
နေပြည်တော် မေ ၁၁
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက မြတ်နိုးသူကုမ္ပဏီလီမိတက်သို့ရောက် ရှိကြပြီး လုပ်ငန်းများ ဆောင်ရွက်နေမှုကို စစ်ဆေးရာ တာဝန်ရှိသူများက B.O.T စနစ်ဖြင့် ဆောင်ရွက်လျက် ရှိသော ပုဂံညောင်ဦး-ကျောက်ပန်းတောင်းလမ်း၊ ညောင်ဦး-မြင်းခြံလမ်း၊ မိတ္ထီလာ-ကျောက်ပန်းတောင်း လမ်းတိုးလ်ဂိတ်ကောက်ခံမှုအခြေအနေနှင့် စက် ယာဉ်ယန္တရားများ ဖြန့်ခွဲထားရှိမှုတို့ကို ရှင်းလင်း တင်ပြသည်။
တာဝန်ရှိသူများနှင့်ညှိနှိုင်း
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပခုက္ကူ-မိတ္ထီလာဘက်ရှိ တံတားများတွင် တန် ၁၆၀ အလေး ချိန် သယ်ဆောင်သည့်ယာဉ်များ ဖြတ်သန်းသွားလာ မှုရှိနေ၍ တံတားများ၏ ကြံ့ခိုင်မှုအား စစ်ဆေးရန်နှင့် ဝန်ကြီးဌာနမှ ပံ့ပိုးပေးရမည့် ကိစ္စရပ်များရှိပါက တာဝန်ရှိသူများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာ- ကျောက်ပန်းတောင်းလမ်း မိုင် (၅၂/၃) နှင့် (၅၂/၄) အကြားတွင် လမ်းပေါက်ဖာ၊ လမ်းညှိခြင်း ဆောင်ရွက် နေမှုနှင့် မိုင်(၂၂/၄) နှင့် (၂၃/၀) ကြားရှိ လမ်းပေါက်ဖာ ခြင်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး သည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် တာဝန်ရှိ သူများနှင့်အတူ ရန်ကုန် - မန္တလေး အမြန်လမ်း မိတ္ထီလာ (သီးကုန်း) တိုးလ်ဂိတ်တွင် E.T.C စနစ် ဖြင့် လမ်းအသုံးပြုခ ကောက်ခံနေမှုအခြေအနေကို လည်းကောင်း၊ ရန်ကုန်- မန္တလေးအမြန်လမ်း (မိတ္ထီလာ- နေပြည်တော်) လမ်းပိုင်း အခြေအနေ ကိုလည်းကောင်း၊ နေပြည်တော် (စီလမ်းဆုံ) တိုးလ်ဂိတ် Traffic Information Center တွင် ခရီးသွားယာဉ်များ ဘေးကင်းမှုအတွက် တယ်လီ မက်တစ်စနစ် အသုံးပြုဆောင်ရွက်နေမှု အခြေအနေ ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးအား အသုံးပြုသွားလာ နေသည့် ကုန်တင်ယာဉ်များအနေဖြင့် နည်းပညာ အထောက်အပံ့ရယူကာ ဘေးကင်းမှုအန္တရာယ် ကြိုတင်ကာကွယ်သည့် တယ်လီမက်တစ်စနစ် တပ်ဆင်အသုံးပြုခြင်းကို ယာဉ်မောင်း၊ ယာဉ်လိုင်း တာဝန်ရှိသူများ သိရှိအောင် ဆောင်ရွက်ကြရန်နှင့် ယာဉ်မတော်တဆမှုများ လျော့နည်းစေရေးအတွက် စည်းကမ်းလိုက်နာမှုမရှိသည့် ယာဉ်များအား အမြန် လမ်းမကြီး ဥပဒေအတိုင်း အရေးယူနိုင်ရေး အမြန် လမ်းမကြီး ရဲတပ်ဖွဲ့နှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက် ရန် မှာကြားသည်။
သတင်းစဉ်