို ထိန်းချုပ် ရခက်တယ်လို့ ဆိုလာကြပါတယ်။

 


အမှန်တော့    ရောဂါကာကွယ်ရတာ   မခက်ပါဘူး။    ပုံမှန် ကူးစက်မှုက ရောဂါပိုးပါတဲ့ အရည်တွေ၊ အရိအရွဲတွေကနေ ကူးစက် တာပိုများပါတယ်။    လက်ကို     ခဏခဏဆေးမယ်။   ရောဂါပိုးနဲ့ ထိတွေ့မှုရှိနိုင်တယ်လို့   သံသယရှိတဲ့   အသုံးအဆောင်ပစ္စည်းတွေကို ပိုးသန့်ဖို့   ကြိုးစားရင်ဖြစ်ပါတယ်။   ရောဂါဖြစ်တဲ့  လူကလည်း သီးသန့်ခွဲနေဖို့လိုသလို    ကျန်းမာရေးဌာနတွေကို    အမြန်ဆုံး အကြောင်းကြားရင် ရောဂါစစ်ဆေးပေးနိုင်တယ်။ ရောဂါမပျံ့အောင် ကာကွယ်ပေးနိုင်တယ်။ 


ရောဂါမပြင်းထန်အောင်         ကုသဆေးတွေပေးနိုင်မှာဖြစ်တဲ့ အတွက်  ကိုဗစ်-၁၉ လို မဆိုးပါဘူး။     ။