၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်းပါး

Type

 

သဘာဝအခြေပြုဖြေရှင်းနည်းများဖြင့် တစ်ခုတည်းသောကမ္ဘာမြေကို  ပူးပေါင်းပါဝင်ထိန်းသိမ်းကြပါစို့

 

ဒေါက်တာဝင်းထိန် (ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန)

 

(ယမန်နေ့မှ အဆက်)


၂၀၅၀ ပြည့်နှစ်တွင် တိုးတက်လာသော လူဦးရေ အတွက် စွမ်းအင်လိုအပ်ချက်မှာ ယခုလက်ရှိ ထုတ် လုပ်နိုင်မှုထက် ၅၀ ရာခိုင်နှုန်း လိုအပ်လာမည်ဖြစ် ကြောင်း UNEP မှ ၂၀၂၁ ခုနှစ်တွင် ခန့်မှန်းဖော်ပြ ထားပါသည်။ ရုပ်ကြွင်းလောင်စာအခြေခံ စွမ်းအင် ထုတ်လုပ်မှုလုပ်ငန်းများမှာ လေထုထဲသို့  မှန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုကို တိုးတက်စေပြီး ကမ္ဘာကြီး ပူနွေးလာမှုနှင့်အတူ ရာသီဥတုပြောင်းလဲ မှုကိုပါ အားပေးပါသည်။ အဆိုပါစိန်ခေါ်မှုများကို လျှော့ချ နိုင်ရေးအတွက် သဘာဝအခြေပြု  ပြန်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် လေစွမ်းအင်၊ ရေအားလျှပ်စစ် စွမ်းအင်၊ နေစွမ်းအင်တို့ကို အစားထိုး ထုတ်လုပ် အသုံးပြုလာကြသည်။ တရုတ်နိုင်ငံသည် ပြန်ပြည့် ဖြိုးမြဲစွမ်းအင်ကဏ္ဍတွင် လွန်ခဲ့သည့် ဆယ်စုနှစ်များ အတွင်း ကြီးမားစွာရင်းနှီးမြှုပ်နှံခဲ့ပြီး China Brie-fing (၂၀၂၂) တွင်  National Energy Administration (NEA) ၏ ဖော်ပြချက်အရ တရုတ်နိုင်ငံ၏ တပ်ဆင် ပြီး ပြန်ပြည့်ဖြိုးမြဲ စွမ်းအင်သည် ၂၀၂၁ ခုနှစ်တွင် ၁၀၆၃ Gigawatts (GW) အထိ ရှိခဲ့ ပြီး တရုတ်နိုင်ငံ၏ စုစုပေါင်း ဓာတ်အားထုတ်လုပ်နိုင်မှုပမာဏ၏ ၄၄ ဒသမ ၈ ရာခိုင်နှုန်းရှိသည်။  ဤသို့ဖြင့်   ကမ္ဘာ့ အင်အားကြီးနိုင်ငံဖြစ်သည့်   တရုတ်နိုင်ငံသည် စွမ်းအင်ကဏ္ဍတွင် သဘာဝကို အခြေပြုပြီး ကာဗွန် ထုတ်လွှတ်မှုနည်းသော နည်းစနစ်များကို အသုံးပြု လျက် တစ်ခုတည်းသော  ဤကမ္ဘာမြေ   ရေရှည် တည်တံ့အောင် ထိန်းသိမ်းလျက်ရှိပါသည်။ 

 


သစ်တောကဏ္ဍမှာ   ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ စိန်ခေါ်မှုများအတွက် ကမ္ဘာမြေကို ပြန်လည်  ထိန်းသိမ်းနိုင်မည့်  အထိရောက်ဆုံးသော   ကဏ္ဍ တစ်ခုဖြစ်သည်။ ကမ္ဘာ့နိုင်ငံများတွင် အကောင် အထည်ဖော်မှုအများဆုံးသော သဘာဝအခြေပြု ဖြေရှင်းနည်းများမှာ   မြေအရည်အသွေးကျဆင်း နေသော နေရာဒေသတွင် သစ်တောဧရိယာအဖြစ် ပြန်လည်တည်ထောင်ခြင်း၊ ခုတ်လှဲပြီးနေရာတွင် သစ်တောပြန်လည်စိုက်ပျိုးခြင်း၊   လူထုအခြေပြု သစ်တောဧရိယာဖန်တီးခြင်း၊ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းတို့ ဖြစ်ပါသည်။ ယခုအခါ  ဝါး စိုက်ပျိုးရေးကိုလည်း သဘာဝအခြေပြုဖြေရှင်းနည်း များတွင် ပါဝင်လာသည်ကို လေ့လာတွေ့ရှိရသည်။ သစ်တောဂေဟစနစ်များသည် ကမ္ဘာမြေအတွက် မရှိမဖြစ်သော လူတို့၏ အဆုတ်နှင့် အလားသဏ္ဌာန် တူပါသည်။ ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက် ရောက်မှုကို လျှော့ချပေးရန်အတွက် ကာဗွန်အမြောက် အမြားကို စုပ်ယူပေးခြင်း၊ ကမ္ဘာကြီးပူနွေးလာမှုကို ထိန်းညှိပေးခြင်း၊ မိုးရွာသွန်းမှုကို ဖြစ်ပေါ်စေကာ ကြည်လင်သောရေကို  ရရှိစေပါသည်။   သစ်တော ဂေဟစနစ်များသည် သဘာဝနည်းအားဖြင့် ကာဗွန် စုပ်ယူနိုင်မှုမှာ   သာလွန်ကောင်းမွန်သည့်အတွက် လေထုအတွင်းရှိ ကာဗွန်များကို  လျှော့ချပေးခြင်း ဖြင့် ကမ္ဘာမြေကို ပြန်လည်သန့်ရှင်းစေမည်မှာ သေချာ ပါသည်။

 


ညစ်ညမ်းမှုထိန်းချုပ်ကာကွယ်ရေးအတွက် 
သဘာဝအခြေပြုဖြေရှင်းနည်းများ


ကမ္ဘာတစ်ဝန်းရှိ  မြို့ကြီးများသည်   လေထု ညစ်ညမ်းမှု၊  မြို့ပြအပူဒဏ်ပြင်းထန်မှု၊   ရေထု ညစ်ညမ်းမှုနှင့် ရေလျှံမှုများ စသည့်စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ အဆိုပါ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများထဲတွင် လေထုညစ်ညမ်းမှုနှင့် မြို့ပြ အပူဒဏ်ကြောင့် အရွယ်မတိုင်မီသေဆုံးမှုနှင့် ကျန်းမာ ရေးပြဿနာကို မြင့်မားစေပါသည်။ UNEP ၏ ၂၀၂၀ ပြည့်နှစ်  ဖော်ပြချက်အရ   လေထုညစ်ညမ်းမှုသည် နှစ်စဉ် အရွယ်မတိုင်မီ  သေဆုံးမှု   ကိုးသန်းခန့် ဖြစ်ပေါ်စေပြီး အခြားပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာ ရေးအန္တရာယ်များကြောင့်  နှစ်စဉ်  သန်းနှင့်ချီ၍ သေဆုံးရသည်ဟု  ခန့်မှန်းထားသည်။   ထို့ပြင် ကမ္ဘာပေါ်တွင် ဖြစ်ပွားနေသော ရောဂါအားလုံး၏ လေးပုံတစ်ပုံခန့်သည် ရာသီဥတုပြောင်းလဲမှု၊ လေထု နှင့် ရေထုညစ်ညမ်းမှု၊ အဆိပ်သင့်ဓာတုပစ္စည်းများ နှင့်  ထိတွေ့မှုအပါအဝင်  သဘာဝပတ်ဝန်းကျင် ဆိုင်ရာအန္တရာယ်များမှ ဖြစ်ပေါ်လာကြောင်းလည်း ဖော်ပြထားသည်။ လေထုညစ်ညမ်းမှုကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (World Health Organization-WHO) က ကျန်းမာရေးအတွက် အကြီးမားဆုံးသော ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုဟု သတ်မှတ်ထားပါ သည်။ ကုလသမဂ္ဂ  ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင် (United Nations Framework Convention on Climate Change-UNFCCC) ၏ ၂၀၂၂ ခုနှစ် ဖော်ပြချက်တွင်  ကမ္ဘာတစ်ဝန်းရှိ လူ ၁၀ ဦးတွင် ကိုးဦးသည် WHO ၏ လမ်းညွှန်ချက်ထက် ကျော်လွန်သော ညစ်ညမ်းလေထုကို ရှူရှိုက်မိနေကြ ပါသည်။  လူထုအခြေပြု   သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းသည်လည်း  လေထုထဲမှ  ကာဗွန် ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို   လျှော့ချပေးနိုင်ပြီး ညစ်ညမ်းသောလေထုကို သန့်စင်ပေးနိုင်ပါသည်။ မြို့ပြဧရိယာအတွင်း  လေထုညစ်ညမ်းမှု၊  အပူချိန် မြင့်မားမှုနှင့် ရေထုညစ်ညမ်းမှုတို့အတွက်   မြို့ပြ အပန်းဖြေနေရာများ  ဖန်တီးပေးခြင်း၊  လမ်းလယ် ကျွန်းများတွင်  အလှသစ်ပင်များ    စိုက်ပျိုးခြင်း၊ ရေဝပ်မြေနေရာများကို   ပြန်လည်ဖော်ထုတ်ပြီး ရေထိန်းသိမ်းနိုင်ရန် ဆောင်ရွက်ခြင်း၊ ရေကန်များ တူးဖော်ပြီး မိုးရေစီးဆင်းမှုကို ထိန်းသိမ်းခြင်း၊ မြို့ပြလမ်းများပေါ်တွင် မိုးရေများ စိမ့်ဝင်နိုင်အောင် ဆောင်ရွက်ခြင်းစသည်တို့ကို ဆောင်ရွက်ခြင်းဖြင့် မြို့ပြပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို လျှော့ချ ပြီး ကမ္ဘာမြေကို ပြန်လည်ထိန်းသိမ်းဆောင်ရွက်နိုင် ပါသည်။

 


ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေးအတွက် 
သဘာဝအခြေပြုဖြေရှင်းနည်းများ


ကမ္ဘာပေါ်ရှိ သက်ရှိသက်မဲ့အရာအားလုံးသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ချိတ်ဆက်နေပြီး  ဇီဝ မျိုးစုံမျိုးကွဲများသည် အားလုံး၏ အခြေခံအချက် ဖြစ်ပါသည်။ ဤကမ္ဘာပေါ်တွင် ၎င်းတို့  မရှိပါက ကမ္ဘာမြေမှ  ဖြည့်စွမ်းပေးနေသည့်   ဂေဟစနစ် ဝန်ဆောင်မှုများဖြစ်သည့် စားနပ်ရိက္ခာ၊ သန့်ရှင်း သော ရေနှင့် လေတို့ကို ရရှိနိုင်တော့မည် မဟုတ်ပေ။ ဂေဟစနစ်များ  ပျက်စီးယိုယွင်းခြင်းနှင့်   ဇီဝမျိုးစုံ မျိုးကွဲများ ကျဆင်းခြင်းသည် ရာသီဥတုပြောင်းလဲမှု ကို ပိုမိုဆိုးရွားစေပြီး  လူတို့အတွက် ကျန်းမာရေး၊ သန့်ရှင်းသောလေ၊ ရေနှင့်   အစားအစာများကို    ပံ့ပိုးပေးသည့် သဘာဝဖြစ်စဉ်များကို ခြိမ်းခြောက် လျက် ရှိသည်။  ကျန်းမာကောင်းမွန်သော    ဂေဟ စနစ်များသည်   ရာသီဥတုပြောင်းလဲမှုဆိုင်ရာ  သက်ရောက်မှုများမှ  လူသားများကို  ကာကွယ် ပေးနိုင်ပြီး   သဘာဝအခြေခံဖြေရှင်းနည်းများသည် ပါရီသဘောတူညီချက်တွင်  ပါရှိသော  ရာသီဥတု ပြောင်းလဲမှုလျှော့ချ ရေးလိုအပ်ချက်များ၏ ၃၇ ရာခိုင်နှုန်းအထိ ပံ့ပိုးပေးနိုင်ကြောင်း  IUCN   ၏  Post-2020 Global Biodiversity Framework အတွက် Key Indicator ဆိုင်ရာ  ဆွေးနွေးညှိနှိုင်း ချက်တွင်  ဖော်ပြထားသည်။   သဘာဝအခြေပြု ဖြေရှင်းနည်းများအနေဖြင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းနိုင်ရန် ဂေဟစနစ်များကို  ပြန်လည် ထိန်းသိမ်းခြင်း၊ တရားမဝင် သစ်ထုတ်လုပ်ခြင်းကို တားမြစ်ခြင်း၊ ရေရှည်တည်တံ့သော စိုက်ပျိုးနည်း စနစ်များကို ဖော်ဆောင်ခြင်း၊ မြို့ပြဧရိယာအတွင်းရှိ လူထုအပန်းဖြေစရာနေရာများကို   ဖန်တီးခြင်း၊ သဘာဝထိန်းသိမ်းရေးနယ်မြေများကို သတ်မှတ်ပြီး ဂေဟစနစ်များကို ထိန်းသိမ်းခြင်း   စသည်တို့ကို ဆောင်ရွက်နိုင်ပါသည်။

 


ကမ္ဘာ့နိုင်ငံများ၏    ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော်   ဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်တွင် သဘာဝအခြေပြုဖြေရှင်းနည်းများ ၏ အခန်းကဏ္ဍ IUCN   ၏    Post-2020 Global Biodiversity Framework နှင့် စပ်လျဉ်းသော ဆွေးနွေးချက်တွင်  ၃ ပုံ ၂ ပုံ သော နိုင်ငံများသည် ပါရီသဘောတူညီချက်ပါ ကတိကဝတ်များ အကောင် အထည်ဖော်နိုင်ရေးအတွက်  ၎င်းတို့၏ နိုင်ငံအဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစီအစဉ်များတွင် သဘာဝအခြေပြုဖြေရှင်းနည်းများကို ထည့်သွင်း ထားပြီးဖြစ်သည်။ ပါရီသဘောတူညီချက် ကတိ ကဝတ်များအရ   နိုင်ငံအများစုသည်   ၎င်းတို့၏ အမျိုးသား ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေ   ရှိစေရေးဆိုင်ရာ   အကောင် အထည်ဖော်  ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ် (National Determined Contributions-NDCs) တွင် သဘာဝအခြေပြုဖြေရှင်းနည်းများကို ပေါင်းစပ် ရေးဆွဲလာကြသည်ကို လေ့လာတွေ့ရှိရပါသည်။ Global Sustainability အဖွဲ့အစည်းမှ Seddon et al., (2020) ၏ သုတေသနလေ့လာမှုတစ်ခု၌ နိုင်ငံ ပေါင်း ၁၀၄ နိုင်ငံ၏ NDCs ၌ သဘာဝနှင့်လိုက်လျော ညီထွေမှုရှိသော အစိတ်အပိုင်းများတွင် သဘာဝ အခြေပြုဖြေရှင်းနည်းများကဲ့သို့သော ထိန်းသိမ်းရေး လုပ်ဆောင်မှုများ ပါဝင်လာကြောင်း၊ ၇၇ နိုင်ငံမှာ ရာသီဥတုပြောင်းလဲမှု လျော့ပါးသက်သာရေးနှင့် လိုက်လျောညီထွေဖြစ်ရေး  နှစ်ခုစလုံးကို   လည်း ကောင်း၊ ကျန်ရှိ ၂၇ နိုင်ငံတွင်  ရာသီဥတုပြောင်းလဲမှု လျော့ပါးသက်သာရေး တစ်ခုတည်းကိုသာ ထည့် သွင်းရေးဆွဲထားကြောင်း ဖော်ပြထားသည်။ ရာသီ ဥတုပြောင်းလဲမှု၏ အကြောင်းတရားများနှင့် အကျိုး ဆက်များကို ဖြေရှင်းလျှော့ချရန်အတွက် သဘာဝ ဂေဟစနစ်ကို ထောက်ပံ့ပေးသော ဆောင်ရွက် ချက် များနှင့် လုပ်ဆောင်မည့် ရည်ရွယ်ချက်များကို နိုင်ငံ  များ၏ NDCs တွင် အလေးထား ဖော်ပြလာကြပါ သည်။

 


မြန်မာနိုင်ငံတွင် သဘာဝအခြေပြုဖြေရှင်းနည်းများ 
အကောင်အထည်ဖော်ဆောင်ရွက်နေမှု 


မြန်မာနိုင်ငံတွင် သဘာဝအခြေပြုဖြေရှင်းနည်း များကို တွင်ကျယ်စွာအသုံးပြု၍ အကောင်အထည် ဖော်မှုလုပ်ငန်းများစွာ   ဆောင်ရွက်နေသည်ကို လေ့လာတွေ့ရှိရပါသည်။  ဥပမာအားဖြင့်    မြို့ပြ ဧရိယာ သန့်ရှင်းသာယာလှပရေးအတွက် ပန်းအလှ ပင်များ စိုက်ပျိုးခြင်း၊ လမ်းလယ်ကျွန်းများကို ပန်း အလှပင်များဖြင့်  အလှဆင်ခြင်း၊ မြို့ပြနေ   ပြည်သူ များအတွက်  
အပန်းဖြေစရာပန်းဥယျာဉ်၊ ရေပန်းဥယျာဉ်  စသည် တို့ကို ဖန်တီးပေးခြင်း၊  စားနပ်ရိက္ခာဖူလုံရေးနှင့် စပ်လျဉ်း၍ အော်ဂဲနစ်စိုက်ပျိုးရေး၊  စိုက်ပျိုးရေး ဆိုင်ရာ   အလေ့အကျင့်ကောင်းများ၊ သစ်တောသီးနှံ   ရောနှောစိုက်ခင်း   စသည်တို့ကို ဖော်ဆောင်ပေးခြင်း၊    ရေအရင်းအမြစ်ထိန်းသိမ်းရေးနှင့်  စပ်လျဉ်း၍ ရေဝေရေလဲဒေသများရှိ    သစ်တောဧရိယာကို ပြန်လည်ထိန်းသိမ်းခြင်း၊ မြစ်ကြောင်းကမ်းပါးများ ထိန်းသိမ်းခြင်း၊ သဘာဝဘေးန္တရာယ် ကျရောက်မှုမှ လျှော့ချနိုင်ရေးအတွက် ကမ်းရိုးတန်း ဒေသများတွင် ပင်လယ်ဒီရေတောများကို ပြန်လည် စိုက်ပျိုးခြင်းနှင့် ပြန်လည်ထိန်းသိမ်းခြင်း  စသည်တို့ကို သက်ဆိုင်ရာ အစိုးရဌာနများ၊ အစိုးရမဟုတ်သော ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အကောင်အထည် ဖော်  ဆောင်ရွက်လျက်ရှိသည်။   ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအတွက် အင်းလေးကန်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောနှင့် အင်းတော်ကြီး တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောတို့ကို လူသားနှင့် ဇီဝအဝန်း နယ်မြေအဖြစ်သတ်မှတ်ပြီး ကမ္ဘာမြေပြန်လည် ရှင်သန်လာရေးအတွက် သဘာဝအရင်းအမြစ်များ ကို ထိန်းသိမ်းဆောင်ရွက်လျက် ရှိပါသည်။ သစ်တော ဦးစီးဌာန၏   ဖော်ပြချက်အရ  မြန်မာနိုင်ငံဆိုင်ရာ  သစ်တောမူဝါဒတွင်   သဘာဝထိန်းသိမ်းရေးနယ်မြေ များကို မြန်မာနိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းအထိ   တိုးချဲ့ဖွဲ့စည်းရန်   လျာထားဆောင်ရွက်လျက်ရှိရာ  ယနေ့အထိ   ဖွဲ့စည်းတည်ထောင်ပြီးသော သဘာဝ ထိန်းသိမ်းနယ်မြေ  ၄၅ ခုအနက် အာဆီယံဒေသတွင်း ဇီဝမျိုးစုံမျိုးကွဲ၊ ဂေဟစနစ်နှင့် ယဉ်ကျေးမှုတို့အရ  အာဆီယံအမွေ အနှစ်ဥယျာဉ်  (ASEAN  Heritage  Park - AHP) ရှစ်ခုနှင့် ရမ်ဆာကွန်ဗင်းရှင်း (Ram-sar Convention) မှ နိုင်ငံတကာအဆင့် အရေးပါ သည့် ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ်ခံထား ရသည့်   သဘာဝထိန်းသိမ်းနယ်မြေ ငါးခုရှိပါသည်။ 

 


မြန်မာနိုင်ငံ၏ သဘာဝအခြေပြုဖြေရှင်းနည်းများ
အကောင်အထည်ဖော်မှုဆိုင်ရာ မူဝါဒနှင့် ဥပဒေများ


မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာမြေ၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သဘာဝသယံဇာတ အရင်းအမြစ် များအား သဘာဝအခြေပြုဖြေရှင်းနည်းများနှင့် ရေရှည်တည်တံ့စွာ ထိန်းသိမ်းကာကွယ်အသုံးပြု နိုင်ရေးအတွက် နိုင်ငံတကာပတ်ဝန်းကျင်ဆိုင်ရာ သဘောတူညီချက်များတွင် အဖွဲ့ဝင်အဖြစ် ပူးပေါင်း ပါဝင်ဆောင်ရွက်လျက်ရှိသည်။

 


ကမ္ဘာလုံးဆိုင်ရာ ကုလသမဂ္ဂစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များကို    ပြည့်မြောက် အောင်မြင်နိုင်ရေးအတွက် မြန်မာနိုင်ငံ၏  ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (၂၀၁၈-၂၀၃၀) (Myanmar Sustainable Development Plan-MSDP) ကို ၂၀၁၈ ခုနှစ်တွင် ချမှတ်ခဲ့ပါသည်။  MSDP  ၏   ရည်မှန်းချက်များ ပြည့်မီစေရေးနှင့်    ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို ကဏ္ဍအသီးသီးတွင်  ပေါင်းစပ် အကောင်အထည်ဖော်နိုင်ရေးအတွက် အမျိုးသား ပတ်ဝန်းကျင်ရေးရာမူဝါဒ (၂၀၁၉)၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ (၂၀၁၉)၊ မဟာ ဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀)၊ အမျိုးသားအဆင့်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာ ဗျူဟာနှင့်လုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀)၊ နိုင်ငံ အဆင့်  ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ   မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် (၂၀၁၅-၂၀၂၀)များပါ ပြဋ္ဌာန်းချက် များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။ ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းချုပ် ကာကွယ်ရေးအတွက် ပတ်ဝန်းကျင်ဆိုင်ရာအရည် အသွေးနှင့်စံချိန်စံညွှန်း (၂၀၁၅)နှင့် ပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချနိုင်ရေးအတွက် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ထုံးလုပ်နည်းများ (၂၀၁၅) စသည်တို့ကို  ပြဋ္ဌာန်း၍   ဤကမ္ဘာမြေစိမ်းလန်း သာယာရေးအတွက် ဆောင်ရွက်လျက်ရှိသည်။

 


အချိန်ရှိခိုက်လုံ့လစိုက်


သဘာဝအခြေပြု   ဖြေရှင်းနည်းများသည် ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲများ ပျောက် ကွယ်မျိုးသုဉ်းခြင်း၊ လေထုနှင့် ရေထုညစ်ညမ်းမှု နှင့်အတူ သဘာဝဘေးအန္တရာယ် မျိုးစုံကြုံတွေ့နေရ သော ဤ  ကမ္ဘာမြေအား  ပိုမိုလျော့ပါးသက်သာအောင် စွမ်းဆောင်နိုင်သော လုပ်ငန်းစဉ်များဖြစ်ပါသည်။ University of Oxford ၏ ၂၀၂၁ ခုနှစ် ထုတ်ပြန် ချက်အရ သဘာဝအခြေပြု ဖြေရှင်းနည်းများသည် ကမ္ဘာကြီး၏    ပူနွေးလာမှုကို   ၂၀၅၅  ခုနှစ်တွင် ၀ ဒသမ ၁ ဒီဂရီစင်တီဂရိတ်နှင့်  ၂၁၀၀  ပြည့်နှစ်တွင်  ၀ ဒသမ ၄ ဒီဂရီစင်တီဂရိတ်အထိ လျှော့ချနိုင်ကြောင်း ဖော်ပြထားသည်။ သဘာဝအခြေပြုဖြေရှင်းနည်း များကို ပိုမိုအကောင်အထည်ဖော်နိုင်သည်နှင့်အမျှ ဤကမ္ဘာမြေ ကြုံတွေ့ခံစားနေရသောပတ်ဝန်းကျင်၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာစိန်ခေါ်မှုများကို အချိန် တိုအတွင်း လျှော့ချနိုင်လေဖြစ်ပါသည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာ ရက်စ်ကလည်း ကျွန်တော်တို့နေထိုင်သော ဤကမ္ဘာ မြေသည် တစ်ခုတည်းသာရှိသောကြောင့် သူမကို ကာကွယ်ရန် အရာအားလုံးကို လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ အမြန်ဆောင်ရွက်ရန်လည်း လိုအပ် ကြောင်း  တိုက်တွန်း   ပြောကြားထားပါသည်။ သို့ဖြစ်ပါ၍  ကျွန်တော်တို့နေထိုင်သော ဤကမ္ဘာမြေ ကို ပြန်လည်ထိန်းသိမ်းကာကွယ်ရန် အချိန်ရှိခိုက် လုံ့လစိုက်ရန် အရေးကြီးလှပါသည်။  


တစ်ခုတည်းသော ကမ္ဘာမြေကို 
ဝိုင်းဝန်းထိန်းသိမ်းကြပါစို့


ကမ္ဘာမြေ၏ ပတ်ဝန်းကျင်ဆိုင်ရာပြောင်းလဲမှု များသည် စီးပွားရေးလုပ်ငန်းများအတွက် ကုန်ကျ စရိတ်များစေခြင်း၊ နှစ်စဉ် သန်းနှင့်ချီသော အရွယ် မတိုင်မီသေဆုံးခြင်းနှင့် ခက်ခက်ခဲခဲ   ရရှိထားသော ဖွံ့ဖြိုးတိုးတက်မှု၏    အသီးအပွင့်များကိုလည်း ထိခိုက်စေပါသည်။ ထို့ပြင် ယနေ့ခေတ် လူငယ် များနှင့် အနာဂတ်မျိုးဆက်များ၏ ရှင်သန်နေထိုင် ရေးသည် အဘက်ဘက်ယိုယွင်းနေသော လက်ရှိ ပတ်ဝန်းကျင်ဆိုင်ရာ   စိန်ခေါ်မှုများကို   လက်ငင်း ဖြေရှင်းနိုင်မှုပေါ်တွင်  မူတည်နေသည်။ ဤကမ္ဘာ မြေထံမှ  ရာစုနှစ်တစ်ခု  သို့မဟုတ် ထို့ထက်ပို၍ အကျိုးကျေးဇူးများစွာကို ရရှိနိုင်ရန် ဂေဟစနစ်အရ ကောင်းမွန်သော၊ လူမှုရေးအရ သာတူညီမျှရှိသော သဘာဝအခြေပြုဖြေရှင်းနည်းများတွင် ယခုအခါ ရင်းနှီးမြှုပ်နှံရမည့် အချိန်ဖြစ်ပါသည်။ တစ်ခုတည်း သောကမ္ဘာမြေကို သဘာဝအခြေပြုဖြေရှင်းနည်းများ ဖြင့် ကာကွယ်ခြင်း၊ ပြန်လည်ထိန်းသိမ်းခြင်းနှင့် စဉ်ဆက်မပြတ်  စီမံခန့်ခွဲခြင်းသည် ယခုလက်ရှိ လူသားများအတွက် အကျိုးပြုရုံသာမက နောင်လာ မည့် အနာဂတ်မျိုးဆက်များစွာကိုလည်း အကျိုးပြု နိုင်မည်ဖြစ်ပါသည်။

 


အချုပ်အနေဖြင့် ဤကမ္ဘာမြေပေါ်တွင် ဖြစ်ပေါ် နေသော ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲများ မျိုးသုဉ်းပျောက်ကွယ်မှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု တို့ကို ဖြေရှင်းနိုင်သူမှာ  အသိဉာဏ်ပညာ မြင့်မား သော၊ တွေးခေါ်မြော်မြင်တတ်သော ကျွန်တော်တို့ ကိုယ်တိုင်ပင် ဖြစ်ပါသည်။ ကျွန်တော်တို့ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသော  ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများ၏ ခါးသီးသည့် အတွေ့အကြုံများကို အနာဂတ်မျိုးဆက်များ   ဆက်လက်မခံစားရရေး အတွက် ရေရှည်တည်တံ့မှုမရှိသည့်  သုံးစွဲမှုများကို  စွန့်လွှတ်ပြီး ရေရှည်တည်တံ့သောထုတ်လုပ်မှုနှင့် သုံးစွဲမှုတို့  (Sustainable  production  and consumption) ပါဝင်သည့် သဘာဝအခြေပြုဖြေရှင်း နည်းများကို တတ်အားသ၍ ဆောင်ရွက်သွားကြ ရပါမည်။ ကျွန်တော်တို့၏ အသိပညာ၊ ဉာဏ်ရည် ဉာဏ်သွေး၊ နည်းပညာနှင့် ပူးပေါင်းဆောင်ရွက်မှု များဖြင့် သဘာဝနှင့်ကျွန်တော်တို့ ငြိမ်းချမ်းစွာဖြင့် အတူတကွယှဉ်တွဲနေထိုင်သွားရေးကို UNEP ၏ Making Peace with Nature (၂၀၂၀) မှ လည်း နှိုးဆော်ထားပါသည်။ သို့ဖြစ်ပါ၍ ဇွန်လ ၅ ရက်နေ့ တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့မှစ၍ သဘာဝကိုအခြေပြု သောဖြေရှင်းနည်း များဖြင့် ဤရွာကြီး၊ ဤကမ္ဘာကြီး ပြန်လည်စိမ်းလန်း ရှင်သန်ရေး၊ ရေရှည်တည်တံ့ရေးအတွက် ကျရာ ကဏ္ဍမှ  ပူးပေါင်းပါဝင်    ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော် ရေးသားလိုက်ရပါသည်။      ။

 


ကျမ်းကိုးစာရင်း


Cohen-Shacham, E., Walters, G., Janzen, C. and Maginnis, S. (eds.) (2016). Nature-based Solutions to address global societal chall-enges. Gland, Switzerland: IUCN. xiii + 97pp.
IUCN, 2021. Post-2020 Global Biodiversity Framework
Menendez, Pelayo., Inigo J. Losada, Saul Torres-Ortega, Siddharth Narayan, & Mich-aelW. Beck, 2020. The Global Flood Protection Benefits of Mangroves. www.nature.com/scientificreports/
Somarakis, G., Stagakis, S., & Chrysoulakis, N. (Eds.). (2019). Thinknature Nature-Based Solutions Handbook. ThinkNature project funded by the EU Horizon 2020 research and innovation programme.