မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေဖြင့် ထောပတ်ခြံများ၌ ပိုးမွှားစစ်တမ်းသုတေသန ပြုလုပ်မည်

 

ပြင်ဦးလွင် ဇွန်  ၄


မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း ထောပတ်ခြံများကို ရွေးချယ်ပြီး ပိုးမွှားစစ်တမ်းသုတေသန ကောက်ယူမှုကို  တစ်နှစ်ကြာ  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ   ထောပတ်သီးစိုက်ပျိုးထုတ်လုပ်  တင်ပို့ရောင်းချသူများအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးမျိုးညွန့် က ပြောကြားသည်။

 

အဆိုပါ ပိုးမွှားစစ်တမ်းသုတေသနကောက်ယူမှု အတွက် မြန်မာနိုင်ငံ စိုက်ပျိုးရေးဦးစီးဌာနနှင့် သီးနှံ ကာကွယ်ရေးဌာနခွဲတို့မှ ပညာရှင်များနှင့် ပူးပေါင်းပြီး ပိုးထောင်ချောက်များကို ထောပတ်ခြံများအတွင်း ချိတ်ဆွဲခြင်းကို မေလပထမပတ်မှစ၍ ဆောင်ရွက် ခဲ့ကြောင်း၊ ထောပတ်တွင် အဓိကဖျက်ပိုးဖြစ်သည့် သီးထိုးယင်နှင့် အခြားဖျက်ပိုးများကို ထောင်ချောက် ဖြင့်  ထောင်ဖမ်းခြင်းများ   ဆောင်ရွက်နေကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသကြီး အတွင်း ပြင်ဦးလွင်မြို့နယ်တွင် နှစ်ခြံ၊ ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် နှစ်ခြံ၊ ရှမ်းပြည် နယ်တောင်ပိုင်း တောင်ကြီးမြို့တွင်နှစ်ခြံ၌ ပိုးထောင် ချောက်များဖြင့်  ဖမ်းပြီး  ပိုးမွှားစစ်တမ်းသုတေသန ကောက်ယူဆောင်ရွက်နေကြောင်း သိရသည်။

 


“လောလောဆယ်မှာတော့    သီးထိုးယင်ပိုး တော်တော်များများ ဖမ်းမိထားတယ်။  ထောပတ်ခြံ တစ်ခြံမှာ သီးထိုးယင်တွေ ဘယ်ရာသီမှာ အများဆုံး လာသလဲ။ ဘယ်ရာသီက အနည်းဆုံးလဲ၊ ဘယ်ရာသီ မှာ ဒီပိုးကို သတ်ရင်  ထိရောက်မလဲ။  အဲဒါတွေကို သုတေသနလုပ်ဖို့ ပိုးကောင်ရေအနည်းအများ သိရ အောင်လို့  တစ်နှစ်ပတ်လုံး  ပိုးထောင်ချောက်တွေ ဆောင်ရွက်ရတာပါ။

 

ပြန့်ပွားလွယ်တဲ့ပိုးမျိုး ကင်းရှင်း တယ်ဆိုရင် ပြည်ပပို့ကုန်အနေနဲ့   တင်သွင်းလို့ အဆင်ပြေတယ်။  ၁၅ ရက်တစ်ကြိမ်     ဒီပိုးတွေကို ထုတ်ရမှာပါ။  ဖမ်းထားတဲ့ပိုးတွေကို   စာအိတ်ထဲ ထည့်ပြီး သီးနှံကာကွယ်ရေးဌာနခွဲ(ရန်ကုန်)ကို ပို့ရ မှာပါ။ သူတို့က ဓာတ်ခွဲမယ်၊ ပိုးကောင်ရေနဲ့ ပိုးအမျိုး အစား ခွဲမယ်။ ပထမအဆင့်က ပိုးမွှားစုဆောင်းတာ အရင်လုပ်ရမှာပါ။ ပိုးအမျိုးအစားအလိုက် ဘယ်လို ဆေးမျိုးနဲ့ နှိမ်နင်းရမလဲဆိုတာ  ခွဲခြားစိတ်ဖြာနိုင် အောင်လို့ အခုလိုမျိုး  စပြီး  စုဆောင်းနေတာဖြစ်ပါ တယ်” ဟု ဒုတိယဥက္ကဋ္ဌက ရှင်းပြသည်။

 


ထိုသို့ ပိုးမွှားစစ်တမ်းသုတေသန  လုပ်ဆောင် သည့်အတွက် ထောပတ်သီးတွင် မည်သည့်ပိုးများရှိပြီး ယင်းဖျက်ပိုးများသည် လက်ခံနိုင်သည့် ဖျက်ပိုးဟုတ် မဟုတ်နှင့်  မဟုတ်ပါက   မည်သို့နှိမ်နင်းရမည်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ သုတေ သနအစီအစဉ်သည် တရုတ်နိုင်ငံသို့  Export  ပို့ရန် အတွက်သာမဟုတ်ဘဲ အခြားနိုင်ငံဈေးကွက်များ အတွက်ပါ အရေးကြီးကြောင်း၊ ထို့ကြောင့် ယခုအချိန် မှစပြီး  နိုင်ငံတကာစံချိန်စံညွှန်းနှင့်   ကိုက်ညီစေရန်  စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်     တင်ပို့ရောင်းချသူများအသင်း တို့  ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း   သိရ သည်။


မင်းထက်အောင် 
(မန်းကိုယ်ပွား)