
ရန်ကုန် မေ ၂၀
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေ ရေးဦးစီးဌာန အောင်ဆန်းပုံနှိပ်စက်ရုံ၊ ဂျီတီစီပုံနှိပ် စက်ရုံ၊ စာပေဗိမာန်ပုံနှိပ်စက်ရုံတို့ကို ကြည့်ရှုစစ်ဆေး ပြီး ညနေပိုင်းတွင် ရန်ကုန်မြို့ (၅၂) လမ်းနှင့် မဟာ ဗန္ဓုလလမ်းထောင့်ရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ကြေးမုံသတင်းစာတိုက်ကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အောင်ဆန်း ပုံနှိပ်စက်ရုံ၊ ဂျီတီစီပုံနှိပ်စက်ရုံ၊ စာပေဗိမာန်ပုံနှိပ် စက်ရုံတို့တွင် အဋ္ဌမတန်း ကျောင်းသုံးစာအုပ်ဖြစ်သော မြန်မာစာ၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ကာယပညာ စာအုပ်များ ပုံနှိပ်ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေး ပြီး ဂျီတီစီပုံနှိပ်စက်ရုံအစည်းအဝေးခန်းမ၌ တာဝန် ရှိသူများနှင့် တွေ့ဆုံ၍ နိုင်ငံတော်ဝန်ကြီးချုပ်က ပညာရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ ကျောင်းသုံးစာအုပ်များ သက်ဆိုင်ရာဒေသများသို့ မြန်ဆန်လွယ်ကူစွာပို့ဆောင်နိုင်ရန် အရေးကြီး ကြောင်း၊ ပုံနှိပ်လုပ်ငန်းများ အရည်အသွေးမီစွာဖြင့် ထုတ်လုပ်နိုင်မှုနှင့်အတူ စက်ပိုင်းဆိုင်ရာများ ကြံ့ခိုင် ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူ အကျိုး ရှိစေပြီး နည်းပညာရရှိစေမည့် ပူးပေါင်းဆောင်ရွက် မှုများကို လက်တွဲခေါ်ယူရန်လိုအပ်ကြောင်း မှာကြား သည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကြေးမုံ သတင်းစာတိုက်သို့ရောက်ရှိပြီး စာတည်းဌာန၊ စာပြင်ဌာန၊ ကွန်ပျူတာခန်း၊ စီမံ / ငွေစာရင်း ရုံးခန်း များကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် သိမ်ဖြူလမ်းရှိ သတင်းနှင့်စာနယ် ဇင်းလုပ်ငန်း(ရုံးချုပ်) ရွှေဥဒေါင်းခန်းမ၌ ဝန်ထမ်း များနှင့်တွေ့ဆုံ၍ ဒီမိုကရေစီစနစ်တွင် မီဒီယာကဏ္ဍ သည် အလွန်အရေးပါပြီး နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုး အောင်တည်ဆောက်ရာတွင် အရေးကြီးကြောင်း၊ MRTV ကို ခေတ်နှင့်လျော်ညီသော၊ နုပျိုသစ်လွင် သော၊ ပြည်သူများ စိတ်ဝင်စားမည့် အစီအစဉ်ကောင်း များ စီစဉ်ထုတ်လွှင့်နိုင်ရေး ပြောင်းလဲဆောင်ရွက် လျက်ရှိကြောင်း၊ အလားတူ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းက ထုတ်ဝေသည့် နိုင်ငံပိုင်သတင်းစာများက လည်း ပြည်သူများအား သတင်းအမှန်များ သိရှိစေ ရန်နှင့် ခေတ်စနစ်နှင့် လျော်ညီသည့် တင်ဆက်မှု များဖြင့် ဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တွေ့ဆုံပွဲ သို့ တက်ရောက်လာကြသည့် အရာထမ်း၊ အမှုထမ်း များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
သတင်းစဉ်