
နေပြည်တော် မေ ၃၁
၂၀၂၂ ခုနှစ် “ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့” အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ၂၀၂၂ ခုနှစ် “ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့” အထိမ်းအမှတ် ဆောင်ပုဒ်မှာ Tobacco: Threat to Our Environ-ment “တို့ပတ်ဝန်းကျင်မထိခိုက်ရေး၊ ဆေးလိပ် ဆေးရွက်ကြီး ရှောင်ရှားပေး” ဖြစ်ပါကြောင်း၊ ကမ္ဘာ တစ်ဝန်းတွင် ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲမှုကြောင့် နှစ်စဉ် လူဦးရေရှစ်သန်းကျော်သည် နာတာရှည် ရောဂါမျိုးစုံဖြစ်ပွား၍ သက်တမ်းစေ့မနေရဘဲ အချိန် မတိုင်မီ သေဆုံးလျက်ရှိကြောင်း၊ ၎င်းတို့အနက် ၁ ဒသမ ၂ သန်းခန့်သည် သူတစ်ပါး၏ ဆေးလိပ်ငွေ့ကို တစ်ဆင့်ခံရှူရှိုက်ရသည့်အတွက်ကြောင့် ရောဂါများ ဖြစ်ပွား သေဆုံးနေကြရပါကြောင်း၊ အလွယ်တကူ ကာကွယ်၍ရနိုင်သည့် အကြောင်းများကြောင့် သေဆုံးရခြင်းများတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး ပစ္စည်းအမျိုးမျိုး သောက်သုံးခြင်းသည်“ထိပ်ဆုံး”တွင် ရှိနေကြောင်း၊ အဆိုပါ အကြောင်းရင်းကြောင့် အရွယ် ရောက်သူ ၁၀ ဦးတွင် တစ်ဦးသည် အသက်မသေ သင့်ဘဲ သေဆုံးနေသည်ကို တွေ့ရှိနေရပါကြောင်း။
အများပြည်သူအား ဆေးရွက်ကြီးအန္တရာယ် သတိပေးနိုင်ရန်အတွက် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် “ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း များကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်”ကို ထုတ်ပြန်ခဲ့ပြီးဖြစ် ကြောင်း၊ အရှေ့တောင်အာရှတွင် ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံတို့နှင့်အတူ မြန်မာနိုင်ငံသည် တတိယ မြောက် အကောင်အထည်ဖော် ဆောင်ရွက်သည့် နိုင်ငံဖြစ်ပါကြောင်း၊ ယခုနှစ် ဆောင်ပုဒ်ဖြစ်သည့် “Tobacco: Threat to Our Environment” “တို့ ပတ်ဝန်းကျင် မထိခိုက်ရေး၊ ဆေးလိပ်ဆေးရွက်ကြီး ရှောင်ရှားပေး” ဟူသည့်အတိုင်း ထုတ်လုပ်သူ လုပ်ငန်းရှင်များမှလည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမှာ ဖြစ်သည့်အပြင် ပြည်သူများအနေဖြင့်လည်း ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုကို ရှောင်ရှားကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က မြန်မာနိုင်ငံ၏ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဆိုင်ရာ အောင်မြင်မှုများနှင့် ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်းကောင်း၊ The Union အဖွဲ့၏ ဒေသဆိုင်ရာညွှန်ကြားရေးမှူး Dr. Tara Singh Bam နှင့် အရှေ့တောင်အာရှ ဆေးလိပ်နှင့်ဆေးရွက်ကြီး ထိန်းချုပ်ရေးမဟာမိတ် အဖွဲ့ (SEATCA) မှ Smoke Free Program Manager Dr. Domilyn C. Villarreiz တို့က ဆေးလိပ်နှင့် ဆေးရွက်ကြီးကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု အခြေ အနေများကိုလည်းကောင်း ရှင်းလင်းပြောကြားကြပြီး ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်း အမှတ် မှတ်တမ်းဗီဒီယို ပြသသည်။
အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကမ္ဘာ့ဆေးလိပ်မသောက်ရေး နေ့ အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှု ကြသည်။
အဆိုပါ အခမ်းအနားသို့ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ နှီးနွှယ်ဝန်ကြီးဌာနများမှ ဌာန ဆိုင်ရာ အရာရှိကြီးများ၊ ပြည်နယ်/တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ တာဝန်ရှိသူများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကမ္ဘာ့ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှုအခြေအနေ အစီရင်ခံစာ (၂၀၂၁) (Global Tobacco Epidemic Report 2021) အရ မြန်မာနိုင်ငံသည် လူမှုကွန်ရက် အပါအဝင် မီဒီယာပေါင်းစုံ အသုံးပြု၍ ဆေးလိပ်၊ ဆေးရွက်ကြီး သောက်သုံးမှု လျှော့ချနိုင်ရေး အသိပညာမြှင့်တင်ခြင်း ဆောင်ရွက်ရာတွင် စွမ်းဆောင်ရည် အမြင့်ဆုံး ၄၆ နိုင်ငံတွင် တစ်နိုင်ငံ အပါအဝင်ဖြစ်ကြောင်း သိရ သည်။ သတင်းစဉ်