ပြည်သူများ၏လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ပြည့်မီစွာထုတ်လုပ်ပေးနိုင်ရေး စီမံဆောင်ရွက်ထားရန်လိုအပ်

 

နေပြည်တော်     ဇွန်    ၄  


လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် လျှပ်စစ် စွမ်းအားဝန်ကြီးဌာန   ဒုတိယဝန်ကြီး   ဒေါက်တာ အောင်ဇေယျနှင့်အတူ     ယနေ့      နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားပေးစက်များ   မောင်းနှင်နေမှု၊   လျှပ်စစ် ဓာတ်အား ထုတ်လုပ်နေမှုနှင့် ပေါင်းလောင်းရေလှောင် တမံတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်  အဖွဲ့သည်  ပေါင်းလောင်းရေလှောင်တမံသို့ရောက်ရှိရာ ရှင်းလင်း ဆောင်ခန်းမ၌ တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ကြပြီး  ရေအားလျှပ်စစ်  အကောင်အထည်ဖော်ရေး ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်  ဦးဟိန်းထက်နှင့် ဒုတိယဝန်ကြီး     ဒေါက်တာ     အောင်ဇေယျတို့က ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။

 


တင်ပြမှုများအပေါ်  ပြည်ထောင်စုဝန်ကြီးက လာမည့်နွေရာသီအမီ လျှပ်စစ်ဓာတ်အားလိုအပ်ချက် အား ပြည့်မီအောင်   ထုတ်လုပ်ပေးနိုင်ရန်အတွက် ရေလှောင်တမံအတွင်းသို့    စီးဝင်လာသည့်ရေကို စနစ်တကျစီမံ၍      ဓာတ်အားထုတ်လုပ်နိုင်ရန်နှင့် ရေဂိတ်တံခါးပါ ရေပိုလွှဲ ပြင်ဆင်တည်ဆောက်မည့် အခြေအနေတို့နှင့်ပတ်သက်၍ မှာကြားခဲ့ပြီး တမံ၏ ကြံ့ခိုင်မှုအခြေအနေ၊ ရေလှောင်တမံအတွင်း ရေဝင် ရောက်မှု၊ ရေသိုလှောင်ထားရှိမှုနှင့် ရေဂိတ်တံခါးပါ ရေပိုလွှဲပြင်ဆင်တည်ဆောက်မည့် အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ စက်ရုံအစည်းအဝေးခန်းမတွင်        စက်ရုံမှူးက ဓာတ်အားပေးစက်ရုံဆိုင်ရာ   အချက်အလက်များ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှု၊   ရေလှောင်တမံ အတွင်း  ရေဝင်ရောက်မှု၊   ရေသိုလှောင်ထားရှိမှုနှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ချိတ်ဆက်၍ လျှပ်စစ် ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေအနေ များကို    ရှင်းလင်းတင်ပြရာ   လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးဟိန်းထက်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

 


တင်ပြမှုများအပေါ်   ပြည်ထောင်စုဝန်ကြီးက ဓာတ်အားပေးစက်များကို ကြံ့ခိုင်မှုရှိစေရေး စဉ်ဆက် မပြတ် စစ်ဆေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြည်သူများ၏လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ပြည့်မီစွာထုတ်လုပ်ပေးနိုင်ရေး စီမံဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ဓာတ်အားပေးစက်ရုံ သန့်ရှင်း သာယာလှပရေးနှင့်    လုံခြုံရေးကို   အထူးဂရုပြု ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နှစ်စဉ်တိုးတက်သုံးစွဲလာသော  လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို     တိုးတက်ဖြန့်ဖြူးပေးနိုင်ရန်နှင့် တစ်နှစ်ပတ်လုံး စဉ်ဆက်မပြတ်ထုတ်လုပ်၍ လျှပ်စစ် ဓာတ်အား တည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရန်အတွက် ရေအားလျှပ်စစ်စက်ရုံများ၊ နေရောင်ခြည်စွမ်းအင်သုံး စက်ရုံများ၊  သဘာဝဓာတ်ငွေ့နှင့်  အပူစွမ်းအင်သုံး စက်ရုံများ      စသည့်လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို Generation Mix တွင် အရင်းအမြစ် မျိုးစုံ ပါဝင်ထုတ်လုပ်နိုင်ရေးတို့ကို ဟန်ချက်ညီညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း   ပြောကြား ခဲ့ပြီး    ဝန်ထမ်းများနှင့်   ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများကို ဂုဏ်ပြုထောက်ပံ့ငွေများ ချီးမြှင့် သည်။ 

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားထိန်းချုပ်ခန်းနှင့် တာဘိုင်စက်ခန်းများအတွင်း ဓာတ်အားပေးစက်များ မောင်းနှင်၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက် ပြီး လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှု တို့ကို  လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း  သိရသည်။

သတင်းစဉ်