
ထားဝယ်နှင့် လောင်းလုံးမြို့တို့ကို အဆင်ပြေစွာ ချိတ်ဆက်သွားလာ နိုင်ရန် တည်ဆောက်ခဲ့သော ထားဝယ်မြစ်ကူးတံတား ကမြောကင်းကို ဒေသခံပြည်သူများ အသုံးပြုလာခဲ့သည်မှာ နှစ်ပေါင်း ၄၀ ကျော် ရှိလာပြီဖြစ်သည်။
တံတားဟောင်းတည်ဆောက်အသုံးပြုစအချိန်က ဒေသတွင်း ယာဉ် အသုံးပြုမှုနှင့် လူဦးရေသည် လုံလောက်မှုရှိသော်လည်း ယခုအခါ လူဦး ရေ၊ ယာဉ်အစီးရေတိုးတက်လာခြင်း၊ ယာဉ်အစီးရေသွားလာမှု များပြား လာခြင်းတို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှု မကြာခဏဖြစ်ပေါ်သဖြင့် ကမြောကင်းတံတားဟောင်း၏ ဘေးဘက်တွင် ကမြောကင်းတံတား သစ်ကို တည်ဆောက်လျက်ရှိသည်။
အသွားအပြန် တံတားနှစ်စင်း
ကမြောကင်းတံတား နှစ်စင်းကို အသွားနှင့် အပြန် အသုံးပြု၍ ပြည်သူများ ဆက်သွယ်သွားလာ ရေး အဆင်ပြေလွယ်ကူချောမွေ့စေရန်၊ ယာဉ်ကြော ကျပ်တည်းမှုကို ကျော်လွှားနိုင်ရန်အတွက် တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၄)က ကမြောကင်းတံတားသစ် တည်ဆောက်ရေး စီမံ ကိန်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က စတင် ဆောင်ရွက်ခဲ့သည်။
“တံတားပေါ် နေ့စဉ်ဖြတ်သန်းသွားလာတဲ့သူက များတယ်။ ကား၊ ဆိုင်ကယ် ယာဉ်မျိုးစုံနဲ့ ဖြတ်သန်း အသုံးပြုကြတာ။ သုံးတဲ့သူများတော့ ယာဉ်ကြော ပိတ်တာ မကြာခဏဖြစ်တယ်။ ဒါကြောင့် တံတား ဟောင်းဘေးမှာ တံတားသစ်ကြီး တည်ဆောက် နေတာတွေ့ရတော့ ပြည်သူတစ်ဦးအနေနဲ့ ကြိုဆို တယ်” ဟု ထားဝယ်မြို့နေ ဦးဝင်းက ပြောသည်။
ထားဝယ်မြစ်ကူးတံတား
ကမြောကင်းတံတားသည် တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်-ကမြောကင်း-လောင်းလုံး လမ်းပေါ်ရှိ ထားဝယ်မြို့နှင့် လောင်းလုံးမြို့ကို ဆက်သွယ်ပေးထားသော ထားဝယ်မြစ်ကူးတံတား ဖြစ်သည်။
ပြည်သူများ သွားလာဆက်သွယ်ရေး တိုးတက် ကောင်းမွန်လာမှုနှင့်အတူ တိုင်းဒေသကြီး၏ ဒေသ တွင်း လူမှုစီးပွားကို များစွာအထောက်အကူပြုစေ မည့် တည်ဆောက်ဆဲ ကမြောကင်းတံတား တည်ဆောက်မှုသည် ရာနှုန်းပြည့်ပြီးစီးရန် ၃၀ ရာခိုင်နှုန်းသာ လိုအပ်တော့ကြောင်း တံတား ဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၄)ထံမှ သိရ သည်။
“တံတားစီမံကိန်းက အခုဆိုရင် တစ်နှစ်ကျော် ကာလရှိပြီဖြစ်ပြီးတော့ တံတားတစ်စင်းလုံး တည်ဆောက်ပြီးစီးမှုက ၇၀ ရာခိုင်နှုန်းရှိပြီ ဖြစ် ပါတယ်။ ပြီးစီးဖို့ကျန်ရှိတဲ့ လုပ်ငန်းတွေကို ၂၀၂၃ ခုနှစ် မတ်လမှာပြီးစီးနိုင်ဖို့ လျာထားဆောင်ရွက်နေပါ တယ်။ အဓိကကတော့ ပြည်သူတွေ တံတားသစ်ကြီး နဲ့ လွယ်ကူအဆင်ပြေစွာ သွားလာနိုင်ဖို့ပါ” ဟု တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၄)မှ စီမံ ကိန်းတာဝန်ခံက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊ ပထဝီ အနေအထား / သဘာဝ အနေအထားအရ ဖွံ့ဖြိုး တိုးတက်မှုနှင့် ကွာခြားနေမှုကို လျှော့ချရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှု လျင်မြန်သွက်လက်စေ ရန်အတွက် လမ်းပန်းဆက်သွယ်ရေးသည် အဓိက ကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ သို့ အတွက် နိုင်ငံအတွင်း လမ်းပန်းဆက်သွယ်မှု အဆင် ပြေချောမွေ့စေရေးအတွက် လမ်းများအဆင့်မြှင့် တင်ခြင်း၊ လမ်းသစ်ဖောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လမ်းများနှင့်အတူ တံတား များအားလုံး တစ်ပြေးညီတိုးတက်ကောင်းမွန်ရေး ကို တံတားဦးစီးဌာနအနေဖြင့် ရည်ရွယ်ဆောင်ရွက် လျက်ရှိသည်။
ကမြောကင်း တံတားသည် သံမဏိသံပေါင် ခုံးတံတားအမျိုးအစားဖြစ်သည်။ တံတား အရှည် ပေ ၁၀၅၀ ရှိပြီး ယာဉ်သွားလမ်း အကျယ်၂၄ ပေ၊ လူသွားလမ်းအကျယ် ငါးပေ ပါရှိသည်။ တံတား၏ ခံနိုင်ဝန်သည် ၇၅ တန် ဖြစ်ပြီး ရေလမ်းကင်းလွတ် အမြင့် ၁၆ ပေ၊ ရေလမ်းကင်းလွတ်အကျယ် ၁၆၄ ပေ ရှိသည်။ တံတား၏ ရေလယ်တိုင် အုတ်မြစ်များကိုမူ သံကူကွန်ကရစ်ဘိုးပိုင်များဖြင့် တည်ဆောက်ထား ကြောင်း တံတားဦးစီးဌာနမှ သိရသည်။
စီမံကိန်းဖြစ်နိုင်ခြေ ဆန်းစစ်လေ့လာခြင်း
အဆိုပါတံတား တည်ဆောက်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းဖြစ်နိုင်ခြေ ဆန်းစစ်လေ့လာခြင်း လုပ်ငန်း ကို ၂၀၂၀ ပြည့်နှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများကို ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေး အဖွဲ့(၄)က တာဝန်ယူထားသည်။
၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် အကြိုအင်ဂျင် နီယာ လုပ်ငန်းများကိုလည်းကောင်း၊ ၂၀၂၀− ၂၀၂၁ ဘဏ္ဍာနှစ်တွင် တံတားအုတ်မြစ်နှင့် ကိုယ်ထည် လုပ်ငန်းကိုလည်းကောင်း၊ ၂၀၂၁− ၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) တွင် တံတားအုတ်မြစ်၊ ကိုယ်ထည်လုပ်ငန်းများနှင့် အပေါ်ထည် ရက်မ လုပ်ငန်းများကိုလည်းကောင်း တည်ဆောက်ရေး အဖွဲ့(၄)က အကောင်အထည်ဖော်ဆောင်ရွက်နိုင် ခဲ့သည်။
“တံတားတစ်ခုလုံး ပြီးစီးဖို့ ၃၀ ရာခိုင်နှုန်း ကျန်ရှိတယ်။ ဒီလုပ်ငန်းတွေကို ၂၀၂၂− ၂၀၂၃ ဘဏ္ဍာနှစ်မှာ ပြီးစီးအောင်ဆောင်ရွက်သွားမှာ ဖြစ် ပါတယ်။ လုပ်ငန်းတွေအနေနဲ့က တံတားတိုင်ပေါ် သံကူကွန်ကရစ်ရက်မတွေ လွန်းထိုးတင်တာ၊ ပင်မတံတား သံပေါင်တပ်ဆင်တာ၊ တံတားပေါ်မှာ ကားလမ်းခင်းခြင်းလုပ်ငန်းတွေနဲ့ လက်ရန်း တပ်ဆင်တဲ့လုပ်ငန်းတွေ ဖြစ်ပါတယ်”ဟု တံတား တည်ဆောက်ရေး တာဝန်ခံတစ်ဦးက ရှင်းပြ သည်။
နေ့ညမပြတ် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်
ကမြောကင်းတံတား တည်ဆောက်ရာတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းမှု ရှိစေရန် ဦးစားပေးဆောင်ရွက်ရင်း တံတားအရည်အသွေး ပြည့်မီစေရန်နှင့် အချိန်မီပြီးစီးစေရန် တည်ဆောက် ရေးအဖွဲ့(၄) မှ ဝန်ထမ်းများသည် နေ့ဆိုင်း၊ ညဆိုင်း တာဝန်များ အလှည့်ကျထမ်းဆောင်ကာ နေ့ည မပြတ် တည်ဆောက်ရေးလုပ်ငန်းများ လည်ပတ် ဆောင်ရွက်လျက်ရှိသည်။
“တံတားတည်ဆောက်ရေးမှာ တည်ဆောက် ရေးအပိုင်း၊ လျှပ်စစ်အပိုင်း၊ ယန္တရားအပိုင်း၊ ရေသန့် အပိုင်း စသဖြင့် ကိုယ့်တာဝန်နဲ့ကိုယ် တာဝန်ယူ ဆောင်ရွက်ရပါတယ်။ တံတားတည်ဆောက်မှုဟာ နိုင်ငံတော်ဘတ်ဂျက်နဲ့ ဆောင်ရွက်ရတာဖြစ်တဲ့ အတွက် သတ်မှတ်လျာထားတဲ့အချိန်မှာ ပြီးစီးမှ ပြည်သူ့ဘဏ္ဍာ အလေအလွင့်မရှိမှာဖြစ်ပါတယ်။ ဒါကြောင့် အချိန်မီပြီးစီးနိုင်ဖို့၊ ပြီးစီးတဲ့လုပ်ငန်းတိုင်း ဟာ အရည်အသွေးပြည့်မီဖို့ အဓိကထားရပါတယ်။ တံတားတည်ဆောက်တဲ့အခါ အရည်အသွေး စစ်ဆေး ထိန်းသိမ်းမှု၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းမှု ဒါတွေကိုလည်း ကျွန်တော်တို့ဌာနက သတ်မှတ် ထားတဲ့ စံချိန်စံညွှန်းတွေအတိုင်း ဆောင်ရွက်ရပါ တယ်” ဟု စီမံကိန်းတာဝန်ခံက ပြောသည်။
အချုပ်အားဖြင့် ဆိုရလျှင် တနင်္သာရီတိုင်းဒေသ ကြီးသည် မြန်မာနိုင်ငံ၏ အချက်အချာကြသည့် တိုင်းဒေသကြီးတစ်ခုဖြစ်သည့်အတွက် လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်စေရန် ပြည်ထောင်စု ရန်ပုံငွေ၊ တိုင်းဒေသကြီးရန်ပုံငွေ၊ BOT စနစ်ဖြင့် လမ်းများဖောက်လုပ်ခြင်းနှင့် တံတားများ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ လက်ရှိ တည်ဆောက်ဆဲဖြစ်သည့် ကမြောကင်း တံတားပြီးစီးပါကလည်း မကြာခဏ ယာဉ်ကြော ပိတ်ဆို့မှုကြောင့် အချိန်ကြန့်ကြာမှုများကို ကျော်လွှားကာ ဒေသခံပြည်သူများအနေဖြင့် ပိုမို အဆင်ပြေလွယ်ကူစွာ သွားလာနိုင်တော့မည် ဖြစ်ပါ ကြောင်း တင်ပြရေးသားလိုက်ရပါသည်။ ။
ရွှေယွန်း