
နေပြည်တော် မေ ၂၄
ရှမ်းပြည်နယ် တောင်ကြီးခရိုင် ဟဲဟိုး-ဘော်ဆိုင်း၊ ပင်းတယ-အောင်ပန်းလမ်းဘေး ဝဲယာ စိမ်းလန်း စိုပြည်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ဒုတိယဝန်ကြီး များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ညှိနှိုင်းဆွေးနွေး
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးများနှင့် ရှမ်း ပြည်နယ် ဝန်ကြီးချုပ်တို့က အဖွင့်အမှာစကားများ ပြောကြားသည်။ ထို့နောက် သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဟဲဟိုး-ဘော်ဆိုင်း၊ ပင်းတယ-အောင်ပန်း လမ်းဘေး ဝဲယာ စိမ်းလန်းစိုပြည်ရေး ထင်းရှူးပင်များ စိုက်ပျိုး ပြုစုထိန်းသိမ်းမည့် အစီအမံများနှင့် မြေအသုံးချမှု တို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး များ၊ ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက လုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ ရှေ့ဆက်ဆောင်ရွက် မည့် အစီအစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေး သည်။
ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်
အစည်းအဝေးတွင် ကလောမြို့နယ်အား ထင်းရှူး မြို့တော်ဖြစ်စေရေး၊ ဟဲဟိုး-ဘော်ဆိုင်းလမ်း၊ ပင်းတယ-အောင်ပန်းလမ်းဘေးဝဲယာ စိမ်းလန်း စိုပြည်ရေးအတွက် နှစ်ပေအထက် ထင်းရှူးပျိုးပင် ၃၂,၅၀၀ ဖြင့် လမ်းဘေးဝဲယာ တစ်အုပ်တစ်မ စိုက်ပျိုး ရေး၊ ကွက်လပ်ဖြစ်ပေါ်နေသော နေရာများတွင် ထင်းရှူးပျိုးပင် ၃၅,၀၀၀ ဖြင့် ကွက်လပ်ဖြည့်စိုက်ပျိုး ရေးနှင့် သဘာဝ တောကျန် ဧရိယာဧက ၁၂၀၀ ခန့်ကို ကြိုးပြင်ကာကွယ်တော ဖွဲ့စည်းနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့တို့ကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန် ကိစ္စရပ် များကို ဆွေးနွေးကြသည်။
တစ်အုပ်တစ်မ စိုက်ပျိုးသွားမည်
၂၀၂၂ ခုနှစ် မိုးရာသီတွင် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် သစ်တောဦးစီးဌာနမှ လမ်းပိုင်း ၁၁၆ လမ်း၊ လမ်းဦးစီးဌာနမှ လမ်းပိုင်း ၄၅၇ လမ်းနှင့် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လမ်းပိုင်း ၂၈၆ လမ်းတွင် စုစုပေါင်းပျိုးပင် ၂၅၆,၀၀၀ ကျော် လမ်းဘေးဝဲယာ တစ်အုပ်တစ်မ စိုက်ပျိုးသွားမည်ဖြစ်ပြီး လိုအပ်သော အမြင့် နှစ်ပေအထက် ပျိုးပင်များကို သစ်တောဦးစီး ဌာနက ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်