
ငါးသိုင်းချောင်း မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ သောင်ကြီးကျေးရွာအုပ်စု သောင်ကြီးကျေးရွာအထက်ပိုင်းတွင် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲက ငဝန်မြစ်ရေတိုက်စား ခြင်းကြောင့် ငဝန်မြစ်ကမ်းပါး အရှည်ပေ ၅၀၀ ခန့် ပြိုကျခဲ့ပြီး (အပေါ်ပုံ) နေအိမ်များ ဖြိုဖျက် ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။
သောင်ကြီးကျေးရွာနေ ရာအိမ်မှူး ဦးကျော်ရွှေအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်း ရာ ငဝန်မြစ်ရေတိုက်စားပြီး ငဝန်မြစ်ကမ်းပါးပြိုကျတာဟုတ်ပါတယ်။ လေးရက် ငါးရက်အတွင်း နေ့ရောညပါ ပြိုကျတဲ့အကျယ်က အလျားပေ ရှည် ၅၀၀ ၊ အနံထု အကျယ် ပေ ၁၅၀ ခန့်ရှိပါတယ်။ မြေကြီး တွေက အတုံးလိုက်တွေ ပြိုကျ နေတော့ တစ်ခါတစ်ခါ လန့်တောင် သွားတယ်။ ညဘက်ဆို ကောင်း ကောင်း မအိပ်ရဘူး။ ၁၀ မိနစ် တစ်ကြိမ်၊ မိနစ် ၂၀ လောက် တစ်ကြိမ်လောက် ပြိုကျတယ်။ ပြိုရတဲ့ အကြောင်းရင်းက လေးမျက်နှာမြို့နယ်ရှိ ပေါက်ကုန်း ဆိုတဲ့ရွာက သောင်ထိုးပြီးတော့ အင်းလျားဆိုတဲ့ ရွာလေးကို ရေညွန့်တိုက်ပြီး သောင်ကြီး ကျေးရွာကို ရေစွယ်ထိုးတယ်။ အထက်ဘက်မှာ မိုးကရွာတဲ့ အခါ အဲဒီရေက သီတာချောင်း ပေါက်တို့၊ ငဝန်မြစ်ကြောင်းဘက် ကနေ ရေကထိုးဆင်းလာတဲ့အခါ ရေတိုက်စားပြီး ငဝန်မြစ်ကမ်းပါး ပြိုတာဖြစ်တယ်။ ၂၀၂၂ ခုနှစ် ဧပြီလဆန်းပိုင်းမှာလည်း နေအိမ် ၁၀ လုံး ရွှေ့ပြောင်းရတယ်။ ဒီနေ့ မှာလည်း ဦးမဲလုံးရဲ့ နေအိမ် တစ်လုံး၊ ဦးအောင်ကိုရဲ့ နေအိမ် တစ်လုံး စုစုပေါင်း နေအိမ်နှစ်လုံး ဖြိုဖျက် ပြောင်းရွှေ့ခဲ့ရတယ်”ဟု ရာအိမ်မှူး ဦးကျော်ရွှေက ပြော သည်။
မြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိ ကြောင်းနှင့် သောင်ကြီးကျေးရွာ အုပ်စု သောင်ကြီးကျေးရွာ အထက်ပိုင်းတွင် အိမ်ခြေ ၁၈၃ အိမ်နှင့် လူဦးရေ ၃၀၀ ခန့် နေထိုင် ကြောင်း သိရသည်။
ဆန်းတင့်(ရေကြည်)