မြစ်ကြီးနားမြို့၌ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့် ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကျင်းပမည်

 

မြစ်ကြီးနား  မေ  ၁၉
ကချင်ပြည်နယ်အတွင်းရှိ  ဈေးသူဈေးသားများ၊ အငယ်စား၊ အသေးစား၊ အလတ်စားနှင့် အကြီးစား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်     သဘာ၀ ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့် ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးအတွက် ကချင်ပြည်နယ်  အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့်       SEQUA SWITCH   ASIA  တို့ပူးပေါင်းကာ  “သန့်ရှင်းမြန်မာ” ခေါင်းစဉ်ဖြင့်    အလုပ်ရုံဆွေး‌နွေးပွဲကို    မေလ နောက်ဆုံးပတ်တွင် မြစ်ကြီးနားမြို့ အေးမြသာယာ အဆင့်မြင့်ဈေး၌            ပြုလုပ်မည်ဖြစ်ကြောင်း   သိရသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင်  ရာသီဥတု ထိခိုက်နိုင်သည့်     ပတ်၀န်းကျင်ညစ်ညမ်းမှုများ ကြောင့် ကြုံတွေ့လာနိုင်သော ဆိုးကျိုးများ၊ နောက် ဆက်တွဲကပ်ရောဂါများနှင့်   အမှိုက်အမျိုးအစား၊ အမှိုက်များ သန့်စင်ပြုပြင် ပြန်လည်အသုံးပြုခြင်း နှင့် ပလတ်စတစ်အိတ်လျှော့ချရေးတို့ကို ဆွေးနွေး သွားမည့်အပြင်  Prevent Plastics Myanmar က လုပ်ငန်းရှင်များအား       ငွေကြေး၊       နည်းပညာ အထောက်အပံ့များ ကူညီထောက်ပံ့နိုင်ရေးကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်းရှိ ဈေးသူဈေးသားများ၊ အငယ်စား၊ အသေးစား၊ အလတ်စားနှင့် အကြီးစား စီးပွားရေးလုပ်ငန်းရှင်များ၏ လုပ်ငန်းခွင်များတွင် သန့်ရှင်းသပ်ရပ်သော    အမှိုက်စွန့်ပစ်ရေးစနစ်၊ သဘာ၀နှင့်  သဟဇာတဖြစ်သော ထုပ်ပိုးမှုစနစ်၊ ပလတ်စတစ်အစားထိုးအိတ်များ အသုံးပြုခြင်းဖြင့် ပလတ်စတစ်အိတ်သုံးစွဲမှု လျှော့ချရေး ရည်ရွယ်ချက် များဖြင့် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ 
ဆွေးနွေးပွဲတွင်     ပြည်နယ်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနနှင့်  SEQUA   SWITCH ASIA  တို့မှ   ကျွမ်းကျင်ပညာရှင်များက    အေးမြ သာယာဈေးနှင့်        စက်ရုံအလုပ်ရုံများတွင် ပလတ်စတစ်လျှော့ချရေးနှင့် ပလတ်စတစ်အစားထိုး အိတ်များအသုံးပြုရေး နည်းပညာများကို  လက်တွေ့ ပြသဆွေးနွေးသွားမည်ဖြစ်ပြီး  မည်သူမဆို အလုပ်ရုံ ဆွေးနွေးပွဲသို့    အခမဲ့တက်ရောက်    ဆွေးနွေးနိုင် ကြောင်း ကချင်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှူး ဦးအောင်မောင်းထံမှ သိရ သည်။
ဖုန်ကန် 
(ပူတာအို)