အားလုံး၏အနာဂတ် အားလုံး၏ သဘာဝပတ်ဝန်းကျင်

Type

 

သိန်းထွန်း (IR)

 

အနာဂတ်အရေး


ယခုနှစ်အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့  ဆောင်ပုဒ်မှာ တစ်ခုတည်းသော ကမ္ဘာမြေ (Only One Earth) ဖြစ်ပါသည်။ အဓိပ္ပာယ် ကြွယ်ဝ လှသည့် ဆောင်ပုဒ်ဟု ညွှန်းဆိုချင်ပါသည်။ လူသား တို့နေထိုင်ရာ ကမ္ဘာကြီးမှာ ဤစကြာဝဠာ နယ်ပယ် တစ်ခွင်တွင် လူသားတို့ နေထိုင်နိုင်သည့် တစ်ခုတည်း သောဂြိုဟ် ဖြစ်ပါသည်။  ယနေ့အထိ   ဤကမ္ဘာ မြေကြီးမှလွဲ၍    အခြားဂြိုဟ်များတွင်   လူသားတို့ နေထိုင်၍မရသေးပါ။ 

 


ကမ္ဘာကြီးသည် လူသားတို့အတွက် တစ်ခုတည်း သော  နေအိမ်ပင် ဖြစ်ပါ၏။   ဤကမ္ဘာမြေကြီး၏ သဘာဝပတ်ဝန်းကျင်  ပျက်စီးသွား၍   သဘာဝ ကပ်ဘေးများ ကျရောက်လာလျှင် လူသားတို့ ဘယ် နေရာ၊ ဘယ်ဂြိုဟ်တွင် သွားနေကြမည်နည်း။

 

အဖြေ မရှိသေးသော မေးခွန်းဟု ဆိုရပါမည်။ လက်တွေ့ တွင်လည်း ထိုမေးခွန်းအတွက်  အဖြေမရှိသေးပါ။ လူသားတို့နေထိုင်ရန် ဤကမ္ဘာမြေကြီးမှလွဲ၍ အခြား နေရာနတ္ထိဖြစ်ပါ၏။ သို့ဖြစ်၍  တစ်ခုတည်းသော ကမ္ဘာမြေဟု ဆိုခြင်းပင် ဖြစ်ပါ၏။

 


သို့သော်လည်း  လူသားတို့   မှီတင်းနေထိုင်ရာ ကမ္ဘာမြေကြီး၏ သဘာဝပတ်ဝန်းကျင် ပျက်စီးသွား လျှင် ဆိုသည့်မေးခွန်းသည် ယနေ့ လူသားတို့ကို တစ်နေ့ထက်တစ်နေ့ ခြိမ်းခြောက်လာသော မေးခွန်း တစ်ခုဖြစ်လာနေသည်ကတော့   အမှန်ပင်ဖြစ်၏။

 

ယခုပင်လျှင်  သဘာဝပတ်ဝန်းကျင်  ပျက်စီးမှု၏ အကျိုးဆက်များကို လက်တွေ့ရင်ဆိုင်နေရပေပြီ။ တစ်ခါတစ်ရံ  စဉ်းစားမိသည်။   လူသားတို့သည် ခြသတ္တဝါများနှင့် တူသလိုရှိသည်။ ခြတို့သည် သူတို့ ရပ်တည်နေထိုင်ရန်  ပတ်ဝန်းကျင်ကို  ဖျက်ဆီးတတ်  ကြသည်။ သူတို့   ရှင်သန်ရပ်တည်ရေးသည်သာ အဓိကဖြစ်၍ ပတ်ဝန်းကျင်ပျက်စီးမှုသည် သာမည ဖြစ်သည်။ လူသားတို့အတွက်မူ ခြများစဉ်းစားသကဲ့ သို့ စဉ်းစား၍  မရနိုင်ပါ။ မိမိတို့ရှင်သန်ရပ်တည်ရေး အတွက် ရေတိုကိုကြည့်ရသကဲ့သို့ ရေရှည်ရှင်သန် ရပ်တည်ရေးကိုလည်း   ထည့်သွင်းစဉ်းစားကြရပေ လိမ့်မည်။ လူသားအားလုံး၏ အနာဂတ်နှင့် သဘာဝ ပတ်ဝန်းကျင်အကြား ဟန်ချက်ညီမှုကို အဖြေထုတ် ၍ ထိရောက်သောလိုက်နာမှု၊ ပြုပြင်ပြောင်းလဲမှုများ လိုအပ်နေပြီဖြစ်သည်။ ပစ္စုပ္ပန်နှင့် အနာဂတ်ရေရှည် ဖွံ့ဖြိုးတိုးတက်ရန်အတွက်   ပေါင်းကူးဖြစ်သော သဘာဝပတ်ဝန်းကျင်  မပျက်စီးရေး၊   ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်နှင့်အညီ နေထိုင်ရေးမှာ  အဓိကလိုအပ်ချက်တစ်ရပ် ဖြစ်လာ နေပါသည်။

 


ထိန်းသိမ်းကာကွယ်ရေး


သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင် ရာတွင် ယခင်ကလူသားတို့၏ လုပ်ဆောင်မှုကြောင့် ပျက်စီးသွားသော  သို့မဟုတ်   ဖျက်ဆီးခံရသော ဂေဟစနစ်များ ပြန်လည်ထူထောင်ရေးနှင့် အခြား သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ရည်ရွယ် ချက်များဖြင့်  လုပ်ဆောင်ကြပါသည်။   ယင်းသို့ လုပ်ဆောင်ရာတွင် ထိန်းသိမ်းရေး၊ ပြန်လည်ထူထောင် ရေး၊ ဖန်တီးရေး၊ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းစဉ် များ ပါဝင်ပါသည်။ ထိန်းသိမ်းရေးလုပ်ငန်းစဉ်တွင် တည်ရှိဆဲ  ကောင်းမွန်နေသည့် သဘာဝပတ်ဝန်း ကျင်အခြေအနေများကို တက်ကြွစွာ  ထိန်းသိမ်း သည့်လုပ်ဆောင်မှုများ ပါဝင်ပါသည်။ 

 


ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွင် ဖျက်ဆီး ခံထားရသောနေရာများ သို့မဟုတ် ပျက်စီးနေသည့် သဘာဝပတ်ဝန်းကျင်များ၊ ဂေဟစနစ်များ၊ လေထု ရေထု မြေထုညစ်ညမ်းမှုများ၊  သစ်တောပြုန်းတီးမှု များ၊ သက်ရှိမျိုးစိတ်များ မျိုးသုဉ်းမှုကို  ပြန်လည် ထူထောင်ရေး စသည်တို့ ပါဝင်ပါသည်။ လက်တွေ့ တွင်မူ  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် တစ်ဦးချင်းဆိုင်ရာ အသေးအမွှားလေးမှအစ သမုဒ္ဒရာ များ  ပူနွေးလာမှုအထိ   ကျယ်ပြန့်သောလုပ်ငန်း စဉ်များ ပါဝင်ပါ၏။  ညစ်ညမ်းမှုများ  လျှော့ချခြင်း၊ သဘာဝပတ်ဝန်းကျင်   ထိန်းသိမ်းကာကွယ်ခြင်း၊ သဘာဝတောရိုင်းတိရစ္ဆာန်များ  ကာကွယ်ခြင်းနှင့် ပြန်လည်အစားထိုးမရသည့်  သဘာဝရင်းမြစ်များ ထုတ်ယူသုံးစွဲမှု  လျှော့ချခြင်းများမှာ  ကမ္ဘာကြီး၏ ဂေဟစနစ်ထိန်းသိမ်းကာကွယ်ရေးအတွက် အရေး ပါသည့်လုပ်ငန်းစဉ်များ ဖြစ်ကြပါသည်။ ထိုလုပ်ငန်း စဉ်များတွင် တစ်ဦးချင်း လိုက်နာလုပ်ဆောင်ရမည့် အရာများရှိသကဲ့သို့    အစုအဖွဲ့လိုက်    လိုက်နာ စောင့်ထိန်းကာကွယ်ရမည့် လုပ်ငန်းစဉ်များလည်း ရှိပါသည်။

 


ထိုသို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် ရေးလုပ်ငန်းစဉ်များ မည်မျှကျယ်ပြန့်စေကာမူ ကမ္ဘာ ပေါ်တွင် လူသားများသည် အဓိကလွှမ်းမိုးသူများ ဖြစ်ကြသဖြင့် လူသားတို့သည် သဘာဝပတ်ဝန်းကျင် မပျက်စီးစေရန် ကန့်သတ်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ကို ကာကွယ်ခြင်းများ လုပ်ဆောင်ကြရမည်ဖြစ်ပါ သည်။ ဂေဟစနစ်များ တည်ငြိမ်ရန်နှင့် သဘာဝစနစ် များ ပုံမှန်လည်ပတ်စေရန်အတွက်သာမက ဂေဟ ဆိုင်ရာအသိုက်အဝန်းများ တိုးတက်ကောင်းမွန်လာ စေရေးလုပ်ဆောင်ရမည့် အဆင့်တိုင်းအတွက် လိုအပ် သော စွမ်းဆောင်ရည်များနှင့် ရင်းမြစ်များ လူသား တို့တွင် ရှိကြပါသည်။ 

 


တစ်ဦးချင်း လိုက်နာထိန်းသိမ်းရေး


တစ်ဦးချင်း  လိုက်နာထိန်းသိမ်းရေးအတွက်မူ “3Rs” ဖြစ်သည့် Reduce၊ Reuse၊ Recycle တို့ကို လိုက်နာခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း နိုင်ပါသည်။  သဘာဝရင်းမြစ်များ၏   တန်ဖိုးနှင့် အရေးပါမှုကို  လူထုအတွင်း   အသိပညာပေးခြင်းဖြင့် လည်း  အားလုံး၏  စုပေါင်းလုပ်ဆောင်မှုရရှိစေပြီး သဘာဝပတ်ဝန်းကျင်ကို    ထိန်းသိမ်းနိုင်ပါသည်။ လူတစ်ဦးချင်းအနေဖြင့် ရေအသုံးပြုမှုလျှော့ချခြင်း၊ စွမ်းအင် သုံးစွဲမှုလျှော့ချခြင်း၊ ပလတ်စတစ်အသုံးပြုမှု လျှော့ချ၍ ပြန်လည်အသုံးပြု၍ရသော အိတ်များ အသုံးပြုခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ ကားအသုံးပြုမှု လျှော့ချခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်အားပေးခြင်း၊ သဘာဝတောရိုင်းတိရစ္ဆာန်များ အား  မသတ်ဖြတ်ခြင်း၊   သဘာဝပတ်ဝန်းကျင်   ထိန်းသိမ်းရေးလုပ်ငန်းများတွင်  ပူးပေါင်းပါဝင်ခြင်း စသည်တို့မှာ တစ်ဦးချင်းအနေဖြင့်  လုပ်ဆောင်နိုင် ပြီး   သဘာဝပတ်ဝန်းကျင်နှင့်   ဂေဟစနစ်များကို   ထိန်းသိမ်းစောင့်ရှောက်နိုင်ပါသည်။

 


နိုင်ငံများအနေဖြင့်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေများ၊ မူဝါဒများ ချမှတ် ခြင်း၊  ထိရောက်စွာ   အကောင်အထည်ဖော်ခြင်း၊ လူထုနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ စီးပွားရေးလုပ်ငန်း များအနေဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန် ယူမှု တာဝန်ခံမှုရှိစေရန် ကြပ်မတ်ခြင်း၊ အသိပညာ ပေးခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်  ပူးပေါင်း ဆောင်ရွက်ခြင်းများ လုပ်ဆောင်နိုင်သည်။ ကျောင်း များတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာ ပေးမှုများ၊ လက်တွေ့လုပ်ဆောင်မှုများနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို  ငယ်စဉ်ကတည်းကပင် ပြုစု ပျိုးထောင်ပေးခြင်းဖြင့်  လူထုအတွင်း  သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာနှင့် လုပ်ဆောင်မှု များ ကျယ်ပြန့်လာစေနိုင်သည်။ ထို့အတူ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်နေသည့် အရပ်ဘက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ လူထုအသိ ပညာပေးခြင်း၊  သတင်းဖလှယ်ခြင်း၊ အကောင် အထည်ဖော်မှုများ ဆောင်ရွက်ခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ထိရောက်စေနိုင် ပါသည်။ 

 


အထူးသဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးလုပ်ငန်းစဉ်များသည် ခဏတာ ရေတိုလုပ်ဆောင် ရမည့် လုပ်ငန်းစဉ်များမဟုတ်ဘဲ စဉ်ဆက်မပြတ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည့် လုပ်ငန်းစဉ် များ ဖြစ်သည်။

 


အတူယှဉ်တွဲနေထိုင်ရေး


လူသားတို့သည် ဤကမ္ဘာမြေကြီး၏  သဘာဝ ပတ်ဝန်းကျင်အပေါ် မှီခိုရှင်သန် ရပ်တည်နေကြရပါ သည်။   လူသားတို့   အသက်ရှင်နေထိုင်စားသောက် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်မှန် သမျှကို ကမ္ဘာမြေကြီးက ထောက်ပံ့ပေးထားပါသည်။ သဘာဝတရားကြီးက  လူသားတို့အတွက် ရေ၊ မြေ၊ လေ၊  သယံဇာတ၊  စားရေရိက္ခာကဲ့သို့သောလိုအပ် ချက်တို့ကို ဖန်တီးပေးထားပါသည်။ ထိုဖန်တီးထားမှု များတွင် ထုတ်ယူသုံးစွဲ၍ ကုန်ဆုံးသွားနိုင်သောရင်း မြစ်များ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ၊ ပြန်လည် အစားထိုး၍ရသော သက်ရှိ/သက်မဲ့များ၊ ပြည်လည် အစားထိုး၍ မရသော သက်ရှိ/သက်မဲ့များ ပါဝင်ပါ သည်။ မြေပေါ်မြေအောက် သဘာဝသယံဇာတများ တွင် ရေနံ၊ သဘာဝဓာတ်ငွေ့ကဲ့သို့သော ရင်းမြစ်များ ကုန်ဆုံးသွားပါက  အစားထိုး၍   မရနိုင်တော့ပေ။ ကုန်ဆုံးသွားပါက  ထာဝရပျောက်ကွယ်သွားမည် ဖြစ်သည်။ အလားတူပင်   သဘာဝသစ်တောများ လျော့ပါးလာခြင်း၊  ပျောက်ကွယ်သွားခြင်းကြောင့် သစ်တောများဆုံးရှုံးမှုသာမက သစ်တောများတွင် မှီတင်းနေထိုင်ကြသည့်   တောရိုင်းတိရစ္ဆာန်များပါ ဆုံးရှုံးသွားမည်ဖြစ်သည်။ 

 


သစ်တောများကို ပြန်လည်အစားထိုး စိုက်ပျိုး နိုင်သော်လည်း အချို့သော တောရိုင်းတိရစ္ဆာန်များ ပျောက်ဆုံးသွားခြင်းနှင့် ဂေဟစနစ်များ ပျက်စီးမှုကို မူ ပြန်လည်အစားထိုး၍  မရနိုင်တော့ချေ။   ထို့ပြင် လူတို့၏ အပြုအမူများကြောင့် ရေထုညစ်ညမ်းလာ ကာ ရေနေသတ္တဝါများ၏ ကျင်လည်ကျက်စားမှုနှင့် ဂေဟစနစ်များ ပျက်စီးလာမည်ဖြစ်ပြီး ရေနေသတ္တဝါ များ လျော့နည်းလာမည်ဖြစ်သည်။ ယင်းကဲ့သို့သော သဘာဝပတ်ဝန်းကျင်  ပျက်စီးမှုများ၊  ဂေဟစနစ် ပျက်စီးမှုများနှင့် ယင်း၏ အကျိုးဆက်များ  များစွာ ကျန်ရှိနေပါသေးသည်။

 


သို့ဖြစ်ရာ  အပြန်အလှန်   ချိတ်ဆက်တည်မှီ နေသည့် ကမ္ဘာပေါ်ရှိ သက်ရှိ/ သက်မဲ့များ သဘာဝ အတိုင်း ဆက်တည်ရှိရန်ဆိုပါက လူသားတို့သည် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ယှဉ်တွဲ နေထိုင်ကြရမည်ဖြစ်ပါသည်။ လူတိုင်းက သဘာဝ ပတ်ဝန်းကျင်အသိဖြင့် ပြုမူနေထိုင်ဆောင်ရွက်ခြင်း သည် ကမ္ဘာကြီးကို ကာကွယ်စောင့်ရှောက်ခြင်းပင် ဖြစ်ပါ၏။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသည် အဓိကအားဖြင့် လူသားတို့၏အပြုအမူများကြောင့် ဖြစ်ရာ လူတို့၏နေထိုင်မှု ပုံစံများကို ပြုပြင်ပြောင်းလဲ ရန် လိုအပ်ပါမည်။ 

 


နေထိုင်မှုပုံစံပြောင်းလဲခြင်း 


ကမ္ဘာပေါ်တွင် လူဦးရေတိုးပွားလာခြင်း၊ လိုအပ် ချက်များ ပိုမိုများပြားလာခြင်း၊ စီးပွားရေး လုပ်ငန်း များ အပြိုင်အဆိုင်တိုးမြင့်လာခြင်းကဲ့သို့သော လူသား တို့၏ အခြေအနေနှင့် အပြုအမူများကြောင့် သဘာဝ ပတ်ဝန်းကျင်သည် တစ်နှစ်ထက်တစ်နှစ် ပျက်စီး လာနေပါသည်။ ထိုပျက်စီးမှုများ၊ ဖျက်ဆီးခံရမှုများ ကို ကာကွယ်ထိန်းသိမ်းရန်နှင့် သဘာဝပတ်ဝန်း ကျင် ရေရှည်တည်တံ့စေရန်မှာ လူသားတို့အတွက် အရေးကြီးသော စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါသည်။

 


လူသားတို့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာတွင် တစ်ဖက်တွင်  တိုးတက်၍  တစ်ဖက်တွင်  ပျက်စီး ဆုံးရှုံးမှုများရှိနေပါက  အကျိုးရှိသော  တိုးတက်မှုဟု ဆိုရန် ခက်ခဲပေလိမ့်မည်။ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်သော တိုးတက်မှုဖြစ်ရန် လိုအပ်ပါသည်။ သဘာဝပတ်ဝန်းကျင်ဆိုသည်မှာ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့၊ တစ်နိုင်ငံတည်းနှင့် သက်ဆိုင်သည်မဟုတ်ဘဲ လူသားအားလုံးနှင့် သက်ဆိုင်သော အရေးဖြစ်ပါ၏။ ထို့အတူ  ပစ္စုပ္ပန်တိုးတက်ရေးအတွက်   သဘာဝ ပတ်ဝန်းကျင်အပေါ်  မှီခိုအားထားနေကြရသကဲ့သို့ အနာဂတ်မျိုးဆက်သစ်တို့အတွက်လည်း  သဘာဝ ပတ်ဝန်းကျင်ကို  ထိန်းသိမ်းစောင့်ရှောက်ကြရမည် ဖြစ်သည်။ 

 


သို့ဖြစ်ရာ  လက်ရှိလူသားတို့သည်   သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိဖြင့် အစိမ်းရောင် နေထိုင်မှုပုံစံ၊ အစိမ်းရောင်စီးပွားရေး လုပ်ကိုင်မှုများ သို့  ပြောင်းလဲကြခြင်းဖြင့်   လူသားမျိုးဆက်များ အားလုံးတိုးတက်၍ ကမ္ဘာကြီးကိုလည်း စောင့်ရှောက် နိုင်မည်ဖြစ်ပါသည်။

 


ယနေ့ဆိုလျှင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှု များကြောင့် ကမ္ဘာကြီး   ဖျားနာနေပြီဖြစ်သည်။ ရောဂါဖြစ်မှ ကုသခြင်းထက် ရောဂါမဖြစ်မီကပင် ကာကွယ် ခြင်းက ဆုံးရှုံးမှုနည်းပါလိမ့်မည်။

 


အားလုံး၏အနာဂတ်


လူသားတို့၏ အနာဂတ်ဟုဆိုလျှင် ရုပ်ပိုင်းဆိုင်ရာ၊ ဉာဏပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဟု မြင်ကြ ပါလိမ့်မည်။ သိုသော် ထိုလူသားတို့ အသက်ရှည်စွာ ရှင်သန်ရပ်တည်ရန်နှင့်    ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆိုပါမူ ကျန်းမာသောသဘာဝပတ်ဝန်းကျင် လိုအပ် ပါသည်။ ထိုသို့ လူသားမျိုးနွယ်တစ်ရပ်လုံးအတွက် အရေးကြီးလှသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးကို လူတစ်ဦးချင်းတစ်ယောက်ချင်းမှစ၍   လူ့အဖွဲ့ အစည်းအလိုက်၊  နိုင်ငံအလိုက်၊  တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် စုပေါင်းထိန်းသိမ်း ကာကွယ် ကြရမည်  ဖြစ်ပါသည်။   သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ကုလသမဂ္ဂအပါအဝင် နိုင်ငံအသီးသီး၊ အဖွဲ့အစည်းအသီးသီးမှ လုပ်ဆောင် လျက်ရှိသော်လည်း သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ ဂေဟစနစ်များ ပျက်စီးမှု၊  တောရိုင်းတိရစ္ဆာန်များ မျိုးသုဉ်းမှု၊ ရေထု လေထု  မြေထု  ညစ်ညမ်းမှုများ၊ သစ်တောပြုန်းတီးမှုများမှာ   လျော့ကျမသွားဘဲ တိုးလာနေသည်ကို ပြန်လည်ဆန်းစစ်ကြရပါမည်။ ယင်းမှာ လူသားတို့အနာဂတ်ရပ်တည်ရေးအတွက် ကြီးမားသော  ခြိမ်းခြောက်မှုတစ်ခု  ဖြစ်နေသည့် အတွက် ဖြစ်ပါ၏။

 


အစားထိုးရန် အခြားမရှိ


ထို့ပြင်     ကုလသမဂ္ဂမှ     ချမှတ်ထားသော ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် အောင်မြင် ရန်ဆိုပါက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အခြေခံထား  လုပ်ဆောင်ကြရမည်   ဖြစ်ပါသည်။ တစ်ဖက်တွင်   လူသားတို့   ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နေပြီး တစ်ဖက်တွင် သဘာဝပတ်ဝန်း ကျင် ပျက်စီးနေပါ အိတ်ပေါက်နှင့် ဖားကောက်သကဲ့ သို့သာ ရှိနေပါလိမ့်မည်။ ဤကမ္ဘာမြေကြီး၏ သဘာဝ ပတ်ဝန်းကျင်ပျက်စီးသွားပါက အစားထိုးရန် အခြား မရှိပါ။ တစ်ခုတည်းသော ကမ္ဘာမြေကြီး ဆိုသည်မှာ လူသားတို့     အသက်ရှင်ရပ်တည်နိုင်သည့်နေရာ  ဤတစ်နေရာတည်းရှိခြင်းပင် ဖြစ်ပါသည်။ 

 


သို့ဖြစ်ရာ မိမိတို့ ရှင်သန်ရပ်တည်ရာ တစ်ခု တည်းသောကမ္ဘာမြေကြီး၏ သဘာဝပတ်ဝန်းကျင် ကျန်းမာသန်စွမ်းရေးသည် လူသားတို့၏ အနာဂတ် ပင်ဖြစ်ပါ၏။ လူသားအားလုံး၏ အနာဂတ်သည် လူသားများ လက်ထဲတွင်ရှိနေရာ တစ်ဦးချင်းစီက  သဘာဝပတ်ဝန်းကျင်ဆိုင်ရာ       အသိများဖြင့်   ပြုမူနေထိုင်လုပ်ကိုင်ကြခြင်းဖြင့်   ကျန်းမာသော ကမ္ဘာကြီးအဖြစ် ဖန်တီးကြပါစို့ဟု တိုက်တွန်းလိုပါ သည်။       ။