
မြို့သစ် မေ ၂၁
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် တွင် ထိုင်ဝမ်ခရမ်းချဉ်သီးမျိုး တစ်ပိုင်တစ်နိုင် စိုက်ပျိုးထုတ်လုပ်မှုများ အောင်မြင်ဖြစ်ထွန်း လျက်ရှိသကဲ့သို့ လက်ရှိအချိန်တွင် ဈေးကွက် အတွင်း ဈေးနှုန်းအနည်းငယ်မြင့်တက်လာ၍ တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရ သည်။
မြို့သစ်မြို့နယ်တွင် ထိုင်ဝမ်ခရမ်းချဉ်သီး တိုင်ထောင်မျိုးများကို တောင်သူများက တစ်ပိုင်တစ်နိုင် ထုတ်လုပ်ရောင်းချလျက်ရှိပြီး လက်ရှိဈေးကွက်အတွင်းသို့ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၇၀၀ မှ ၈၀၀ စျေးနှုန်း များဖြင့် ရောင်းချနေရကြောင်း၊ ခရမ်းချဉ်သီး များသည် ကိုင်းစိုက်ခင်း၊ ကုန်းစိုက်ခင်းများမှ ထွက်ရှိသော်လည်း ဈေးကွက်အတွင်း ဝင်ရောက်မှုနည်းလာသည့်အတွက် ထိုင်ဝမ် ခရမ်းချဉ်သီးများ ဈေးနှုန်းအနည်းငယ် မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
မြို့သစ်မြို့နယ်၌ ယခင်က ခရမ်းချဉ်ကို ဆောင်းကာလအတွင်း၌သာ ဒေသမျိုးကို စိုက်ပျိုးကြပြီး မိုးတွင်းကာလနှင့်နွေရာသီကာလများတွင် ခရမ်းချဉ်သီးရှားပါးသဖြင့် ခရမ်းချဉ်သီးအစား ဒေသထွက် ဆီးသီးနှင့် မန်ကျည်းသီးမှည့်တို့ဖြင့် နေ့စဉ်စားသောက်ဖွယ် ဟင်းများချက်ပြုတ်ရာတွင် ဟင်းအနှစ်ရရှိရန် ထည့်သွင်းချက်ပြုတ် စားသောက်ခဲ့ရကြောင်း၊ လွန်ခဲ့သော ၁၀နှစ်ဝန်းကျင်ခန့်မှ တောင်သူအချင်းချင်းချိတ်ဆက် နည်းပညာ ရယူလေ့လာ၍ မြေအောက်ရေအသုံးပြု ကာ ထိုင်ဝမ်ခရမ်းချဉ် တိုင်ထောင်မျိုးများကို ရာသီမရွေး စတင်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ထိုင်ဝမ်ခရမ်းချဉ်စိုက်ပျိုးရာတွင် သွင်းအားစု ကုန်ကျစရိတ်အနေဖြင့် မြေပြင်ချိန်မှ ခူးဆွတ် သည့်အချိန်အထိ ကျပ်နှစ်သိန်းခွဲဝန်းကျင် ကုန်ကျသကဲ့သို့ ယခုနှစ်တွင် ဈေးနှုန်းမြင့်တက် မှုများရှိသည့်အတွက် ယခင်စိုက်ပျိုးမှုများ ထက် သွင်းအားစုစရိတ်ပိုများသော်လည်း ယခုအခါ ခရမ်းချဉ်သီးစျေးများမှာ တစ်ပိဿာ လျှင် ကျပ် ၅၀၀ စျေးအထက် ရောင်းချလာရ သဖြင့် တောင်သူများ အဆင်ပြေကြောင်း ခရမ်းချဉ်စိုက်ပျိုးသူတစ်ဦးက ပြောသည်။
သန်းဝင်းထွန်း
(ပြန်/ဆက်)