မြန်မာနိုင်ငံတော်ဗဟိုဘဏ် အသိပေး ကြေညာချက်

 

    ၁။    နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော  ပို့ကုန်တင်ပို့မှုမှ ရငွေများ အပြည့်အဝ ရရှိရန်မှာ အဓိကကျသည့်အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ  ၃၈-ခ  နှင့်   နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း  အပိုဒ် ၃၅ တို့တွင် ပို့ကုန်တင်ပို့သူသည် ကုန်စည်များကို သင်္ဘောတင်သည့် နေ့မှ ခြောက်လအတွင်း ((၁၀-၁၁-၂၀၂၁) ရက်နေ့မှစ၍ သုံးလအတွင်း) ယင်း၏  ဘဏ်စာရင်းသို့  နိုင်ငံခြားသုံးငွေဖြင့်   ဝင်ရောက်ရန်ဖြစ် ကြောင်း ပြဋ္ဌာန်းသတ်မှတ်ထားပါသည်။ 
    ၂။    သို့ဖြစ်ပါ၍ ၂၀၁၉ ခုနှစ်အတွင်း  ပို့ကုန်တင်ပို့ခဲ့သည့်  ပို့ကုန် လုပ်ငန်းရှင်များသည် ပို့ကုန်ရငွေများကို ပို့ကုန်တင်ပို့သည့်နေ့မှစ၍ ခြောက်လအတွင်း ယင်း၏ ဘဏ်ငွေစာရင်းသို့  နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက်    ပြန်လည်ထည့်သွင်းစေရေးအတွက်   ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဥပဒေရေးရာ ဝန်ကြီးဌာန၊  စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်    ဗဟိုဘဏ်၊  ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံ  ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် နိုင်ငံ ခြားသုံးငွေများရောင်းဝယ် ဖောက်ကားသည့်လုပ်ငန်း (AD)လိုင်စင်ရ ဘဏ်များပူးပေါင်း၍  အောက်ပါတို့ကို  ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်-
    (က)     AD  လိုင်စင်ရဘဏ်များမှ  ဆက်သွယ်ခေါ်ယူစာရင်း ရှင်းလင်းခြင်း၊ 
        ( ၂ နှစ်ကြာကာလအတွင်း)
    ( ခ )    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ဆက်သွယ်ခေါ်ယူ စာရင်းရှင်းလင်းခြင်း၊
        (ရက်ပေါင်း ၆၀)
    ( ဂ )    သတင်းစာများနှင့်    မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Website တွင် စာရင်းရှင်းလင်းရန်  ကြေညာခြင်း၊
        (ရက်ပေါင်း ၆၀)
    (ဃ)    စာရင်းရှင်းလင်းမှုမရှိသူများအား စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ပို့ကုန်သွင်းကုန်လုပ်ငန်း ရှင်မှတ်ပုံတင်လက်မှတ် (ပသက) ပိတ်သိမ်းခြင်း၊
        (ရက်ပေါင်း ၃၀)
    ( င )    ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန် စေရေးဗဟိုကော်မတီမှ ဦးဆောင်၍  ပို့ကုန်တင်ပို့သူများ နှင့် အစည်းအဝေး (၅) ကြိမ် ပြုလုပ်၍ ရှင်းလင်းဆွေးနွေး ခြင်း။     
    ၃။    ပို့ကုန်တင်ပို့သူများအနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၈-ခ ဖြစ်သော “မည်သူမျှ ပို့ကုန်ရငွေအားလုံးကို သတ်မှတ် ကာလအတွင်း   နိုင်ငံတော်အတွင်းရှိ  ယင်း၏   ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်းမရှိစေရ” ဟုလည်း ကောင်း၊ အဆိုပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက အဆိုပါ ဥပဒေ ပုဒ်မ ၄၂-က အရ “ထိုသူကို တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်” ဟုလည်း ကောင်း ပြဋ္ဌာန်းချက်များကို လိုက်နာရမည်ဖြစ်ပါသည်။
    ၄။    ၂၀၁၉  ခုနှစ်အတွင်း  ပို့ကုန်တင်ပို့ခဲ့ပြီး  ပို့ကုန်ရငွေ  ပြန်လည် ဝင်ရောက်ရန်ကျန်ရှိသည့်   ကုမ္ပဏီများအား  အထက်အပိုဒ် (၂) ပါ အတိုင်း အကြောင်းကြားခြင်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်ပိတ်သိမ်းခြင်း၊ အစည်းအဝေးများပြုလုပ်၍ ဆွေးနွေးခြင်း တို့ကို    အကြိမ်ကြိမ်  ပြုလုပ်ပြီးသော်လည်း  ပို့ကုန်ရငွေပြန်လည် ဝင်ရောက်ရန် ကျန်ရှိသောကုမ္ပဏီ (၁၃၇)ခု ရှိပါသည်။ 
    ၅။    အဆိုပါကုမ္ပဏီ(၁၃၇)ခု (ပူးတွဲစာရင်း) အား နိုင်ငံခြားသုံးငွေစီမံ ခန့်ခွဲမှုဥပဒေ  ပုဒ်မ ၄၂-က အရ   အရေးယူဆောင်ရွက်လျက်ရှိပြီး ကုမ္ပဏီများနှင့် ပူးတွဲဖော်ပြထားသည့် ကုမ္ပဏီများ၏ ဒါရိုက်တာ အဖွဲ့ဝင်များအား   အမည်မည်းစာရင်းထည့်သွင်းကြောင်းနှင့်    ကျန်ရှိ နေသေးသည့် ပို့ကုန်ရငွေ ဝင်ရောက်ရန် ကျန်ကုမ္ပဏီများအားလည်း အရေးယူဆောင်ရွက်ရန် ဆက်လက်စိစစ်လျက်ရှိကြောင်း ကြေညာ ပါသည်။ 
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
(၃ - ၆ - ၂၀၂၂)