(၁၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနား (ပထမ)ပိုင်း မေတ္တသုတ်ပရိတ်တရားတော်များ နာယူကြည်ညို၍ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းမင်္ဂလာအခမ်းအနားကျင်းပ

 

နေပြည်တော်    မေ   ၁၄


(၁၄)ကြိမ်မြောက်   ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ခြင်းမင်္ဂလာအခမ်းအနား          (ပထမ)ပိုင်း မေတ္တသုတ်ပရိတ်တရားတော်များ နာယူကြည်ညို၍ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းခြင်းမင်္ဂလာအခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးလိုဏ်ဂူတော်အတွင်း ဂေါတမဗုဒ္ဓရုပ်ပွားတော်ဆင်းတုတော်ရှေ့၌ ကျင်းပသည်။

 


အခမ်းအနားသို့     ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော် နေပြည်တော် ပျဉ်းမနားမြို့  မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ်ကျောင်း တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိပါဠိဆရာတော် အမှူးပြုသည့်      ဆရာတော်၊    သံဃာတော်များ ကြွရောက်ကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး များဖြစ်ကြသည့် ဦးအေးထွန်း၊ ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊    ညွှန်ကြားရေးမှူးချုပ်များ၊ ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြသည်။

 


ဦးစွာ ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော် နေပြည်တော် ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာန နာယက၊ ပါဠိဆရာတော်ကြီးထံမှ   ပြည်ထောင်စု ဝန်ကြီး ဦးကိုကို  အမှူးပြုသည့် ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကြသည်။

 


ထို့နောက် သံဃာတော်  အရှင်သူမြတ်တို့ထံမှ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ် တရားတော်များကို နာယူကြည်ညိုကြပြီး   သံဃာ တော် အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ၊ ဒုတိယဝန်ကြီးများနှင့်  တာဝန်ရှိသူ များက ဆက်ကပ်လှူဒါန်းကြသည်။

 


ယင်းနောက် ဥပ္ပါတသန္တိစေတီတော်  ဂေါပက အဖွဲ့၏ ဩဝါဒါစရိယဆရာတော်   နေပြည်တော် ပျဉ်းမနားမြို့   မင်္ဂလာဇေယျုံ  ပါဠိတက္ကသိုလ် ကျောင်းတိုက်  ပဓာနနာယက   ပါဠိဆရာတော်ကြီး ထံမှ အနုမောဒနာတရားနာယူကြည်ညို၍ ရေစက် သွန်းလောင်း အမျှပေးဝေကာ အခမ်းအနား (ပထမ)ပိုင်းကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ 

သတင်းစဉ်