
နေပြည်တော် မေ ၁၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုအောက်ရှိ သမဝါယမတက္ကသိုလ် များ၊ သမဝါယမကောလိပ်များ၊ သမဝါယမသင်တန်း ကျောင်းများ ဖွင့်လှစ်ခြင်းနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရုံးအမှတ် (၁၆) နေပြည်တော်၌ ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် ကျင်းပ သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က မြန်မာလူငယ်များ၏ အနာဂတ်များ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ပညာရေးသည် အဓိက ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနတွင် သမဝါယမ တက္ကသိုလ်များ၊ သမဝါယမကောလိပ်များ၊ ရက်ကန်း ကျောင်းများ၊ ပုဂံယွန်းကောလိပ်၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းများ၊ သမဝါယမ စာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်း ကျောင်းများရှိပါကြောင်း၊ အဆိုပါကျောင်းများမှ အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ပေး နိုင်ရေး ဖွင့်လှစ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ တာဝန်ရှိသူအသီးသီးက စဉ်ဆက် မပြတ် ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (သန်လျင်) ပါမောက္ခချုပ်နှင့် သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) တို့မှ ပါမောက္ခချုပ်တို့က လုပ်ငန်းများ ဆောင်ရွက်နေမှုကို တင်ပြဆွေးနွေးသည်။
ဆက်လက်၍ သမဝါယမကောလိပ် (ဖောင်ကြီး)၊ သမဝါယမကောလိပ် (မန္တလေး) နှင့် ပုဂံယွန်းပညာ ကောလိပ်တို့မှ ကျောင်းအုပ်ဆရာမကြီးများက ကျောင်းအပ်လက်ခံပေးနေမှု၊ ဖွင့်လှစ်သွားမည့် သင်တန်းများ၊ သင်ကြားပို့ချပေးမည့် ဘာသာရပ်များ နှင့် ကျောင်းသား ကျောင်းသူများ၏ နေထိုင် စားသောက်ရေး အဆင်ပြေစေရန် စီစဉ်ဆောင်ရွက် ထားရှိမှုတို့ကို တင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်း အတွင်းဝန် ဦးခန့်ဇော်နှင့် ညွှန်ကြားရေးမှူးချုပ်များက တက္ကသိုလ်များ၊ ကောလိပ်များနှင့် သင်တန်းကျောင်း များ ဖွင့်လှစ်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ပံ့ပိုးဆောင်ရွက်ပေးမည့်ကိစ္စများကို ဝိုင်းဝန်းဆွေးနွေး ကြရာ ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများ၏ နေထိုင်စားသောက်ရေး အဆင်ပြေ စေရန် မိမိတို့က တတ်နိုင်သမျှ နည်းလမ်းရှာ ဆောင်ရွက်ပေးသွားရမည် ဖြစ်ပါကြောင်း၊ သက်ဆိုင် ရာ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူအသီးသီး က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးနှင့်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန် ဒေသထွက်ကုန် သစ်သီးဝလံများ ကုန်ကြမ်းအဖြစ်မှ Value Added တန်ဖိုးမြှင့်ထုတ်ကုန် များအဖြစ် အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရန်နှင့် လုပ်ငန်းလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသော မြန်မာရွှေသစ်သီးဝလံ ကုမ္ပဏီလီမိတက် (Myanmar Golden Produce Co.,ltd) ပိုင် သစ်သီးဝလံများ တန်ဖိုးမြှင့်ထုတ်ကုန် ပြုလုပ်သည့် စက်ရုံသို့ ရောက်ရှိပြီး ပြည်ထောင်စု ဝန်ကြီးက စက်ရုံသို့သွင်းလာသည့် သရက်စိုက် တောင်သူ သမဝါယမအသင်းများမှ စိန်တလုံးအပါ အဝင် သရက်သီးများကို လက်ခံဆောင်ရွက်သည့် အတွက် စက်ရုံသာမက သမဝါယမအသင်းသား သရက်စိုက်တောင်သူများပါ အကျိုးဖြစ်ထွန်းနိုင် ကြောင်း၊ သရက်ခွံစွန့်ပစ်ပစ္စည်းများကို တိရစ္ဆာန် အစာ ထုတ်လုပ်နေမှုအား တိုးချဲ့ဆောင်ရွက်နိုင်ပါက ပိုမိုအကျိုးရှိနိုင်ကြောင်းပြောကြားသည်။
သစ်သီးဝလံများ တန်ဖိုးမြှင့်ထုတ်ကုန်ပြုလုပ်သည့်စက်ရုံမှ သရက်သီး၊ သရက်ပြင်၊ သရက် နံပြင်၊ သရက်မန်ကျည်းဂျယ်လီ၊ သရက်ပင်မှည့်ဂျယ်လီ၊ သရက်သီးအနှစ် စသည်ဖြင့် ခုနစ်မျိုးခန့် Value Added ထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက် ဆလိုဗက်ကီးယားနိုင်ငံ၊ ဒူဘိုင်း နိုင်ငံ၊ တူရကီနိုင်ငံနှင့် ဥရောပနိုင်ငံများသို့ ပေးပို့နိုင် ကြောင်း သိရှိရသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် သစ်သီးဝလံများ တန်ဖိုးမြှင့် ထုတ်ကုန် ပြုလုပ်သည့် စက်ရုံအတွင်း နိုင်ငံခြားသို့ ကုန်စည်ထုတ်လုပ်တင်ပို့သည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ကြည့်ရှုလေ့လာခဲ့ရာ (အပေါ်ဝဲပုံ)တာဝန်ရှိသူများမှ လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။
သတင်းစဉ်