
နေပြည်တော် ဇွန် ၅
နိုင်ငံအတွင်းသို့ ပြည်ဝင်ဗီဇာအမျိုးမျိုးဖြင့် ဝင်ရောက် သွားလာနေထိုင်ကြသည့် နိုင်ငံခြားသားများနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာများ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ခေတ်မီနည်းပညာ၊ စက်ကိရိယာများ တပ်ဆင်အသုံး ပြုကာ စီမံခန့်ခွဲမှုစနစ် မြှင့်တင်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း ယနေ့ နံနက် ၈ နာရီက လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီသည် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဦးစီးမှူးရုံး များမှ ဝန်ထမ်းများအား တွေ့ဆုံရာ၌ ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံသား မှတ်ပုံတင်ခြင်း လုပ်ငန်းများကိုလည်း ယခင် ဆောင်ရွက်ထုတ်ပေးထားသည့် မှတ်တမ်းမှတ်ရာ၊ စာရွက်စာတမ်း၊ အထောက်အထားများကို နည်းပညာစက်ကိရိယာများဖြင့် ပြန်လည်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါကြောင်း ယခုနိုင်ငံတော်၏ အနာဂတ်အတွက် မဖြစ်မနေဆောင်ရွက်နေသည့် မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးအတွက် အဓိကကျသည့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆) နှင့် နိုင်ငံသားကတ်ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄) မှတ်တမ်းများအား ကွန်ပျူတာဖြင့်ဖြည့်သွင်း ကာ Online ဖြင့် နေပြည်တော်ရုံးချုပ်ရှိ Server သို့ ပေးပို့သည့် လုပ်ငန်းစဉ်ကိုလည်း သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် မဲစာရင်း မှန်ကန်ရေးအတွက်သာမဟုတ်ဘဲ မိမိတို့ဌာနမှ ဆက်လက်ဆောင်ရွက်မည့် e-ID စနစ်လုပ်ငန်း အတွက်ပါ အသုံးပြုဆောင်ရွက်ရမည့် အချက်အလက် များ ဖြစ်ပါကြောင်း။
ထို့ပြင် မိမိတို့ဌာနမှ တာဝန်ယူ၍ ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်လျက်ရှိရာ ယခုအခါကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများအနက် ဆောင်ရွက်နိုင်သမျှ လုပ်ငန်း များကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များသည် နိုင်ငံ့ အကျိုးအတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်ပြီး စနစ်တကျ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းတိုင်းကဌာန၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ကျွမ်းကျင်ပိုင်နိုင် ကြရန်လိုကြောင်း၊ တိုးတက်နေသော ခေတ်စနစ်နှင့် အညီ ရင်ပေါင်တန်း လုပ်ဆောင်နိုင်ရေးအတွက် နည်းပညာနှင့် ဘာသာစကားကျွမ်းကျင်ရေးအတွက် အစဉ်လေ့လာသင်ယူကြရန်လည်း လိုကြောင်း၊ ပြည်သူများနှင့် ဆက်ဆံဆောင်ရွက်ရာတွင်လည်း ကိုယ်ချင်းစာတရားဖြင့် ယဉ်ကျေးပျူငှာစွာ ဆက်ဆံ ဆောင်ရွက်ကြရန်၊ နိုင်ငံ့ဝန်ထမ်းများပီပီ နိုင်ငံတော် နှင့် ဌာနအပေါ် သစ္စာစောင့်သိကြရန်နှင့် အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်လိုကြောင်း ရှင်းလင်း မှာကြားကာ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်