
ပဲခူး မေ ၁၀
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် မင်းလှမြို့ ဝေဠုဝန် ပရိယတ္တိစာသင်တိုက် ဆရာတော် နိုင်ငံတော်ဩဝါဒါ စရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဘိဓဇမဟာ ရဋ္ဌဂုရု ဘဒ္ဒန္တကုဏ္ဍလ မဟာထေရ်မြတ်ကြီး၏ ရုပ်ကလာပ်တော်အား သွားရောက်ဖူးမြော်ကြည်ညိုသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက မော်လမြိုင်မြို့ မြစေတီစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဝိနယ ပါဠိပါရဂူ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ မဟာထေရ်မြတ်ထံမှ ငါးပါးသီးလ ခံယူဆောက်တည်ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကြွရောက်လာသည့် ဆရာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်ကာ အန္တိမအဂ္ဂိဈာပန ပွဲတော်အတွက် အလှူငွေကျပ် သိန်း ၁၀၀ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တကုဏ္ဍလ မဟာထေရ်မြတ်ကြီး၏ရုပ်ကလာပ် တော်အား ကတ္တီပါခြုံထည် လွှမ်းခြုံကပ်လှူပူဇော်ကြသည်။ (အပေါ်ပုံ)
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မင်းလှမြို့ ပြည်သူ့ ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံကာ ထောက်ပံ့ငွေ များ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမသို့ ရောက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများ ကို ရှင်းလင်းတင်ပြရာ လိုအပ်သည်များမှာကြားပြီး မိုးလုံလေလုံ အားကစားခန်းမ တည်ဆောက်ပြီးစီးမှုနှင့် လက်ပံတန်း - မိုးညို - နတ်တလင်းလမ်း ကွန်ကရစ်ခင်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဆင်မနိုင်ကျေးရွာ တိုက်နယ်ဆေးရုံကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ် သည်များ မှာကြားကြောင်း သိရသည်။ သတင်းစဉ်