ရွှေညာသူ ရွှေညာသားတို့အတွက် သဘာဝလက်ဆောင်

Type
1

 

မောင်အောင်

 

“ခင်ဗျားတို့ အစိုးရတာဝန်ယူပြီးတဲ့နောက် လုပ်တဲ့အလုပ်တွေထဲမှာ ဒီအလုပ်ကိုတော့ ကျုပ်တို့အကြိုက်ဆုံးပဲဗျာ။ တစ်ရွာလုံးက လွှတ်ပြီးကျေးဇူးတင်နေကြတယ်။”


လွန်ခဲ့တဲ့ ခြောက်လကျော်က မြိုင်မြို့နယ် သဲတောကျေးရွာသို့ရောက်စဉ် ဦးချစ်တုံး၏ ပြောစကားကို ကျွန်တော်ပြန်ပြီးကြားယောင်နေမိသည်။ နိုင်ငံတော်၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လိုက်လံဖြည့်ဆည်းပေးရင်း မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် သဲတောကျေးရွာ  မြေအောက်တမံသို့ ရောက်ရှိစဉ် ဦးချစ်တုံးက ပြောလိုက်ခြင်းဖြစ်သည်။

 

ဦးချစ်တုံးက အသက် ၆ဝ ကျော် ၇ဝ နီးပါး ခန့်ရှိပြီ။ ပခုက္ကူ မြိုင်မြို့နယ်၏  ရာသီဥတုအပူက ကျွန်တော်တို့အားလုံး    ချွေးဒီးဒီးကျနေသည်။ ရွာသားများကို ကြိုတင်စုထားခြင်း မဟုတ်ပါ။ ကျွန်တော်တို့ သဲတောမြေအောက်တမံအနီး ကား ရောက်မှ သူတို့ရွာထဲက ထွက်လာခြင်းဖြစ်သည်။ တမံတည်ဆောက်ထားမှုနှင့် အကျိုးကျေးဇူးကို သိလို၍ ကျွန်တော်လာရောက် စစ်ဆေးကြည့်ရှုခြင်း ဖြစ်သည်။  ကျွန်တော့်ကို    ဆည်မြောင်းဦးစီးဌာန ဝန်ထမ်းများ တမာပင်ရိပ်အောက်တွင် ရှင်းပြနေစဉ် ပင် ရွာသားလေးငါးဆယ်ယောက် ခပ်လှမ်းလှမ်းတွင် ရောက်ရှိလာပြီး   ကျွန်တော်တို့ကို    ကြည့်နေခြင်း ဖြစ်သည်။
ကျွန်တော့်ဝန်ထမ်းများရှင်းပြအပြီး  ရပ်ကြည့် နေသော ရွာသားများထဲမှ    အသက်အကြီးဆုံးဟု ထင်ရသော ရွာသားကြီးအား ကျွန်တော်က “ဦးလေး ကြီးက ဒီရွာကပဲလား၊ နာမည် ဘယ်လိုခေါ်သလဲ၊ အသက်ဘယ်လောက်ရှိပြီလဲ။”     သူ့ကိုမေးရင်း ကျွန်တော် သူ့အနားလျှောက်သွားလိုက်သည်။ 

 


“ကျုပ်နာမည် ငယ်ငယ်တုန်းကတော့ ချစ်တုံးပေါ့။ အခုတော့ ရွာကလူတွေက ဦးချစ်တုံးလို့ ခေါ်တယ်။ ဒီရွာမှာမွေးတာပဲ၊  အသက် ၆၅ နှစ်။ အဘကရော နာမည်ဘယ်သူလဲ။”
ကျွန်တော်က ရင်းရင်းနှီးနှီး အနားကပ်သွားပြီး မေးလိုက်ခြင်းကြောင့် သူကပြန်ဖြေလိုက်ခြင်းဖြစ် သည်။ ကျွန်တော့်အကျင့်က လူတွေ့လျှင် နာမည် မေးသည်။ ဇာတိမေးသည်။ အသက်မေးတတ်သည်။
“ဟာဗျာ   ကျွန်တော့်ကို   အဘ မခေါ်စမ်းပါနဲ့။   ကျွန်တော်    အဘအရွယ်   မရောက်သေးပါဘူး။ ကျွန်တော့်အသက်ဘယ်လောက်ရှိပြီ ထင်လို့လဲ။”
“အင်း ရှိလှ ၆ဝ ဝန်းကျင်ပေါ့။ ရွာကအုပ်ကြီး တို့က  မြို့ကလာတဲ့ လူကြီးတွေကို အဘ အဘလို့ ခေါ်တာကြောင့် ကျုပ်လည်း ခင်ဗျားတို့က ကားတွေ အများကြီးနဲ့လာတော့   အဘလို့   ခေါ်လိုက်တာပါ ဗျာ။”
“ကျွန်တော့်အသက်လည်း  ခင်ဗျားနဲ့   မကွာ ပါဘူးဗျာ၊ ခင်ဗျားထက် နှစ်နှစ်ပဲ  ကြီးတာ။  အေးပါ ခင်ဗျားက ကျုပ်ထက် ရုပ်ဘာကြောင့်ရင့်ရတာလဲ”။
ကျွန်တော်က   သူ့ပခုံးကို   လှမ်းပြီးပုတ်လိုက်ရင်း ရင်းရင်းနှီးနှီး ပြုံးပြုံးရွှင်ရွှင်မေးဖြစ်လိုက်သည်။

 


“ဟာ  ဒါကတော့  ကျုပ်အမှန်အတိုင်းပြောမယ် နော်။ ခင်ဗျားတို့က မြို့မှာနေတယ်။ ပေါ်ကြော့နေရ တယ်။ သွားစရာရှိလည်း ကားအကောင်းစားကြီးနဲ့ သွားရတယ်။  အစား   ကောင်းကောင်းစားရတယ်။ ရေဖောဖောသီသီ သုံးရတယ်။ အဲဒီတော့ ခင်ဗျား တို့က ကျုပ်တို့ထက်စာရင် နုတာပေါ့ဗျာ။ စိုပြည်တာ ပေါ့ဗျာ”
ဦးချစ်တုံးက   မပြောတော့လည်း  မပြော။ ပြောတော့လည်း ကရားမှ ရေလွှတ်လိုက်သည့်ပမာ တဲ့တိုးပြောတော့သည်။
ချောင်းဘေးကပ်လျက် ရေရှားသည့်ရွာ
“နေစမ်းပါဦး။ ကျွန်တော်တို့က ရေဖောဖော သီသီသုံးရလို့ နုနေတယ်ဆိုတော့ ခင်ဗျားတို့ကရော ရေဖောဖောသီသီ မသုံးရဘူးလား။ ခင်ဗျားတို့ရွာက ဒီချောင်းဘေးကပ်လျက်ရှိနေတာကို”
“အေး  အဲဒီချောင်းဘေးမှာရှိပေမယ့်  ဒီချောင်း က မိုးတွင်းမှ  ရေရှိတာ၊  ရေရှိတယ်ဆိုတာလည်း အထက်ဘက်မှာ မိုးရွာတုန်းခဏပဲ။ အထက်မှာ မိုးရွာ ပြီဆိုရင် ချောင်းထဲကိုဖြတ်မသွားနဲ့တော့။ ရေလုံးက ဝါးလုံးထိုးစီးတာ။  မနှစ်က  မိုးကလေးညို့လာပြီး လွတ်မယ်ထင်လို့    ရွာမြောက်ဘက်က  သာရင် နွားလှည်းနဲ့ဖြတ်ကူးလိုက်တာ၊  နွားရော၊ လူရော၊ လှည်းရော  ရေစီးနဲ့ပါသွားလိုက်တာ  သူ့သမီးငယ် ဂွက်ထော်မ ရှာမတွေ့တော့ဘူး။      ဒီချောင်းက အတော်လေးဆိုးတယ်။   တစ်နှစ်ကို    တစ်ယောက်၊ နှစ်ယောက် လူစားတယ်။”
“ရေကတော့ မိုးရွာပြီးသွားရင် နှစ်လ၊ သုံးလ လောက်တော့  လက်ယက်တွင်းတူးပြီး   ရေခပ်ရ တာပေါ့။ နွေအခါဆိုရင် ရွာထဲက ရေတွင်းတွေလည်း ရေခန်းသွား။ အလွန်ရေရှားတာပေါ့ဗျာ။ ဒါ့ကြောင့် ကျုပ်တို့  သဲတောသားတွေ  လူရုပ်မပီတာပေါ့ဗျာ။ ခင်ဗျားတို့လို ရုပ်ရည်မနုတာပေါ့ဗျာ။”
ဦးချစ်တုံးက အတိတ်အကြောင်းကို ပြန်ပြော ရင်း   ခေါင်းတွင်ပတ်ထားသည့်   မျက်နှာသုတ်ပဝါ ကြမ်းဖြင့်  ချွေးဒီးဒီးကျနေသည့်  သူ့မျက်နှာကို သုတ်လိုက်သည်။
“အခုတော့ရော ရေအခြေအနေ ဘယ်လိုလဲ”
သူ့ရင်ထဲက    စကားကိုသိလို၍  ကျွန်တော် မေးလိုက်ခြင်းဖြစ်သည်။

 


မြေအောက်တမံ


“အခုတော့ ကျုပ်တို့ ရေနဲ့ပတ်သက်ရင် အတော် အဆင်ပြေပြီလေ။  ပြီးခဲ့တဲ့  ခြောက်လလောက်က ခင်ဗျားတို့အစိုးရတက်ပြီး     ခြောက်လလောက်မှာ ဒီဆရာတွေ ရောက်လာတယ်။    မြေအောက်တမံ လုပ်ဖို့ဆိုပြီး     ချောင်းတစ်လျှောက်လိုက်ပြီးကြည့် တယ်။      သဲတွေစစ်ဆေးတယ်။    ချောင်းအကျယ် တိုင်းတယ်။   ဘေးသားမြေအနေအထားကြည့်ပြီး ဒီနေရာကို ရွေးလိုက်တာပဲ။”

 


“ကျုပ်တို့က    တစ်သက်လုံး     ဒီလိုပဲနေလာပြီး ဒီလူတွေ   အခုလိုလာပြီးလုပ်တော့   ပထမတော့ သိပ်ပြီးမယုံဘူးလေ။ အဲဒါကြောင့် သူတို့လုပ်တာတွေ ကျုပ်က လိုက်ပြီးကြည့်တာ။ ကျုပ်က အိုပယ်ဖြစ်နေ တော့ အိမ်မှာလည်း တောက်တိုမယ်ရပဲ။ ကျုပ်သမီး နဲ့သားမက်က ကျုပ်ကိုဘာမှမခိုင်းဘူး။ အလုပ်လုပ် စေချင်တာမဟုတ်ဘူး။ အဲဒါကြောင့် ဒီဆရာတွေ လုပ်တာကို ကျွန်တော်က အသေးစိတ်ကြည့်ဖြစ် တာ”

“ပထမ  ဒီနေရာမှာ ဆယ်ပေအကျယ်လောက် ချောင်းကိုဖြတ် မြောင်းကြီးတူးလိုက်တာ။ တူးတာမှ ရေလုံးဝမစိမ့်တဲ့အထိ တူးလိုက်တာ။ ကျုပ်အထင် အနက်ပေ  ၄ဝ-၅ဝ လောက်ရှိမယ်  ထင်တယ်။ အဲဒီမှာ အောက်ခံကျောက်ပဲ ရှိတော့တယ်။ အဲဒီ နေရာကစပြီး ကန့်လန့်ဖြတ်ကျောက်ကြီးစီတယ်။ ကျောက်လတ်တွေစီတယ်။ ဘိလပ်မြေကို ဖောဖော သီသီသုံးပြီး ဒီတမံဆောက်ခဲ့တယ်။ ကျုပ်မှတ်ထား တာ   တစ်လခွဲပြီး    နှစ်ရက်နဲ့   ပြီးသွားတယ်။ အောက်ခြေက ခုနစ်ပေ၊ ရှစ်ပေလောက်ရှိပြီး ထိပ်မှာ တော့ သုံးပေလောက်ရှိတယ်။ အဲ ပြီးတော့ ဘေးနံရံ နှစ်ဖက်  သဲဖြည့်ပြီး  ပြီးသွားတယ်။ တမံပြီးတဲ့ရက် ကစပြီး   ကျုပ်တို့လည်း   မိုးရွာပါစေ၊    ရွာပါစေလို့ ဆုတောင်းနေတယ်။

 


“မိုးရွာတဲ့နေ့ကတော့ ကျုပ်အိမ်ကနေ သဲချောင်း တမံကို ကျုပ်တန်းပြီးပြေးတာ။ ဒီဆရာတွေ တစ်လ ခွဲ၊ နှစ်လ အပင်ပန်းခံပြီးလုပ်ထားတဲ့တမံ ဘယ်လို နေမလဲဆိုတာသိချင်လို့။ ကျုပ်အိမ်ကနေ ထပြီးပြေး တော့  ကျုပ်သားမက်ကလည်း  အဘ၊  အဘလို့ လှမ်းခေါ်ပြီး  ကျုပ်နောက်က  ပြေးပြီးလိုက်တယ်။ တမံထိပ်ရောက်မှ ကျုပ်လည်းအပြေးရပ်ပြီး၊ တမံ ထိပ်မှာထိုင်ပြီး  အမောဖြေရင်း  အထက်ဘက်က စီးလာတဲ့ရေကို စောင့်ကြည့်ဖြစ်တယ်။ ရေကအရင် လို   သဲချောင်းထဲမှာ    ဝါးလုံးထိုး   မစီးတော့ဘူး။ တဖြည်းဖြည်းပဲ စီးလာတယ်။ ကျုပ်တို့လုပ်ထားတဲ့ တမံအထိကို     ဖြည်းဖြည်းစီးလာပြီး    တမံကို ချက်ချင်းတောင် မကျော်နိုင်ဘူး။ အဲဒီမိုးမှာတော့ ကျုပ်ထင်တယ်။ တမံထဲ ရေဖြည့်နေရလို့လား မသိ ဘူး။ တမံပေါ်က နည်းနည်းပဲကျော်သွားတယ်”
ဦးချစ်တုံး စိတ်ပါလက်ပါပြောနေ၍ သူ့စကား မဖြတ်လိုသဖြင့် ကျွန်တော်ငြိမ်၍သာ နားထောင် နေမိသည်။

 


“နေ့လယ်လောက်ရောက်တော့   ဒီဆရာတွေ တမံလာပြီးကြည့်တယ်။   ကျုပ်က   အခြေအနေ ရှင်းပြပြီး  ရေနွေးကြမ်းသောက်ဖို့  အိမ်ကိုခေါ်တော့ အိမ်မသွားဘဲ ဒီတမာပင်ရိပ်မှာပဲ တမံကိုကြည့်ရင်း ကျုပ်တို့စကားထိုင်ပြီးပြောနေဖြစ်တယ်။ အဲဒီဆရာ တွေနဲ့ကျုပ် သဲချောင်းထဲဆင်းပြီး လက်ယက်တွင်း တူးကြည့်လိုက်တော့ တောင်ဆုတ်လောက်ပဲ တူးရ တယ်။ ရေချက်ချင်းထွက်ပြီး  ချက်ချင်းပြည့်လာ တယ်။ ကျုပ်တော့ ထပြီး ကချင်လောက်အောင်ကို ဝမ်းသာမိတယ်။”
“ဒီရေတွင်းတွေကရော  ဘယ်လောက်ကြာမှ ရေအပေါ်တက်လာလဲ”
ကျွန်တော်က ဦးချစ်တုံးမောနေမည်စိုး၍ အနီးရှိ ရေတွင်းကို လက်ညှိုးထိုးပြပြီး ကြားဖြတ်မေးလိုက် ခြင်းဖြစ်သည်။

 

“ကျုပ်က  အဲဒါလည်း  သေချာမှတ်ထားတာဗျ။ မိုးရွာပြီးသုံးရက်လောက်ကြာတော့ ရေက တစ်ပေနီး ပါး  တက်လာတယ်။ နောက်ပိုင်းကျုပ်မှတ်ထား သလောက် တစ်ပတ်၊ ဆယ်ရက်ကြာတော့ နှစ်ပေ သာသာတက်လာတယ်။  အခုတော့   မိုးရွာရင်လည်း ကျုပ်တို့သဲချောင်းက  ကြောက်စရာမလိုတော့ဘူး။ တမံအပေါ်   ရေမကျော်သရွေ့   တမံရေမဝင်တဲ့ အောက်ဘက်က ဖြတ်လို့ရတယ်။ ကျုပ်တို့တစ်ရွာလုံး ပျော်မဆုံး မော်မဆုံးပါ။  ကျုပ်တို့ သဲတောရွာသား တွေက “ရွှေမလိုချင်ပါ၊  ရေကိုသာ လိုချင်တာပါ။” အဲဒါကြောင့်  အဘ  အဲ ဆရာကြီး   ရောက်လာတဲ့ အချိန်မှာ ဆရာတို့  အစိုးရအဖွဲ့ကို ကျေးဇူးတင်ကြောင်း ဝမ်းသာအားရပြောမိတာပါ”


သောက်သုံးရေ လုံလောက်စွာရရှိစေခဲ့


သည်တစ်ခါတော့ သဲတောရွာသား ဦးချစ်တုံး၏ စကားသံအောက်တွင် ဝမ်းသာပီတိဖြစ်နေမိသူက ကျွန်တော်ပါ။    ကျွန်တော်ပို၍  ဝမ်းသာပီတိဖြစ်ရ သည်က ဦးချစ်တုံးက သူ၏လက်များဖြင့် ကျွန်တော့် လက်ကို  ရင်းရင်းနှီးနှီးဖျစ်ညှစ်  နှုတ်ဆက်လာပါ သည်။ ကျွန်တော်လည်း  ကိုဗစ်ရောဂါကာလဖြစ် နေသည်ကို သတိမရတော့ဘဲ ဦးချစ်တုံး၏ လက်ကို တင်းတင်းကျပ်ကျပ်ပြန်ဆုပ်၍  နှုတ်ဆက်ဖြစ်ပါ သည်။

 

ပြီးခဲ့သည့် ၂ဝ၂၁ ပြည့်နှစ်က မကွေးတိုင်းဒေသ ကြီးတွင်   သဲတောမြေအောက်တမံ၊  ကျောက် ထပ်မြေအောက်တမံနှင့် မန္တလေးတိုင်းဒေသကြီး တွင် ဝါးခင်းကြီးမြေအောက်တမံတို့ကို ကျွန်တော်တို့ တည်ဆောက်နိုင်ခဲ့ပါသည်။  သဲတောမြေအောက် တမံသည်  သဲတောကျေးရွာ အပါအဝင် ရွာသုံးရွာရှိ အိမ်ထောင်စု ၆၈၉ စုမှ လူဦးရေ ၃၃၅၈ ဦးနှင့် ကျွဲ၊ နွား၊ တိရစ္ဆာန် ၁၅၆၅ ကောင်အတွက် သောက်သုံး ရေလုံလောက်စွာရရှိစေခဲ့ပါသည်။  ကျောက်ထပ် မြေအောက်တမံသည်     ကျေးရွာနှစ်ရွာရှိ အိမ်ထောင်စု ၆၈၉ စုရှိ    လူဦးရေ ၁၆၇၃ ဦးနှင့်    ကျွဲ၊  နွား၊  တိရစ္ဆာန်  ၁၄၂၅  ကောင်အတွက် သောက်သုံးရေ ရရှိစေသည့်အပြင် ဝါးခင်းကြီးချောင်း မြေအောက်တမံတည်ဆောက်ခြင်းကြောင့် ကျေးရွာ ရှစ်ရွာရှိ အိမ်ထောင်စု ၉၆ဝ မှ လူဦးရေ ၄ဝဝဝနှင့် ကျွဲ၊ နွား၊ တိရစ္ဆာန် ၈ဝဝ အတွက် သောက်သုံးရေ ရရှိစေခဲ့ပါသည်။

 


၂ဝ၂၁ - ၂ဝ၂၂ ဘဏ္ဍာနှစ်တွင် တည်ဆောက် ပြီးစီးခဲ့သည့် မြေအောက်တမံသုံးခု၏ အကျိုးပြုမှုကို ပြန်လည်စိစစ်သုံးသပ်ပြီး ၂ဝ၂၂-၂ဝ၂၃ ခု ယခုဘဏ္ဍာ နှစ်တွင် “ရွှေကိုမလို ရေကိုသာလိုသည့်” ရွှေညာသူ ရွှေညာသားများအတွက်     မြေအောက်တမံများ လိုအပ်သည့်နေရာများတွင်  ထပ်မံတည်ဆောက် ပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က လမ်းညွှန်မှာကြားခဲ့ပါသည်။

 


ဆက်လက်တည်ဆောက်နေသော မြေအောက်တမံများ


သို့ဖြစ်၍လည်း  ကျွန်တော်တို့   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်း နှင့်  ရေအသုံးချမှု   စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မန္တလေးတိုင်းဒေသကြီး  ညောင်ဦးခရိုင်  ညောင်ဦး မြို့နယ်တွင်  တောင်ဇင်းချောင်းမြေအောက်တမံ၊ ဘောလုံးကျွန်းချောင်း            မြေအောက်တမံ၊ ကျောက်ပန်းတောင်းမြို့နယ်တွင်          စိတ်ထိန်း မြေအောက်တမံ၊ မကွေးတိုင်းဒေသကြီး  ပခုက္ကူ မြို့နယ်တွင် အောင်နန်းမြေအောက်တမံ၊ ကျတ်ပြည့် မြေအောက်တမံ၊ ဖောင်ကျောင်းမြေအောက်တမံနှင့် ရိုးရမြေအောက်တမံအပါအဝင် မန္တလေးတိုင်းဒေသ ကြီးတွင် မြေအောက်တမံ သုံးခုနှင့် မကွေးတိုင်းဒေသ ကြီးတွင် မြေအောက်တမံ လေးခု စုစုပေါင်း ခုနစ်ခု ကို တိုင်းဒေသကြီး ရန်ပုံငွေဖြင့်တည်ဆောက်လျက် ရှိပါသည်။    ၎င်းပြင်   ၂ဝ၂၂ - ၂ဝ၂၃     ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် နတ်မောက်မြို့နယ် ဥသျှစ် ကုန်းမြေအောက်တမံနှင့် ရေထွက်မြေအောက်တမံ  စုစုပေါင်း မြေအောက်တမံ နှစ်ခုကို တည်ဆောက် လျက်ရှိရာ မြေအောက်တမံနှစ်ခုလုံး၏ တည်ဆောက် မှုမှာ ၉ဝ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ပါသည်။

 


အညာဒေသများတွင်     မြေအောက်တမံများ တည်ဆောက်ပေးခြင်းဖြင့် ပတ်ဝန်းကျင် ကျေးရွာသူ ကျေးရွာသားများအတွက် သောက်သုံးရေအထောက် အပံ့ဖြစ်စေခြင်း၊ ချောင်းတစ်လျှောက် စားဖိုဆောင် သီးနှံများ စိုက်ပျိုးလာနိုင်ခြင်း၊ ကျေးရွာအတွင်းရှိ ရေတွင်းများ၏  ရေမျက်နှာပြင်မြင့်တက်လာပြီး ရေပိုထွက်ခြင်းနှင့်     ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် ခြင်း  စသည့်အကျိုးကျေးဇူးများ  ရရှိစေနိုင်မည်ဖြစ် ပါသည်။

 


သို့ဖြစ်၍  မြေအောက်တမံများသည် “ရွှေကိုမလို ရေကိုသာလိုသည့်  ရွှေညာသူ  ရွှေညာသား” များ အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ အဖွဲ့မှ ပေးအပ်သည့် “အဖိုးမဖြတ်နိုင်သည့် သဘာဝ လက်ဆောင်များ” ဟု ခံယူမိပါသည်။       ။