
နေပြည်တော် မေ ၂၀
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့တို့ ကြီးမှူးကျင်းပသည့် အနဂ္ဃရတနာမြေ - မြောက်ဦး တတိယအကြိမ် ဓာတ်ပုံပြပွဲ ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်ဖွင့်လှစ်ပေးသည်။
ဓာတ်ပုံပြပွဲဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးဦးကိုကိုက ယဉ်ကျေးမှုနှင့် သဘာဝအမွေ အနှစ်များ ထိန်းသိမ်းကာကွယ်ခြင်းဆိုင်ရာ နိုင်ငံ တကာသဘောတူညီချက် - ၁၉၇၂ အရ လက်မှတ် ရေးထိုးထားသော အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံ ရှိပြီး ယနေ့အထိ ကမ္ဘာ့အမွေအနှစ်စုစုပေါင်း ၁၁၅၄ ခု ရရှိပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှ ကမ္ဘာ့အမွေ အနှစ် (ပျူမြို့ဟောင်းများ၊ ပုဂံဒေသ) နှစ်ခု ရရှိထားပါ ကြောင်း၊ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဖြစ်ရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ မြောက်ဦးယဉ်ကျေးမှုဒေသသည် ရခိုင်တစ်မျိုးသားလုံး၏ တန်ဖိုးထားရာ၊ ဗုဒ္ဓဘာသာ ဝင်တို့၏ အထွတ်အမြတ်ထားရာဖြစ်ပြီး ရခိုင်လူမှု အဖွဲ့အစည်းတစ်ရပ်လုံး၏ ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းခဲ့ကြသည့် လူမှုစီးပွားဘဝ၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ နိုင်ငံရေး၊ အနုပညာဆိုင်ရာ အားမာန်နှင့် မျိုးချစ်စိတ်ဓာတ်တို့ကို ထင်ဟပ်ဖော်ပြနေသည့် “ယဉ်ကျေးမှုအမွေအနှစ်ဒေသတစ်ခု” ဖြစ်ပါကြောင်း၊ မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေးအတွက် မိမိတို့ဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဒေသခံပြည်သူ များအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြ ပါရန် ပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက အမှာစကားပြောကြားသည်။
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တို့ကို ဓာတ်ပုံပညာရှင်များအဖွဲ့က အမှတ်တရဓာတ်ပုံလက်ဆောင်များ ပေးအပ်သည်။ ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အနဂ္ဃရတနာမြေ - မြောက်ဦး တတိယ အကြိမ် ဓာတ်ပုံပြပွဲတွင် ပြသထားသော ဓာတ်ပုံ များကို လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ရခိုင်ပြည်နယ် ဝန်ကြီး ချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တွေ့ဆုံကာ အဆိုပြုစာတွဲများ တင်သွင်းစဉ်က ရေးဆွဲထားသည့် Guideline များအကြောင်း၊ ဝန်ကြီးဌာနမှ ဆက်လက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ICOMOS မှ ကျွမ်းကျင်ပညာရှင် လာရောက်ဆန်းစစ်မည့် အခြေ အနေ၊ ကျွမ်းကျင်ပညာရှင် မလာရောက်မီ ပေါင်းစပ် ညှိနှိုင်းစီမံခန့်ခွဲမှုအစီအစဉ် (IPA)ပါ လုပ်ငန်းစဉ် များတွင် ဆက်စပ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူ များ၊ အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ဝင် များ၊ NGOs အဖွဲ့များက ပူးပေါင်းဆောင်ရွက်မှုအခြေ အနေ၊ အဆိုပြုစာတွဲ (အပြည့်အစုံ) Volume III ပါ ဒေသဆိုင်ရာစီမံကိန်း (Regional Plan) အကောင် အထည်ဖော် ဆောင်ရွက်ရမည့် အခြေအနေများကို ဆွေးနွေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကိုဖီအာနမ်အစီရင်ခံစာပါ ဦးရဲကျော်သူ ဘုန်းတော် ကြီးကျောင်း အဆောက်အအုံပြုပြင်ခြင်းလုပ်ငန်း၊ ဆရီဆရီဟာဒေဗ့်ဘာရီ (မဟာသီဝ) ဟိန္ဒူဘုရား ကျောင်းနှင့် စိန့်မတ်(ခ်)အင်္ဂလီကန် ခရစ်ယာန် ဘုရားကျောင်း ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ ထို့နောက် စစ်တွေမြို့ ယဉ်ကျေးမှုပြတိုက်သို့ သွားရောက်လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဌာန ဝန်ထမ်းများနှင့်တွေ့ဆုံပြီး လိုအပ်သည်များ မှာကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်