(၇၄) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲ အခမ်းအနားတွင် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီး မိန့်ကြားတော်မူသော သာရဏီယ ဩဝါဒကထာ

 

{၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက် (၂၀၂၂ ခုနှစ်၊  မေလ  ၂၂  ရက်)တနင်္ဂနွေနေ့}
 

 

(၇၄)   ကြိမ်မြောက်  တိပိဋကဓရ    တိပိဋကကောဝိဒရွေးချယ်ရေး (သဘောရေးဖြေ)  စာမေးပွဲသို့  ဝင်ရောက်ဖြေဆိုအောင်မြင်တော်မူကြ သည့်   ပိဋကနှစ်ပုံခွဲ ရေးဖြေအောင်  မူလအဘိဓမ္မကောဝိဒ   တစ်ပါး၊ ပိဋကနှစ်ပုံရေးဖြေအောင်  ဒီဃနိကာယ  ကောဝိဒ တစ်ပါး၊  ပိဋက တစ်ပုံရေးဖြေအောင် ဝိနယကောဝိဒ ခုနစ်ပါး၊ ဝိနည်းရှေ့ပိုင်းရေးဖြေ အောင် ဥဘတောဝိဘင်္ဂကောဝိဒ ၁၁ပါးတို့နှင့်တကွ  နိုင်ငံတော်အစိုးရ အမှူးပြုသော ဒါယကာ ဒါယိကာမအပေါင်းတို့အား ဝမ်းမြောက်ဖွယ်ရာ အမှတ်ရဖွယ်ရာဖြစ်သော သမ္မောဒနီယ သာရဏီယ သြဝါဒကထာ မြွက်ကြားလိုပါသည်-  ဧကပုဂ္ဂလော  ဘိက္ခဝေ လောကေ ဥပ္ပဇ္ဇမာနော ဥပ္ပဇ္ဇတိ ဗဟုဇနဟိ တာယ ဗဟုဇနသုခါယ လောကာနုကမ္ပာယ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။ ကတမော ဧကပုဂ္ဂလော တထာဂတော အရဟံ သမ္မာသမ္ဗုဒ္ဓေါ အစရှိသည်ဖြင့် (အံ၊၁၊၂၁) ၌ မိန့်ကြားတော်မူပါသည်။

 


ရဟန်းတို့  လောက၌   တစ်ဦးတည်းသော  ပုဂ္ဂိုလ်ဖြစ်ထွန်းပေါ် ပေါက်လာသည်ရှိသော်  လူအများ  အစီးအပွားအလို့ငှာ  လူအများ ချမ်းသာခြင်းငှာ လောကကို အစဉ်သနား စောင့်ရှောက်ခြင်းငှာ နတ်လူ တို့၏အကျိုးများရန် အစီးအပွားများရန် ချမ်းသာခြင်းငှာ ဖြစ်ထွန်း ပေါ်ပေါက်တော်မူ၏။ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း ဟူမူ ပူဇော်အထူးကို ခံယူတော်မူထိုက်သော အလုံးစုံသော တရား တို့ကို မဖောက်မပြန် ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား ပင်တည်း။

 


ဤလောကသား  လူအများသည်  ဆင်းရဲကို  ဆင်းရဲမှန်းမသိ ဆင်းရဲကြောင်း  အလုပ်များကို  လုပ်နေ၍လည်း  ဆင်းရဲကြောင်း အလုပ်တွေပဲဟူ၍ မသိကြ၊ ကုသိုလ် အကုသိုလ်မှန်းလည်း မသိမမြင် နိုင်ကြပေ။ လောကကြီးသည် မောဟ အမှောင်ဖုံးနေသည့် အမိုက် တိုက်လောကကြီးဖြစ်သည်။ အဝိဇ္ဇာအမှောင်ထုကြီး  ဖုံးနေသည့် လောကကြီးထဲမှာ မြတ်စွာဘုရားရှင် ပွင့်တော်မူလာသဖြင့် ဤတရား ကား အပြစ်မရှိ ချမ်းသာသော အကျိုးကိုပေးခြင်းလက္ခဏာရှိသည့် ကုသိုလ်တရားဖြစ်၏။ ဤတရားကား အပြစ်နှင့်တကွဖြစ်ပြီး ဆင်းရဲ သော အကျိုးပေးခြင်း လက္ခဏာရှိသည့် တရားဖြစ်၏  စသည်ဖြင့် ဟောကြားတော်မူခဲ့ပါသည်။
ထို့ပြင်လည်း ဤသဘောတရားများသည် ဧကန်စင်စစ် ဆင်းရဲ သော သဘောတရားများပဲ၊  ဤတရားများသည် ဆင်းရဲကြောင်းအမှန် တရားများပဲ၊ ဤတရားများသည် ဆင်းရဲချုပ်ရာ ချမ်းသာမှန်တရားပဲ၊ ဤတရားများသည် ဆင်းရဲချုပ်ရာ ချမ်းသာသော သဘောတရားကို ဆိုက်ရောက်စေနိုင်သည့်အမှန်တရားပဲ  စသည်ဖြင့်  သစ္စာလေးပါး တရားတော်ကို ဟောကြားတော်မူလိုက်သဖြင့် အချို့သော ဝေနေယျ သတ္တဝါများမှာ အဝိဇ္ဇာအမှောင် လုံးဝကင်းရှင်းပြီး ဝိဇ္ဇာအလင်းရောင် ကောင်းကောင်း  ရသွားကြပေသည်။   အချို့သော  သတ္တဝါတွေမှာ ဝိဇ္ဇာအလင်းရောင်ကောင်းကောင်းရသော်လည်း  အဝိဇ္ဇာအမှောင် နည်းပါးကာ   ရေးရေးယောင်ယောင် မြင်လာတတ်  ကြပေသည်။  ဒါကြောင့်  မြတ်စွာဘုရားရှင်  ပွင့်တော်မူလာခြင်းဟာ  နေမင်းကြီး လမင်းကြီး ထွက်ပေါ်လာသလိုဖြစ်ပြီး ကြာမြင့်စွာသော ကာလပတ်လုံး လူ နတ် ဗြဟ္မာ သတ္တဝါတို့ စီးပွားချမ်းသာဖို့ဖြစ်ပါပေသည်။

 


မြတ်စွာဘုရားရှင် ဟောကြားတော်မူသည့် တရားတော်များကို ရတနာခြင်းတောင်းထဲ၌ သဘောတူရာ စုပေါင်း၍ထည့်လိုက်လျှင် ဝိနည်း သုတ္တန် အဘိဓမ္မာ ပိဋကတ်ဟူ၍  ပိဋကသုံးပုံဖြစ်လာပါသည်။  ဤပိဋကတ်တရားမြတ်တို့ကို    သင်ယူအပ်သောကြောင့်    ပရိယတ္တိ ဟုခေါ်ပါသည်။ ပိဋကတ်သုံးပုံလာ တရားဓမ္မတို့ကို သိရှိမှတ်မိအောင် ကျက်ဆောင်သင်ယူခြင်းကိုလည်း ပရိယတ္တိဟုခေါ်ပါသည်။ 

 


ဤပရိယတ္တိတရားတော်များက     ရှောင်ကြဉ်ရန်နည်းလမ်း၊  ကျင့်ကြံရန်နည်းလမ်း၊ နှလုံးသွင်းသိရှိလိုက်နာရန်  နည်းလမ်းများကို ညွှန်ကြားထားပါသည်။  ပရိယတ္တိတရားတော်က  ညွှန်ကြားသည့် အတိုင်း  လိုက်နာကျင့်ကြံပွားများခြင်းကို  ပဋိပတ္တိဟု  ခေါ်ပါသည်။ ပဋိပတ္တိအစွမ်းကြောင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် အသိထူးများ  ရရှိသွား ခြင်းကို ပဋိဝေဓဟုခေါ်သည်။ ထို့ကြောင့် သာသနာတော် သုံးရပ်တွင် ပရိယတ္တိသည် အခြေခံမူလပဓာနကျပါသည်။ သစ်ပင်ကြီးတစ်ပင်မှာ အမြစ်မရှိလျှင် ပင်စည် အကိုင်းအခက်များ အကြာအရှည် မတည်နိုင် သကဲ့သို့   အပွင့်အသီးများလည်း   ဝေဝေဆာဆာမရှိနိုင်ပါ။  ထို့အတူ သာသနာတော် သုံးရပ်မှာလည်း ပရိယတ္တိမှ မရှိလျှင် ပဋိပတ္တိသာသနာ ပဋိဝေဓသာ သနာတို့သည်လည်း မတည်ရှိနိုင်ပါ။

 


ရေကန်ကြီးဥပမာနှင့်  ပြောရမည်ဆိုပါက ကန်ပေါင်ရိုးသာ မရှိ လျှင် ရေကန်ထဲမှာရှိသည့် ရေတွေ ကြာတွေဟာ ကြာကြာမတည်နိုင်ပါ။ ရေမရှိလျှင်လည်း   ကြာပင်  ကြာပန်းများ   မပေါက်ရောက်နိုင်ပါ။ ဤဥပမာအတိုင်း ပရိယတ္တိက ကန်ပေါင်ရိုးနှင့်တူပါသည်။ ပဋိပတ္တိက ရေနှင့်တူပါသည်။ ပဋိဝေဓက ကြာပင် ကြာပန်းတွေနှင့် တူပါသည်။ ထို့ကြောင့်  ပဋိပတ္တိဆိုသည့် ရေကြည်ရေအေးများ၊ ပဋိဝေဓဆိုသည့် ကြာပင်ကြာပန်းများနှင့် လှပတင့်တယ်ပြီး တည်ရှိနေဖို့ဆိုသည်မှာ ပရိယတ္တိဆိုသည့်     ကန်ပေါင်ရိုးကြီး     ခိုင်ခိုင်ခံ့ခံ့ရှိဖို့    လိုအပ်ပါ သည်။

 


ကန်ပေါင်ရိုးကြီးကတော့ ခိုင်ခိုင်ခံ့ခံ့ရှိပါ၏။ သို့သော် ကန်ထဲ၌ ရေလည်းမရှိ၊ ကြာပင်လည်းမရှိလျှင် ခြောက်သွေ့နေသည့် ရေကန် ကြီးသည်  တင့်တင့်တယ်တယ် မရှိသည့်အတွက်ကြောင့် မည်သူမျှ လည်း   စိတ်ဝင်စားမှုမရှိ၊  ရေကိုလည်း  မချိုးရ   မသောက်ရသဖြင့် အကျိုးမရှိသကဲ့သို့ ထို့အတူ ကန်ပေါင်ရိုးနှင့်တူသည့် ပရိယတ္တိတစ်ခု တည်းသာရှိမည်ဆိုလျှင် ပဋိပတ္တိဆိုသည့် ရေကြည် ရေအေးလည်း မသောက်ရ၊ ပဋိဝေဓဆိုသည့် ကြာဖူး ကြာပန်းများလည်း မပွင့်နိုင် သည့်အတွက် သာသနာတော်ကြီးဟာလည်း တင့်တယ်စွာ တိုးပွား စည်ပင်နေမည် မဟုတ်ပေ။

 


ထို့ကြောင့် (၇၄) ကြိမ်မြောက်  တိပိဋကဓရ  တိပိဋကကောဝိဒ ရွေးချယ်ရေး (သဘောရေးဖြေ)  စာမေးပွဲကြီးကို   ဝင်ရောက်ဖြေဆို အောင်မြင်ခဲ့ကြသည့်     အရှင်မြတ်များအား    ရေများတည်တံ့ဖို့ ကန်ပေါင်ရိုးကြီးကို ခိုင်ခိုင်ခံ့ခံ့ရှိအောင် ကြာပွင့် ကြာပန်းများနှင့် လှပဝေစည် တင့်တယ်နေအောင် ဆက်လက်ကြိုးစားအားထုတ်ကြဖို့ သတိပေးတိုက်တွန်းစကား  လျှောက်ထားလိုပါသည်ဘုရား။

 


သာသနာတော်ကို ထောက်ပံ့လှူဒါန်းကြသည့် နိုင်ငံတော်အစိုးရ နှင့်တကွ ဒါယကာ  ဒါယိကာမ အပေါင်းတို့ကတော့  ဥယျာဉ်မှူးနှင့် တူပါသည်ဘုရား။ ဥယျာဉ်မှူးဟာ သစ်ပင်များကို ရေမလောင်းဘဲ ရေပြတ်​အောင်ထားလျှင်  သစ်ပင်များသည်  ညှိုးနွမ်းခြောက်သွေ့သွား ပြီး   ရေကို   အဆမတန်လောင်းပြန်လျှင်လည်း  ရေဓာတ်များပြီး သေသွားတတ်ပါတယ်ဘုရား။

 


ထိုနည်းတူစွာပင်  သာသနာတော်ကို  ထောက်ပံ့ရာမှာ  ရေပြတ် သည့် သစ်ပင်များလိုလည်း မဖြစ်ရအောင် ရေဓာတ်များပြီး သေသွား သည့်  သစ်ပင်များကဲ့သို့ မဖြစ်ကြရလေအောင် ပြုစုထောက်ပံ့ပါက မြတ်စွာဘုရားရှင်သာသနာတော်မြတ်ကြီး အရှည်ခံ့၍ တည်တံ့ကာ ဆရာ ဒကာ ညီညာလက်တွဲ၍ ဆင်းရဲဆုံးရာ ချမ်းသာအမှန် မြတ် နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်ကြပါစေဟူ၍  ပတ္ထနာပြုရင်း  သြဝါဒကထာ ကို နိဂုံးချုပ်အပ်ပါသတည်း။     


သတင်းစဉ်