
နေပြည်တော် မေ ၂၁
ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်တော်သာရပ်ကွက်အနီးရှိ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)၊ ဘုမေကျေးရွာ အနီးရှိ စစ်တွေတက္ကသိုလ်နှင့် ရေချမ်းပြင်ကျေးရွာအနီးရှိ နည်းပညာတက္ကသိုလ်များကို မေ ၁၂ ရက်မှ စတင်၍ ပုံမှန်ပညာသင်နှစ်အတိုင်း ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိရာ တက္ကသိုလ်အသီးသီးသို့ ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာ ကျောင်းများ ပြန်လည်တက်ရောက်လျက်ရှိသည်။
အဆိုပါ တက္ကသိုလ်အသီးသီးသို့ တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူများ ကျောင်းတက် ကျောင်းဆင်း အဆင်ပြေစေရန်နှင့် ဒေသခံ ပြည်သူများ ခရီးသွားလာမှု အဆင်ပြေစေရန်အတွက် ယခုလက်ရှိ ပြေးဆွဲလျက်ရှိသော ပြည်တော်သာ- ဘုမေ- ရေချမ်းပြင် ရထားခရီးစဉ်များကို တိုးချဲ့ပြေးဆွဲပေးနိုင်ရေး အတွက် မြန်မာ့မီးရထားဌာနမှ RBE ရထားတွဲ သုံးတွဲကို မေ ၁၆ ရက်တွင် ရန်ကုန်မြို့မှ သယ်ယူလာရာ စစ်တွေမြို့နယ် ကျောက်တန်းကျေးရွာ ဇက်ဆိပ်သို့ မေ ၂၀ ရက် မွန်းလွဲပိုင်း တွင် ရောက်ရှိခဲ့သည်။ ရောက်ရှိလာသည့် ရထားတွဲများအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးတို့က သွားရောက်ကြည့်ရှု စစ်ဆေးကြရာ တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများ ခရီးသွားလာမှု အဆင်ပြေစေရန်အတွက် ပြေးဆွဲ ပေးမည့် ရထားခရီးစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် တာဝန်ရှိသူများက RBE ရထားတွဲများကို မော်တော်ယာဉ်ကြီးများဖြင့် ပြည်တော်သာဘူတာသို့ ဆက်လက်ပို့ဆောင်ကြသည်။ စစ်တွေမြို့၊ ပြည်တော်သာ- ဘုမေ- ရေချမ်းပြင် လမ်းကြောင်းများအတိုင်း RBE ရထားခရီးစဉ်များကို အစုန်/ အဆန် တိုးချဲ့ပြေးဆွဲပေးတော့မည်ဖြစ်သဖြင့် တက္ကသိုလ်အသီးသီးတွင် ပညာ သင်ကြားနေသော ကျောင်းသား ကျောင်းသူများနှင့် ရထားစီး ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာဖြင့် ခရီးသွားလာနိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်