
နေပြည်တော် မေ ၂၉
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်း ဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျ စရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံ များတွင် စားအုန်းဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်လာပြီး တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် FOB ဈေးနှုန်းများအပေါ် အခြေခံ၍ တွက်ချက်မှုအရ မေ ၃၀ ရက်မှ ဇွန် ၅ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ၅၇၂၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ထို့ပြင်ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင် ရောင်းချ ခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာ သည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူ ရေးရာဦးစီးဌာန၏ Website: www.doca.gov.mm ၊ Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
သတင်းစဉ်