အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အကြိုခြေစမ်းပွဲတွင် မြန်မာအသင်း ဘာရိန်းကို ရှုံးနိမ့်

 

ရန်ကုန်  မေ   ၂၇


၂၀၂၃ အာရှဖလား  တတိယအဆင့်ခြေစစ်ပွဲအတွက်  ထိုင်းနိုင်ငံ၌  လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင်အသင်းသည်  မေ ၂၇ ရက် ညနေပိုင်းက   ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်  (ဖီဖာ)  အသိအမှတ်ပြု ခြေစမ်းပွဲအဖြစ်   ဘာရိန်းလက်ရွေးစင်အသင်းနှင့်  ယှဉ်ပြိုင်ကစားရာ နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

 


မြန်မာ့လက်ရွေးစင်အသင်းသည်   အာရှဖလား  တတိယအဆင့်ခြေစစ်ပွဲအကြိုပြင်ဆင်မှုအဖြစ်  မေ ၂၂ ရက်ကတည်းက ထိုင်းနိုင်ငံ၌ လေ့ကျင့်နေပြီး မေ ၂၄ ရက်တွင် ဟောင်ကောင်လက်ရွေးစင်နှင့် ခြေစမ်း ပြီးနောက်  ဘာရိန်းလက်ရွေးစင်နှင့်  ထပ်မံခြေစမ်းခဲ့ခြင်းဖြစ်သည်။ မြန်မာနှင့် ဘာရိန်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာတွင်  ခြေစမ်းပြီး နောက်ပိုင်း ယခုမှ ပြန်လည်ခြေစမ်းခြင်းဖြစ်ပြီး မြန်မာအသင်းအနေဖြင့် ယခင်ခြေစမ်းပွဲထက် ပိုမိုကောင်းမွန်သည့် စွမ်းဆောင်ရည်ပြသနိုင်ခဲ့ သော်လည်း  ပွဲပြီးခါနီးပေးလိုက်ရသည့် နှစ်ဂိုးကြောင့် အရေးနိမ့်ခဲ့သည်။

 


မြန်မာအသင်းနည်းပြချုပ်  အန်တွမ်နီဟေးသည်  ဟောင်ကောင် အသင်းနှင့်ကစားခဲ့သည့်  လူစာရင်းကို အပြောင်းအလဲအချို့ပြုလုပ်ခဲ့ပြီး ပြည့်ဖြိုးသူ (ဂိုး)၊ ဇော်ရဲထွန်း၊ ဝင်းမိုးကျော်၊ စိုးမိုးကျော်၊ ကျော်ဇင်လွင်၊  ရဲမင်းသူ၊  ရန်နိုင်ဦး၊  ဆွမ်လမန်၊  မောင်မောင်လွင်၊ ဇော်ဝင်းသိန်း၊ သန်းပိုင်တို့ကို အသုံးပြုခဲ့သည်။ ၈၉ မိနစ်တွင်  မြန်မာအသင်း  ပယ်နယ်တီ ပေးခဲ့ရပြီး   မာဒီက  ဘာရိန်းအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။   နှစ်မိနစ်အကြာတွင်   ဘာရိန်းအသင်း ဒုတိယဂိုးထပ်ရခဲ့ပြီး ဟီမိုင်ဒန်က သွင်းယူခဲ့သည်။ မြန်မာအသင်းသည်   အာရှဖလား   တတိယအဆင့် ခြေစစ်ပွဲ   ယှဉ်ပြိုင်ကစားရမည့်  ကာဂျစ္စတန်နိုင်ငံသို့   ဇွန် ၃ ရက်တွင်  ထွက်ခွာမည်ဖြစ်သည်။                                                    

ရဲရင့်လွင်