Monkeypox ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ


 

နေပြည်တော်    မေ   ၂၃ 
၂၀၂၂    ခုနှစ်အတွင်း    သွေးလွန်တုပ်ကွေးရောဂါ ထူးကဲစွာအများအပြား (Outbreak) ဖြစ်ပွားမလာ စေရေး   ညှိနှိုင်းအစည်းအဝေးကို   ကျန်းမာရေး ဝန်ကြီးဌာန ရုံးအမှတ် (၄) အစည်းအဝေးခန်းမတွင် semivirtual ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင်   ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ  သက်ခိုင်ဝင်းက သွေးလွန်တုပ်ကွေးရောဂါ   ဖြစ်ပွားမှုသည် ကမ္ဘာ ပေါ်တွင်  တစ်နှစ်လျှင်   လူဦးရေ သန်း ၃၉၀ ခန့်  ကူးစက်ဖြစ်ပွားလျက်ရှိရာ     အရှေ့တောင်အာရှ ဒေသ၌     အင်ဒိုနီးရှား၊   ထိုင်းနှင့်     မြန်မာနိုင်ငံ တို့သည် ဖြစ်ပွားသူဦးရေ အများဆုံးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်တွင် ရရှိခဲ့သည့်    စာရင်း ဇယားများအရ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ စုစုပေါင်း ၅၄၄၆ ဦးရှိပြီး  ၃၆  ဦး သေဆုံးခဲ့ပါကြောင်း၊ ဇန်နဝါရီ ၁ ရက်မှ မေ ၂၀ ရက်အထိ ရရှိထားသော အချက်အလက်များအရ ရောဂါဖြစ်ပွားသူ  ၁၅၁၆ ဦးနှင့် သေဆုံးသူ နှစ်ဦးရှိ၍ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့်     မွန်ပြည်နယ်တို့တွင် ဖြစ်ပွားမှုများပြားနေလျက်ရှိပါကြောင်း၊ နှစ်စဉ် ရောဂါဖြစ်ပွားမှု  သုံးသပ်ချက်များအရ ယခုနှစ်သည် ရောဂါဖြစ်ပွားမှုထူးကဲစွာများပြားသည့် Outbreak အသွင် ဖြစ်ပွားနိုင်ခြေ များပြားပါကြောင်း။
ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့်    ကာကွယ် ထိန်းချုပ်ခြင်းလုပ်ငန်းများကို     စဉ်ဆက်မပြတ်  အလေးထားဆောင်ရွက်ရမည်ဖြစ်ရာ ခြင်မှတစ်ဆင့် ကူးစက်သောရောဂါဖြစ်သည့်အတွက် ခြင်ပေါက် ပွားမှုမရှိစေရေး ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်း များ ဆောင်ရွက်ခြင်းနှင့် ခြင်ကျား၊ ပိုးလောက်လမ်း နှင့် သက်ကြီးကောင်ခြင် နှိမ်နင်းခြင်း၊ ကျန်းမာရေး ပညာပေးခြင်း၊ ခြင်ကိုက်မခံရအောင် နေထိုင်ခြင်းနှင့် ကျောင်းများတွင် ခြင်ကျားနှင့် ခြင်ကျားပိုးလောက်လမ်း ကင်းစင်ကျောင်းများ ထူထောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ် ရာတွင်   ကျန်းမာရေးဝန်ကြီးဌာနတစ်ခုတည်းက ဆောင်ရွက်ခြင်းထက်     နှီးနွှယ်ဝန်ကြီးဌာနများ၊ အထူးသဖြင့် ပြည်ထဲရေးဝန်ကြီးဌာန  အထွေထွေ  အုပ်ချုပ်ရေးဦးစီးဌာနတို့၏  ပူးပေါင်းဆောင်ရွက်မှု များဖြင့် လုပ်ငန်းများကို ဆောင်ရွက်ရန် တိုက်တွန်း လိုပါကြောင်း၊ ထို့အတူ မီးသတ်ဦးစီးဌာနနှင့် စည်ပင် သာယာရေးကော်မတီများ၏  ပံ့ပိုးကူညီပေးမှုများ လိုအပ်ပါကြောင်း။
သွေးလွန်တုပ်ကွေးရောဂါ  ကျန်းမာရေးအသိ ပညာပေးရန်  လိုအပ်ပါကြောင်း၊ ကျောင်းဖွင့်ရာသီ  ရောက်ရှိသည့်အခါတွင် ကျောင်းအခြေပြု ကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းများနှင့် ကျောင်းကျန်းမာရေး လုပ်ငန်းများ ဆောင်ရွက်စဉ်တွင် သွေးလွန်တုပ်ကွေး ရောဂါ      ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကိုပါ တစ်ပါတည်းဆောင်ရွက်ရန် ဖြစ်ပါကြောင်း။ 
အစည်းအဝေးသို့   တက်ရောက်လာကြသည့် ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများအနေဖြင့် မိမိတို့  သက်ဆိုင်ရာကဏ္ဍအသီးသီးအလိုက်  ပံ့ပိုးဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ   နေရည်ရည်လင်းက  မြန်မာနိုင်ငံတွင်  သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားမှုနှင့် ကာကွယ်နှိမ်နင်းရေးဆောင်ရွက်ထားရှိမှုများကို    ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများက      သက်ဆိုင်ရာကဏ္ဍ အလိုက်  သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်း ရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့် အစီ အစဉ်များကို ဆွေးနွေးတင်ပြကြသည်။ 
ဆက်လက်၍ မွန်းလွဲ ၂ နာရီတွင်  Monkeypox ကူးစက်ရောဂါ  စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကြိုတင် ကာကွယ်ခြင်းလုပ်ငန်းများအတွက် ညှိနှိုင်းအစည်း အဝေးကို ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပသည်။
အစည်းအဝေးတွင်     ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက လတ်တလော၌ အာဖရိက၊ အမေရိက၊ ဥရောပရှိ နိုင်ငံအချို့တွင် Monkeypox  ကူးစက်ရောဂါဖြစ်ပွားမှုများ    တွေ့ရှိလာရကြောင်းကို   ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက     သတိပေးချက်   ထုတ်ပြန်ထားပါကြောင်း။ 
မြန်မာနိုင်ငံတွင်လည်း    ကလေးငယ်များတွင် ရေကျောက်ရောဂါ (chickenpox) ဖြစ်ပွားတွေ့ရှိမှု များရှိလာသဖြင့် ပြည်သူများအကြား စိုးရိမ်ထိတ်လန့် မှု မဖြစ်စေရေး၊ ယခုအခါ ဖြစ်ပွားမှုမရှိတော့သော ကျောက်ကြီးရောဂါ (smallpox)၊ အလွန်ပြင်းထန်ခြင်း မရှိသော   ရေကျောက်ရောဂါနှင့်    လတ်တလော နိုင်ငံအချို့တွင် ကူးစက်မှုအသစ်များအဖြစ် တွေ့ရှိရ သော Monkeypox  ရောဂါတို့၏  ရောဂါဖြစ်ပွား ရာတွင်   တွေ့ရှိရသော    ရောဂါလက္ခဏာများတွင်  ကွာခြားမှု၊ ဖြစ်နိုင်ခြေတို့ကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိကြစေရေး ကျန်းမာရေးအသိပညာများ မြှင့်တင်ပေးရမည် ဖြစ်ပါကြောင်း။
Monkeypox ရောဂါ၏ သဘောသဘာဝအရ မြန်မာနိုင်ငံတွင် ဖြစ်ပွားနိုင်ခြေနည်းပါးသော်လည်း အဆိုပါ    ကျောက်ရောဂါများနှင့်      ပတ်သက်၍ လည်းကောင်း၊       ရှိရင်းစွဲကူးစက်ရောဂါများနှင့် ပတ်သက်၍လည်းကောင်း      ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများ    အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
ထို့အပြင်    ရောဂါသံသယရှိပါက    နီးစပ်ရာ ကျန်းမာရေးဌာနများတွင်   လာရောက်ပြသနိုင်ရေး၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးနိုင်ရေးနှင့် ဆေးကုသရေး လုပ်ငန်းများအတွက်   ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရမည် ဖြစ်ပါကြောင်း။
Monkeypox ကူးစက်ရောဂါသည် တိရစ္ဆာန်များ တွင်ဖြစ်ပွားမှုမှ    လူသို့ကူးစက်တတ်သည်ဖြစ်၍ One Health Approach အရ   မွေးမြူရေးနှင့်   ကုသရေးကဏ္ဍ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍနှင့်      ကျန်းမာရေးကဏ္ဍတို့ ချိတ်ဆက်ပေါင်းစပ်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ အေးထွန်းက  Monkeypox ကူးစက်ရောဂါနှင့် ပတ်သက်၍   နိုင်ငံတကာတွင်   ကူးစက်ဖြစ်ပွားမှုများကို ဆက်လက်စောင့်ကြည့်ပြီး နိုင်ငံတွင်း လက်ရှိရောဂါစောင့်ကြပ်ကြည့်ရှုမှုစနစ် ကိုလည်း ကြိုတင်ပြင်ဆင်       ဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟို ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ   ညွှန်ကြား ရေးမှူး ဒေါက်တာ တိုးသီရိအောင်က ကမ္ဘာ့နိုင်ငံအချို့ တွင်  Monkeypox ရောဂါဖြစ်ပွားမှု၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှ    ထုတ်ပြန်ထားရှိမှုများကို   ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်လာကြ သော ညွှန်ကြားရေးမှူးချုပ်များ၊ Virtual စနစ်ဖြင့် တက်ရောက်လာကြသော ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်သန်းထွန်းနှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က  Monkeypox  ကူးစက်ရောဂါနှင့်  ပတ်သက်၍   သုတေသနနှင့် ဓာတ်ခွဲမှုဆိုင်ရာ ပြင်ဆင်ဆောင်ရွက်မည့်       လုပ်ငန်း များကို    ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက     နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်