ကမ္ဘာ့သမုဒ္ဒရာရေများတွင်  မိုက်ခရိုပလတ်စတစ်များ ပျော်ဝင်နေကြောင်း စစ်ဆေးတွေ့ရှိ

Type

 

မြန်လင်းမောင်
 

ဩစတြေးလျ            နိုင်ငံ  ကာတင်တက္ကသိုလ်မှ  သုတေသီများသည်  ကမ္ဘာ့သမုဒ္ဒရာအတွင်းရှိ  ပင်လယ်ရေနမူနာများကို  သုတေသနပြုလုပ်ခဲ့ရာ ကျယ်ပြောလှသည့် သမုဒ္ဒရာရေပြင်၏ အစွန်အဖျားဆုံးဒေသများ၌ပင် မိုက်ခရိုပလတ်စတစ်များ ပါဝင်နေသည်ကို တွေ့ရှိရကြောင်း အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်သည်။
“ပလတ်စတစ်ဆန့်ကျင်  ကမ္ဘာတစ်ခွင်”   ခေါင်းစဉ်ဖြင့်     ကမ္ဘာ့ သမုဒ္ဒရာရေပြင်တွင်    ၄၅၅  ရက်ကြာ  လေ့လာမှုပြုလုပ်ပြီးနောက် အဆိုပါ အစီရင်ခံစာကို မေ ၂၇ ရက်  ရက်စွဲဖြင့်  ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါသုတေသနလုပ်ငန်းများကို ဩစတြေးလျ အနောက်ဘက်ကမ်းရိုးတန်း၊   တောင်အမေရိကမှသည်   အရှေ့ဘက် ကမ်းရိုးတန်းတစ်လျှောက် ကီလိုမီတာ ၄၆၁၀၀ ဧရိယာအတွင်းရှိ နေရာ  ၁၇၇  ခုမှ  ပင်လယ်ရေနမူနာများ ကို  သုတေသနပြုလေ့လာခဲ့ခြင်း ဖြစ်သည်။
သမုဒ္ဒရာအတွင်းမှ ရရှိလာသည့် အဆိုပါရေ နမူနာများ အတွင်း   မိုက်ခရိုပလတ်စတစ်   ပါဝင်မှုကို    ပထမဆုံး တိတိကျကျတိုင်းတာမှု     ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း     သုတေသီခေါင်းဆောင်ဖြစ်သူ    ကာတင်တက္ကသိုလ်မှ   ပါမောက္ခ ကလီတီဂရိစ် က  ပြောကြားသည်။ လေ့လာမှု၏ ရည်ရွယ်ချက်မှာ ကမ္ဘာ့ သမုဒ္ဒရာများအတွင်း  မိုက်ခရိုပလတ်စတစ်များ အံ့အားသင့်ဖွယ် ပျံ့နှံ့ ရောက်ရှိနေမှုကို သိရှိနိုင်ရန်အတွက်ဖြစ်ကြောင်း ဂရိစ် က ဆိုသည်။
လေ့လာမှုပြုလုပ်ခဲ့သည့်          သမုဒ္ဒရာရေနမူနာများတွင်     ကားတာယာများ၊   အထည်အလိပ်များ၊  အဆောက်အအုံ အပျက် အစီးများ၊ အလှကုန်များ၊ အစားအစာနှင့်  လူသုံးကုန်ပစ္စည်း ထုပ်ပိုး ထားသည့်    ပလတ်စတစ်စွန့်ပစ်ပစ္စည်းများမှ   ထွက်ရှိလာသည့် မိုက်ခရိုပလတ်စတစ်များကို   နေရာတိုင်းလိုလိုတွင်  တွေ့ရှိရသည်ဟု ဆိုသည်။
ဩစတြေးလျနိုင်ငံ  သမုဒ္ဒရာများနှင့် လေထုတိုင်းတာရေးယူနစ်၏ လေ့လာမှု များအရ ၂၀၂၀ ပြည့်နှစ်အထိ ကမ္ဘာ့သမုဒ္ဒရာများအတွင်း            မိုက်ခရိုပလတ်စတစ် တန်ချိန်ပေါင်း ၂၂ ဒသမ ၈ သန်းခန့်ရှိကြောင်း   ခန့်မှန်းထားပြီး အများစုမှာ သမုဒ္ဒရာကြမ်းပြင်တွင် အနည်ထိုင်နေ ခြင်းဖြစ်သည်။
မိုက်ခရိုပလတ်စတစ်များသည်  အဏ္ဏဝါသက်ရှိများအပေါ် သက်ရောက်မှုရှိနေပြီး အစာနှင့် ရေတို့မှတစ်ဆင့်  ငါးများ၏ အစာခြေစနစ်အတွင်း    ဝင်ရောက်ကာ  အဆိပ်အတောက်            ဖြစ်စေလျက်ရှိသည်။ 
ယခုလေ့လာတွေ့ရှိမှုသည် ပင်လယ်သမုဒ္ဒရာအတွင်းရှိ        စမ်းသပ်တိုင်းတာမှု  မပြုလုပ်ရသေးသည့်   အချို့နေရာ များ၌ပါ  မိုက်ခရိုပလတ်စတစ်များ    မည်မျှပျံ့နှံ့ရောက်ရှိ နေမည်ဆိုသည်ကို     သတိပြုနိုင်လိမ့်မည်ဟု     မျှော်လင့်ကြောင်း သုတေသီများက ဆိုသည်။

ကိုးကား- Aussie   researchers   track microplastics across global oceans