
နေပြည်တော် ဇွန် ၁
နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေး ဖော်ဆောင်မှု ဗဟိုဌာန အစည်းအဝေးခန်းမ၌ ဆက်လက် ကျင်းပသည်။
တွေ့ဆုံ ဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စု ဝန်ကြီး၊ ငြိမ်းချမ်းရေးဆွေးနွေး ရေးအဖွဲ့ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ် ကြီး မင်းနောင်နှင့် “ဝ” ပြည် သွေးစည်း ညီညွတ်ရေးပါတီ ဒုတိယဥက္ကဋ္ဌ၊ ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဦးလော့ယာကု၊ ဆွေးနွေးရေး ဒုတိယအဖွဲ့ ခေါင်းဆောင်များ ဖြစ်ကြသည့် ပြင်ပဆက်ဆံရေးဌာန ဒုတိယ ဌာနကြီးမှူး ဦးပေါက်အိုက်ကော နှင့် လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းတို့ တက်ရောက် ကြသည်။
ဒုတိယနေ့ တွေ့ဆုံဆွေးနွေးပွဲ တွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ အထွေထွေကိစ္စရပ်များ အား ဆွေးနွေးခဲ့ကြပြီး ၃ ရက် တာ ဆွေးနွေးညှိနှိုင်းချက်များ အရ သဘောတူညီချက်များကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြ သည်။
ယင်းနောက် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌ၊ ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဦးလော့ယာကုနှင့် နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ်အမှာစကားများ ပြော ကြားခဲ့ပြီး ပြန်ကြားရေးဝန်ကြီး ဌာနမှ ထုတ်ဝေသည့် (၇၅) နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား စာအုပ်၊ မှတ်တမ်းစာအုပ်များ၊ ခေတ်နှင့် အညီ ပြန်လည်ပြုစုထားသည့် မြန်မာ့စွယ်စုံကျမ်း (အတွဲ-၁)တို့ နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်