
တက္ကသိုလ် မောင်ရူပ
ဂျပန်နိုင်ငံဟာ လာမယ့် ဇွန်လ ၁၀ ရက်နေ့ကစပြီး နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားတွေကို စတင်ဝင်ရောက်ခွင့်ပြုတော့မယ့် အနေအထားမှာ ရှိနေပြီဖြစ်ပါတယ်။ သို့သော်လည်း ပြည်တွင်းခရီးစဉ်တွေကို တာဝန်ရှိသူတွေရဲ့ ကြီးကြပ်မှု (Escorted tours) နဲ့သာ သွားရောက်ခွင့်ပြုဦးမှာဖြစ်ပါတယ်။ ဘာပဲပြောပြော နိုင်ငံရဲ့ တံခါးပေါက်တွေကို ကိုဗစ်-၁၉ ကူးစက်ရောဂါတွေ စတင်ဖြစ်ကတည်းက ပိတ်ထားခဲ့တာ နှစ်နှစ်တိုင်ရှိခဲ့ပြီဖြစ်ပြီး အခုဆိုရင် ကမ္ဘာလှည့်ခရီးသွားတွေရဲ့ အလည်အပတ်ခရီးစဉ်တွေ၊ အပျော်ခရီးစဉ်တွေကို အမှန်တကယ် ပြန်လည်ဖွင့်လှစ်ပေးတော့မှာ ဖြစ်ပါတယ်။
သို့သော်လည်း အမြဲတမ်း စေ့စပ်သေချာစွာ တွက်ချက်လုပ်ကိုင်လေ့ရှိတဲ့ ဂျပန်နိုင်ငံဟာ မေလ ကုန် ပိုင်းလောက်ကတည်းက အုပ်စုလိုက်ကမ္ဘာလှည့် ခရီးသွား (Package tours) တွေကို စမ်းသပ်ခွင့်ပြုပြီး ဖြစ်လာနိုင်မယ့် ကောင်းကျိုး၊ ဆိုးကျိုးတွေကို လေ့လာနေခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဂျပန်အစိုးရ က ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေဆဲ အခြေအနေတွေအပေါ် မူတည်ပြီးနိုင်ငံတွေကို ပြည်ဝင်ခွင့် တင်းကျပ်မှု/ ဖြေလျှော့မှုတွေ ပြုလုပ် ပေးနေတာဖြစ်တဲ့အတွက် ကမ္ဘာလှည့်ခရီးသွားတွေ ကို ဖွင့်ပေးပြီဆိုရင်လည်း ဘယ်နိုင်ငံက ခရီးသွား တွေကိုလက်ခံပြီး ဘယ်နိုင်ငံတွေက ခရီးသွားတွေကို ဝင်ခွင့်ပိတ်ထားဦးမယ်ဆိုတာ လောလောဆယ်ပြော ဖို့ခက်တဲ့ အနေအထားမှာ ရှိပါတယ်။
ပြီးခဲ့တဲ့ မတ်လအထိကတော့ ဂျပန်နိုင်ငံသား တွေနဲ့ ကိုဗစ်-၁၉ ရောဂါတွေ စတင်ဖြစ်ပွားချိန်မှာ ပြည်ဝင်ခွင့်ပိတ်ထားတဲ့ ဂျပန်နိုင်ငံမှာ နေထိုင်ခွင့်ရရှိ ထားတဲ့ နိုင်ငံခြားသားတွေကိုပဲ ဝင်ရောက်ခွင့်ပြုသေး တာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါတွေ စတင်ဖြစ်ပွား ကတည်းက အလုပ်ကိစ္စနဲ့ ကာလတို လာရောက်သူ တွေကလွဲလို့ အသစ်ဝင်ရောက်လာမှု မှန်သမျှကို ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း ဂျပန်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်မှု နှုန်းတွေ လျော့ကျလာတဲ့ မကြာသေးခင်ကာလတွေ ကစပြီး နိုင်ငံတွင်းဝင်ရောက်ခွင့်ပြုသူ အရေအတွက် လည်း များပြားလာခဲ့ပါတယ်။
ကြီးကြပ်မှုနဲ့ ခွင့်ပြုမယ့်ခရီးစဉ် (Escorted tours)
ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဖူမီယို ကီရှီးဒါးက မေလ ၁၆ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂျပန်နိုင်ငံအနေနဲ့ နှစ်နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းကို လာရောက် လည်ပတ်ကြမယ့် ကမ္ဘာလှည့်ခရီးသွားတွေကို ဇွန်လ ၁၀ ရက်နေ့က စတင်ပြီး ပြန်လည်ခွင့်ပြုတော့ မှာ ဖြစ်ကြောင်း၊ သို့သော်လည်း တာဝန်ရှိသူတွေရဲ့ ကြီးကြပ်မှုတွေနဲ့သာ လည်ပတ်ခွင့်ပြုဦးမှာ ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။ လောလောဆယ် ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး အန္တရာယ်နည်းပါးတဲ့ နိုင်ငံများ (Low-risk Covid-19 countries) အဖြစ် ဂျပန်နိုင်ငံက သတ်မှတ်ထားတဲ့ ၉၈ နိုင်ငံက ခရီးသွားတွေကို ခွင့်ပြုသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာလှည့်ခရီးသွားတွေဟာ ဂျပန်နိုင်ငံ အစိုးရက ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ ရေးဆွဲချမှတ်သွားမယ့် စည်းမျဉ်းစည်းကမ်းတွေကို မဖြစ်မနေ လိုက်နာကြ ရမှာဖြစ်ပါတယ်။ အဲဒီ စည်းကမ်းချက်တွေထဲမှာ အနည်းဆုံးအားဖြင့် သတ်မှတ်ထားတဲ့နေရာတွေနဲ့ အချို့အချိန်တွေမှာ နှာခေါင်းစည်းတွေ တပ်ဆင်ထား ကြရမယ့် စည်းကမ်းချက်မျိုးတွေ၊ မူလသတ်မှတ် ထားတဲ့ ခရီးစဉ်လမ်းကြောင်းအတိုင်းသာ သွား ရောက်ကြရမယ့် သတ်မှတ်ချက်တွေ ပါဝင်မှာ ဖြစ်ပါ တယ်။
ဇွန်လ ၁ ရက်မှာ စတင်တော့မယ့် ကမ္ဘာလှည့် ခရီးသွားဆိုင်ရာ အပြောင်းအလဲတွေအရဆိုရင် သတ်မှတ်ထားတဲ့နိုင်ငံတွေက လာရောက်ကြမယ့် ခရီးသွားတွေဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ပြီးစီးကြောင်းလက်မှတ် (Vaccination certificate) တင်ပြဖို့ မလိုအပ်တော့သလို ဂျပန်နိုင်ငံရဲ့ လေဆိပ် ဆိုက်ရောက်မှာ ကိုဗစ်ပိုး ရှိ/ မရှိ စစ်ဆေးမှု မရှိတော့ တဲ့အပြင် သီးသန့်ခွဲခြားနေထိုင်ခြင်း (Quarantine) လည်း ကင်းလွတ်ခွင့်ရှိမှာဖြစ်ပါတယ်။ သို့သော်လည်း ခရီးသွားတွေ နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ကြ ဖို့အတွက် ဧည့်လမ်းညွှန်တွေအနေနဲ့ ကြပ်မတ်ကြ ရမှာဖြစ်သလို စည်းကမ်းမလိုက်နာမှုတွေရှိလာခဲ့ ရင် ပို့ဆောင်ရေးဝန်ကြီးဌာနအနေနဲ့ ခရီးသွား လုပ်ငန်းအေဂျင်စီတွေကို စည်းကမ်းတိတိကျကျ လိုက်နာရေး ကြပ်မတ်ဖို့ အသိပေးသွားမှာဖြစ် ကြောင်း ဝန်ကြီးချုပ် ဖူမီယိုကီရှီးဒါးက မေလ ၂၇ ရက်နေ့က ပြုလုပ်တဲ့ အောက်လွှတ်တော် ဘတ်ဂျက် ကော်မတီအစည်းအဝေးမှာ ထည့်သွင်းပြောကြား ခဲ့ပါတယ်။
ပညာသင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ခရီးစဉ်
ဂျပန်နိုင်ငံမှာ လာရောက်ပညာသင်ကြားကြ မယ့် နိုင်ငံရပ်ခြားက ပညာသင် ကျောင်းသား ကျောင်းသူ တွေ၊ ပညာရှင်တွေ၊ သုတေသီတွေအနေနဲ့ သူတို့ကို လက်ခံဖိတ်ကြားမယ့် ဂျပန်နိုင်ငံက ကျောင်း၊ တက္ကသိုလ်၊ စီးပွားရေးကုမ္ပဏီတွေရှိခဲ့တယ် ဆိုရင် ဂျပန်နိုင်ငံကို ပြည်ဝင်ခွင့်ပြုတာကို မတ်လ ကတည်းက စတင်ခွင့်ပြုထားခဲ့ပါတယ်။ ဒါ့အပြင် ပြည်ပနိုင်ငံကနေ ဂျပန်နိုင်ငံကို လာရောက် အလုပ်လုပ်ကိုင်ကြမယ့် နည်းပညာ အလုပ်သင် အလုပ်သမားတွေ (Foreign technical interns) နဲ့ ဂျပန်နိုင်ငံမှာ ပထမဆုံးအကြိမ် လာရောက်တာဝန် ထမ်းဆောင်ကြမယ့် စီးပွားရေး လုပ်ငန်းရှင်တွေကို လည်း ပြည်ဝင်ခွင့်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလ နှစ်လအတွင်း ပြည်ပနိုင်ငံတွေက ပညာသင် စုစုပေါင်း ၆၂၀၀၀ အပါအဝင် ဂျပန်နိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် ရရှိထားသူမဟုတ်တဲ့ နိုင်ငံခြား သားစုစုပေါင်း ၁၇၂၇၅၇ ဦးကို ပြည်ဝင်ဖို့ ခွင့်ပြုခဲ့ ကြောင်း ဂျပန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးအေဂျင်စီရဲ့ အချက်အလက်များက ဖော်ပြနေပါတယ်။
သို့သော်လည်း ဒီလိုပြည်ဝင်ခွင့်ပြုခဲ့တာဟာ စာရွက်ပေါ်မှာသာရှိခဲ့ပြီး လက်တွေ့မှာ ဂျပန်အစိုးရ ဟာ ဂျပန်နိုင်ငံသားတွေနဲ့ ဂျပန်နိုင်ငံမှာ နေထိုင်ခွင့် ရရှိထားတဲ့ နိုင်ငံခြားသားတွေရဲ့ ပြည်ပြန်ဝင်မှု အပါအဝင် နေ့စဉ် နိုင်ငံတွင်းဝင်ရောက်ခွင့်ပြုသူ အရေအတွက်ကို ကန့်သတ်ထားရှိတာကြောင့် အသစ်ဝင်ရောက်လာမှုတွေဟာ ကြိုးကြား ကြိုးကြား အနည်းငယ်စီသာရှိနေဦးမှာ ဖြစ်ပါတယ်။ မတ်လ လယ်တုန်းက ဂျပန်အစိုးရဟာ နိုင်ငံတွင်း နေ့စဉ် ဝင်ရောက်ခွင့်ရှိသူဦးရေကို ၅၀၀၀ ကနေ ၇၀၀၀ အထိ တိုးမြှင့်ပေးခဲ့ပြီး ဧပြီလမှာ ၁၀၀၀၀ အထိ ခွင့်ပြုခဲ့ပါတယ်။ လာမယ့် ဇွန်လ ၁ ရက်နေ့ကစပြီး ၂၀၀၀၀ အထိ စတင်ဝင်ရောက်ခွင့်ပြုသွားမှာဖြစ် ပါတယ်။
မိသားစုဝင်များ
ပြီးခဲ့တဲ့ဧပြီလကစတင်ပြီး ဂျပန်အစိုးရဟာ ဂျပန်နိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် ရရှိထားသူ တွေရဲ့ မိဘတွေ၊ သားသမီးတွေ၊ အဘိုးအဘွားတွေ၊ မြေးမြစ်တွေစတဲ့ အနီးကပ် မိသားစုဝင်တွေ၊ ရေရှည် နေထိုင်ခွင့်ရရှိထားတဲ့ နိုင်ငံခြားသားတွေရဲ့ မိဘ တွေကို ဂျပန်နိုင်ငံကို ကာလတိုလာရောက် လည်ပတ်ခွင့်ပြုခဲ့ပါတယ်။ အဲဒီအချိန်မတိုင်မီအထိ ကတော့ ဂျပန်အစိုးရဟာ “အထူး ခြွင်းချက်ပြုထားသည့်ကိစ္စရပ်များ” (Special exceptional circu-mstances) ခေါင်းစဉ်အောက်ကနေ နိုင်ငံတွင်း နေထိုင်ခွင့်ရရှိထားတဲ့ နိုင်ငံခြားသားတွေ၊ ဂျပန်နိုင်ငံ သား သို့မဟုတ် အမြဲတမ်း နေထိုင်ခွင့်ရရှိထားသူရဲ့ ဇနီးနဲ့ ခင်ပွန်းတွေ၊ သားသမီးတွေ၊ ဂျပန်နိုင်ငံမှာ နေထိုင်နေတဲ့ နိုင်ငံခြားသားနေထိုင်ခွင့် ရရှိထားသူနဲ့ အတူလာရောက်နေထိုင်မယ့် ဇနီး၊ ခင်ပွန်းနဲ့ သားသမီးတွေကိုသာ အသစ်ဝင်ရောက်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
အခုအချိန်မှာတော့ ဂျပန်နိုင်ငံဟာ ပြည်ဝင်ခွင့် ဗီဇာထုတ်ပေးမှုတွေကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးနေပြီဖြစ်ပါတယ်။ ဥပမာပြရရင် ဂျပန်နိုင်ငံမှာ ရေရှည်နေထိုင်ခွင့် ရရှိထားတဲ့ နိုင်ငံခြားသားတွေရဲ့ ပထမဆင့် မိသားစုဝင် (First-degree kinship) တွေဖြစ်တဲ့ သားသမီးတွေ၊ မိဘ တွေကို ဂျပန်နိုင်ငံက မိသားစုတွေဆီ လာရောက် လည်ပတ်ခွင့်ပြုနေပြီဖြစ်ပါတယ်။ ဂျပန်ရဲ့သတ်မှတ် ချက်အရ ပထမဆင့် မိသားစုဝင်တွေအဖြစ် မိဘတွေ နဲ့ သားသမီးတွေ၊ ဒုတိယဆင့် မိသားစုဝင်တွေ အဖြစ် အဘိုးအဘွားတွေ၊ မြေးမြစ်တွေကို သတ်မှတ် ထားရှိတာ ဖြစ်ပါတယ်။ အလားတူ ဂျပန်နိုင်ငံသား သို့မဟုတ် အမြဲတမ်းနေထိုင်ခွင့် ရရှိထားသူတွေရဲ့ ပထမဆင့်နဲ့ ဒုတိယဆင့် မိသားစုဝင်တွေကို ဂျပန် နိုင်ငံက မိသားစုတွေဆီ လာရောက်လည်ပတ်ခွင့် ပြုနေပြီ ဖြစ်ပါတယ်။
ကျန်မိသားစုဝင်တွေဖြစ်တဲ့ ဦးလေး၊ အဒေါ်၊ တူ၊ တူမတွေအတွက်ကတော့ ဂျပန်အစိုးရက သတ်မှတ်ထားတဲ့ “အထူးခြွင်းချက်ပြုထားသည့်ကိစ္စရပ်များ” ခေါင်းစဉ်အောက်ကနေ လာရောက် နိုင်ပါတယ်။ ဥပမာအချို့ပြရရင် ဂျပန်နိုင်ငံမှာ နေထိုင်ခွင့်ရရှိထားသူတစ်ဦး ကျန်းမာရေး မကောင်းလို့ လာရောက်ပြုစုစောင့်ရှောက်ဖို့ ဒါမှ မဟုတ် သားသမီးမွေးဖွားလို့ လိုအပ်တဲ့ ကူညီ စောင့်ရှောက်မှုပေးဖို့ ပြည်ဝင်ခွင့်လျှောက်ထားတဲ့ မိသားစုဝင်တွေ၊ အသက်သေဆုံးတော့မယ့် နေထိုင် ခွင့်ရရှိထားသူတစ်ဦးဆီ လာရောက်ဖို့ သို့မဟုတ် ကွယ်လွန်သွားသူတစ်ဦးကို လာရောက် ဂါရဝပြုဖို့ ပြည်ဝင်ခွင့်လျှောက်ထားတဲ့ မိသားစုဝင်တွေ၊ ကလေးသူငယ်တွေနဲ့အတူ ခရီးသွားဖို့ လိုအပ်သူ၊ ကျန်းမာရေး ဒါမှမဟုတ် အခြားအကြောင်းကြောင့် တစ်ဦးတည်းခရီးသွားလာဖို့ မဖြစ်နိုင်သူတွေနဲ့ အတူခရီးသွားရမယ့် မိသားစုဝင်တွေရဲ့ ပြည်ဝင်ဗီဇာ လျှောက်ထားမှုတွေကို ခွင့်ပြုပေးလျက်ရှိနေပြီ ဖြစ်ပါတယ်။
အဆင့် သုံးမျိုးခွဲခြားထား
အကျဉ်းပြန်ချုပ်ရရင် ဂျပန်နိုင်ငံဟာ ကိုဗစ်-၁၉ ကူးစက်မှုတွေ စတင်ဖြစ်ပွားပြီးနောက် ပြည်ဝင်ခွင့် တွေကို ပိတ်ပင်ထားခဲ့ရာကနေ နှစ်နှစ်အကြာမှာ ကမ္ဘာလှည့်ခရီးသွားတွေကို ပြန်လည်ဖွင့်လှစ်ပေး တော့မှာ ဖြစ်ပါတယ်။ သို့သော်လည်း လောလော ဆယ် ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး အန္တရာယ်နည်းပါး တဲ့ နိုင်ငံများအဖြစ် သတ်မှတ်ထားတဲ့ ၉၈ နိုင်ငံက ခရီးသွားတွေကိုပဲ ခွင့်ပြုဦးမှာဖြစ်သလို တာဝန်ရှိသူ တွေရဲ့ ကြီးကြပ်မှုတွေနဲ့သာ လည်ပတ်ခွင့်ပြုဦးမှာ ဖြစ်ပါတယ်။
မေလအတွင်းမှာ ဂျပန်အစိုးရဟာ ဩစတြေးလျ၊ စင်ကာပူ၊ ထိုင်းနဲ့ အမေရိကန် လေးနိုင်ငံက အုပ်စုလိုက်ကမ္ဘာလှည့် ခရီးသွားဦးရေ စုစုပေါင်း ၅၀ ကို အထူးဗီဇာထုတ်ပေးပြီး စမ်းသပ် အစီအစဉ် အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ဂျပန်နိုင်ငံဟာ နိုင်ငံ ပေါင်း ၁၀၀ ကျော်ကို ကိုဗစ်-၁၉ အန္တရာယ်ရှိမှု အလိုက် အနီရောင်၊ အဝါရောင်နဲ့ အပြာရောင်ဆိုပြီး အရောင်နဲ့ အဆင့်သုံးမျိုးခွဲခြားထားပါတယ်။ ဒီခွဲခြားမှုအလိုက် ကိုဗစ်-၁၉ ဆိုင်ရာ ပြည်ဝင်ခွင့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေကလည်း ကွဲပြားပါတယ်။
အန္တရာယ်အများဆုံး အနီရောင်အဆင့် သတ်မှတ်ထားတဲ့ နိုင်ငံတွေကလာရင် ကာကွယ် ဆေးထိုးပြီးကြောင်း သက်သေခံလက်မှတ် တင်ပြရ သလို ဂျပန်နိုင်ငံအဝင် လေဆိပ်မှာလည်း ကိုဗစ်ပိုး ရှိ/ မရှိ ထပ်မံစစ်ဆေးခံရမှာဖြစ်သလို အစိုးရက သတ်မှတ်ထားတဲ့ သီးသန့်ခွဲခြား နေထိုင်ရမယ့်နေရာ မှာ သတ်မှတ်ရက်အလိုက် နေထိုင်ရမှာဖြစ်ပါတယ်။ အန္တရာယ်အနည်းဆုံး အပြာရောင်အဆင့် သတ်မှတ် ထားတဲ့ နိုင်ငံတွေကလာရင် ကာကွယ်ဆေးထိုးပြီး ကြောင်း သက်သေခံလက်မှတ်တင်ပြဖို့ မလိုအပ် သလို ဂျပန်နိုင်ငံ အဝင်လေဆိပ်မှာလည်း ကိုဗစ်ပိုး ရှိ/မရှိ စစ်ဆေးမှုနဲ့ သီးသန့်ခွဲခြားနေထိုင်မှုကနေ ကင်းလွတ်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ လက်ရှိ သတ်မှတ်ချက်အရ မြန်မာနိုင်ငံဟာ အပြာရောင် အဆင့်ထဲမှာ ပါဝင်နေတာကြောင့် မြန်မာနိုင်ငံက လာရောက်သူတွေဟာ ကင်းလွတ်ခွင့်တွေ ခံစားနိုင် မှာဖြစ်ပါတယ်။
ထိခိုက်မှုတွေ ခံစားခဲ့ရ
တကယ်ဆိုရင် ၂၀၂၀ ပြည့်နှစ်ကတည်းက ပြည်ဝင်ခွင့်တွေ ပိတ်ပင်ထားခဲ့တာကြောင့် ဂျပန် နိုင်ငံရဲ့ စီးပွားရေးအတွက် အရေးပါတဲ့နေရာကနေ ပါဝင်နေတဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဟာ အကြီး အကျယ်ထိခိုက်မှုတွေ ခံစားခဲ့ရပါတယ်။ ၂၀၁၉ ခုနှစ် တုန်းကဆိုရင် ဂျပန်နိုင်ငံကို ကမ္ဘာလှည့်ခရီးသည် ၃၁ ဒသမ ၉ သန်း လာရောက်ခဲ့ပြီး ကမ္ဘာလှည့်ခရီး သွားလုပ်ငန်းကနေ ဝင်ငွေ ယန်း ၄ ထရီလီယံ (ဒေါ်လာ ၃၁ ဘီလီယံ) ရရှိခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် မှာတော့ ကမ္ဘာလှည့်ခရီးသွားဦးရေဟာ ၂၀၁၉ ခုနှစ် ကထက် ၉၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။ ဂျပန်အစိုးရအနေနဲ့ ပြည်ပခရီးသွားမှု လျော့နည်း သွားလို့ ပြည်တွင်းခရီးသွားမှုကို မြှင့်တင်နိုင်ဖို့ အစိုးရရဲ့ထောက်ပံ့မှုနဲ့ ခရီးသွားလာစရိတ်တွေ၊ အစားအသောက် ကုန်ကျစရိတ်တွေကို ၅၀ ရာခိုင် နှုန်းအထိ လျှော့ချပေးတဲ့ Go to Travel Campaign တွေကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်းမှာ စတင်ခဲ့ ပေမယ့် ကိုဗစ်-၁၉ ကူးစက်မှုတွေ တိုးမြင့်လာတဲ့ အတွက် ဒီအစီအစဉ်တွေကိုလည်း ရပ်ဆိုင်းခဲ့ရ ပါတယ်။
သို့သော်လည်း နိုင်ငံတွင်းက ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်း တွေဖြစ်တဲ့ စားသောက်ဆိုင်တွေ၊ လက်မှုအနုပညာ ပစ္စည်းအရောင်းဆိုင်တွေ စတဲ့အသေးစားလုပ်ငန်း တွေအပြင် Keidanren လို့ လူသိများတဲ့ ဂျပန် စီးပွားရေးအသင်းကြီးကလည်း ဂျပန်အစိုးရကို ပြည်ဝင်ခွင့်တွေပြန်ဖွင့်ပေးဖို့ တောင်းဆိုမှုတွေရှိလာ ခဲ့ပါတယ်။ အခုလာမယ့် ဇွန်လ ၁ ရက်နေ့မှာ ဂျပန် နိုင်ငံကို နေ့စဉ်ပြည်ဝင်ခွင့်ပြုမယ့် အရေအတွက်ကို ၂၀၀၀၀ အထိ တိုးမြှင့်ခွင့်ပြုခြင်းကပင်လျှင် ဂျပန် နိုင်ငံရဲ့ နှစ်စဉ်ဝင်ငွေကို ယန်း ၈ ဒသမ ၁၃ ထရီလီယံ (ဒေါ်လာ ၆၃ ဒသမ ၈ ဘီလီယံ) ထပ်တိုး ရရှိစေနိုင် မှာဖြစ်ကြောင်း တိုကျိုမြို့မှာ အခြေစိုက်တဲ့ Nomura Research Institute က ခန့်မှန်းထား ပါတယ်။ တကယ်ဆိုရင် ကမ္ဘာ့နိုင်ငံအသီးသီးဟာ ကိုဗစ်-၁၉ ကူးစက်မှု ကျဆင်းလာခြင်းနဲ့ ပြည်တွင်း မှာ ပြည်သူ ပြည်သားတွေအပေါ် ကာကွယ်ဆေးထိုးနှံ ပေးနိုင်မှု အခြေအနေတွေအပေါ်မူတည်ပြီး ကမ္ဘာ လှည့် ခရီးသွားကဏ္ဍကို စည်းကမ်း သတ်မှတ်ချက် တွေနဲ့အညီ ပြန်လည်ဖွင့်လှစ်ပေးနေကြပြီ ဖြစ်ပါ တယ်။ ဂျပန်နိုင်ငံဟာ ဂျီ-၇ ဖွံ့ဖြိုးပြီးနိုင်ငံတွေထဲမှာ ကမ္ဘာလှည့်ခရီးသွားတွေဝင်ခွင့်ပြုဖို့ နောက်ဆုံး ကျန်ရှိနေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ပြည်ဝင်ခွင့် ပြန်လည်ဖွင့်လှစ်ပေးမှုဟာ အောင်မြင်မှု ရရှိခဲ့မယ်ဆိုရင် နိုင်ငံအဝန်း စီးပွားရေးအရ ပြန်လည် သွက်လက်လှုပ်ရှားလာမှာဖြစ်သလို ကဏ္ဍအသီးသီး မှာလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမို ပွင့်လန်းလာဖို့ရှိပါကြောင်း တင်ပြလိုက်ရ ပါတယ်။ ။
ရည်ညွှန်း
As Japan’s borders finally begin to creak open, who is allowed to enter by Kanako Takahara The Japan Times newspaper (28-5-2022)
- Log in to post comments