
နေပြည်တော် မေ ၂၁
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်နှင့် မုဒုံမြို့နယ်အတွင်း မေ ၂၀ရက်တွင် လေပြင်းတိုက်ခတ်မှုကြောင့် မော်လမြိုင်မြို့ပေါ်နှင့် ကော့မခယ် ကျေးရွာတို့တွင် သစ်ပင်များ လဲကျခြင်းနှင့် မုဒုံမြို့နယ် ဝဲကလိကျေးရွာရှိ နေအိမ် ၁၅ လုံး အမိုးလန်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေရာများ၌ မေ ၂၀ ရက် ညနေပိုင်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ် မှ နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက လဲကျခဲ့သည့် သစ်ပင်သစ်ကိုင်းများ ဖယ်ရှားရှင်းလင်းပေးခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ကြသည်။
အလားတူ မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကိုးမိုင်ကျေးရွာရှိ အမှတ်(၄)ရပ်ကွက် အတွင်းသို့ ရေများ လေးပေခန့်အထိ ဝင်ရောက်ခဲ့ရာ နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။
သတင်းစဉ်