ရေဝပ်ဒေသ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲစုံရာ မိုးယွန်းကြီးအင်းဘေးမဲ့တော

Type
77

 

 

ကောင်းထက်

 

မေလ၏အပူရှိန်ကြောင့်       အင်းပတ်ဝန်းကျင် တစ်ခွင်လုံးစိမ်းစိုမနေ။  အင်းအတွင်း ရေအပြည့် ရှိမနေ။ ဆောင်းခိုငှက်များ  လာရောက်ချိန်မဟုတ် သည့်အတွက် ငှက်ကြည့်ရန်၊  သဘာဝအလှအပကို လေ့လာခံစားရန် လာရောက်သည့် ဧည့်သည်လည်း အပြည့်ရှိမနေ။   သို့သော်   အင်းပတ်ဝန်းကျင်ရှိ သစ်ပင်ကြီးများ၏  အရိပ်ခိုရင်း၊  ကျီကျီကြာကြာ ဒေသငှက်များ၏  အသံများဖြင့်  မိုးယွန်းကြီးအင်း ပတ်ဝန်းကျင်သည်   သာယာမှုရှိသည်။   ရေခန်း ခြောက်ချိန်၊ ငှက်မျိုးစိတ်များ မျိုးစုံမရှိသည့်အချိန် ဖြစ်သည့်အတွက် အပန်းဖြေလာရောက်သူများဖြင့်် စည်ကားမနေသော်လည်း  သဘာဝဘေးမဲ့တော၏ အလှကို  တစ်မျိုးတစ်ဖုံခံစားရင်း၊ လေသန့်ရှူရင်း အပန်းဖြေနိုင်သည့်  နေရာတစ်ခုအဖြစ်  တည်ရှိ နေသည်။
“သဘာဝအေးချမ်းမှုနဲ့  အပန်းဖြေစရာ  နေရာ ကောင်းပါ။   ငှက်ကြည့်ဝါသနာရှင်တွေ   အနေနဲ့ ဆောင်းခိုငှက်တွေ လာတဲ့အချိန်မှာ ကြည့်ရှုလေ့လာ နိုင်မယ့် ကောင်းမွန်တဲ့နေရာတစ်ခုပါ။ ကျွန်တော်တို့ ကတော့  ပဲခူးမှာတည်းခိုပြီး  တစ်ဆင့်လာရောက် လည်ပတ်တာဖြစ်ပါတယ်။  ခုချိန်က လူနည်းနည်း ရှင်းနေတယ်။ သဘာဝလေသန့်ကြောင့်  အပန်း ပြေတယ်”   ဟု  ရန်ကုန်မြို့မှ လာရောက်လည်ပတ်သူ ဦးအောင်ကျော်စိုးက ပြောသည်။
လည်ပတ်သင့်သည့် နေရာတစ်ခု
မိုးယွန်းကြီးအင်းတွင်   သဘာဝပတ်ဝန်းကျင် ပညာပေးပြခန်းများ၊    ငှက်များကြည့်ရှုနိုင်မည့် ငှက်ကြည့်စင်များ၊    လှေပုံသဏ္ဌာန်တည်ဆောက် ထားသည့်  အပန်းဖြေအိမ်များ၊  အင်းသဘာဝကို ကြည့်ရှုနိုင်မည့်   နားနေဆောင်များ၊  အပန်းဖြေ စားသောက်ဆိုင်များ၊   ငှက်ကြည့်လေ့လာခြင်းနှင့် သဘာဝအလှအပများ        ကြည့်ရှုခံစားနိုင်သည့် စက်လှေများဖြင့်        သဘာဝအခြေခံခရီးသွား လုပ်ငန်းကို     အထောက်အကူပြုလျက်ရှိသည်။ အဓိကအားဖြင့် ဆောင်းခိုငှက်များ  လေ့လာကြည့်ရှု လိုသူများ   (Bird  Watching  Tourism)   အတွက် လည်ပတ်သင့်သည့် နေရာတစ်ခုဖြစ်သည်။
မိုးယွန်းကြီးအင်း    တောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောသည်  ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်  ပဲခူး မြို့နယ်နှင့် ဝေါမြို့နယ်အတွင်းတည်ရှိပြီး  ဧရိယာ အားဖြင့် စတုရန်းမိုင် ၄၀ (ဧက ၂၅၆၀၀) ကျယ်ဝန်း သည်။ 
ရမ်ဆာရေဝပ်ဒေသ
မိုးယွန်းကြီးအင်းတွင် ရေဝပ်ဒေသဂေဟစနစ် နှင့်  ဇီဝမျိုးစုံမျိုးကွဲများရှိသည့်အတွက် သစ်တော ဦးစီးဌာနက     မိုးယွန်းကြီးဘေးမဲ့တောအဖြစ် သတ်မှတ်ကာ  သဘာဝဝန်းကျင်  ထိန်းသိမ်းရေး လုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိသည်။  ထို့ပြင် မိုးယွန်းကြီးဘေးမဲ့တောသည်  မြန်မာနိုင်ငံအတွက် သာမက  ကမ္ဘာအတွက်ပါ   ထိန်းသိမ်းသင့်သည့် ရေဝပ်ဂေဟစနစ်ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ ပထမဆုံး    ရမ်ဆာရေဝပ်ဒေသ   (Ramsar  Site) အဖြစ် ၂၀၀၄ ခုနှစ်က သတ်မှတ်ခြင်းခံခဲ့ရသည်။
“မိုးယွန်းကြီးအင်းဟာ        ရေဝပ်ဂေဟစနစ် ရှိနေတဲ့အပြင်   ရှားပါးမျိုးစိတ်ငှက်တွေ၊  ဆောင်းခို ငှက်တွေ ကျက်စားရာဒေသတစ်ခုဖြစ်တဲ့အတွက် နိုင်ငံအဆင့်သာမက ကမ္ဘာအတွက်ပါ ထိန်းသိမ်းမှု ဆောင်ရွက်သင့်တဲ့အတွက်    ၂၀၁၁    ခုနှစ်မှာ အရေးကြီး     ဆောင်းခိုငှက်ကျက်စားရာဒေသ (Important Bird Area –IBA) အဖြစ် ၂၀၁၄ ခုနှစ် မှာ    အရှေ့အာရှ-ဩစတြေးလျ   ငှက်ပျံသန်းရာ လမ်းကြောင်း မိတ်ဖက်အဖွဲ့အစည်းကနေ ငှက်ပျံသန်း ရာလမ်းကြောင်း  ကွန်ရက်   (Flyway Network Site)  အဖြစ်    အသိအမှတ်ပြုခဲ့ပါတယ်”  ဟု သစ်တောဦးစီးဌာန  မိုးယွန်းကြီးအင်း ဘေးမဲ့တောမှ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
ထိုကဲ့သို့      ရေဝပ်ဂေဟစနစ်နှင့်    ဇီဝမျိုးစုံ တည်ရှိနေသည့်အတွက် မိုးယွန်းကြီးအင်း တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်လုပ်ကိုင်မှုစီမံချက် (၂၀၁၉-၂၀၂၀ မှ ၂၀၂၃-၂၀၂၄ ခုနှစ်အထိ ငါးနှစ်)  နှင့် တောရိုင်းတိရစ္ဆာန်များအတွက်       နေရင်းဒေသ ပြန်လည်တည်ထောင်ခြင်း  (၂၀၁၉-၂၀၂၀ မှ ၂၀၂၈-၂၀၂၉  ခုနှစ်အထိ  ဆယ်နှစ်)  စီမံချက်တို့ကို ရေးဆွဲ ကာ ဝန်းကျင်ဂေဟစနစ် ထိန်းသိမ်းရေးလုပ်ငန်း များကို     သစ်တောဦးစီးဌာနအနေဖြင့်       စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိသည်။
“ကျွန်မတို့ဌာနအနေနဲ့     အဓိကကတော့ တစ်ဖက်က        သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေပြီး    ဒေသခံတွေ    အလုပ်အကိုင် အခွင့်အလမ်းတွေရရှိအောင်၊   တစ်ဖက်က  ဂေဟ စနစ်ထိန်းသိမ်းနိုင်အောင် ဆောင်ရွက်ရင်းနဲ့ ဒီနှစ်ခု ဘက်ညီ မျှတဖို့ ကြိုးပမ်းဖော်ဆောင်ရတာ ဖြစ်ပါ တယ်” ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။
ဌာန၏လုပ်ငန်းများ
မိုးယွန်းကြီးအင်းဘေးမဲ့တောမှ    သစ်တောဦးစီး ဌာနဝန်ထမ်းများသည်     စီမံချက်ပါလုပ်ငန်းများ ဖြစ်သည့် အင်းအတွင်းနှင့် ဆက်စပ်ဧရိယာများတွင် တရားမဝင်လုပ်ငန်းများ လျော့နည်းပပျောက်စေရန် နှင့် ငှက်များဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းမရှိစေရန်၊ သတ်မှတ်ထားသည့်      ဇုန်စည်းကမ်းများအား လိုက်နာစေရန်     ကင်းလှည့်ထိန်းသိမ်းခြင်း၊ ပတ်ဝန်းကျင်ကျေးရွာရှိ ကျောင်းများနှင့် ဒေသခံ ပြည်သူများအား ဆောင်းခိုငှက်များ ထိန်းသိမ်းခြင်း နှင့်  ကင်းလှည့်ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာစေရန် ပညာပေးဟောပြောခြင်း၊ ဆောင်းခိုငှက်နှင့် ဌာနေရေပျော်ငှက်မျိုးစိတ်များ တိုးပွားမှု၊    လျော့နည်းမှုနှင့်     ပျံ့နှံ့ကျက်စားမှု စောင့်ကြည့်လေ့လာခြင်း ငှက်စာရင်းကောက်ယူ ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရသည်။
ထို့အတူ အင်းပတ်ဝန်းကျင်ရှိ ရေနေပင်စာရင်း ကောက်ယူခြင်း၊ ငါးမျိုးစိတ်စာရင်းကောက်ယူခြင်း၊ ရေအတိမ်အနက်နှင့် အရည်အသွေးတိုင်းတာခြင်း စသည့်  နေရင်းဒေသ ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းများကို နှစ်အလိုက် လုပ်ငန်းလျာထားချက် များချမှတ်၍  အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည်။
ငှက်မျိုးစိတ်များ
သစ်တောဦးစီးဌာနက    ဝန်းကျင်ဂေဟစနစ် ထိန်းသိမ်းရေးလုပ်ငန်းများ  ဆောင်ရွက်နေသည့် မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော တွင် ရေပျော်ဌာနေငှက်မျိုးစိတ် ၂၇ မျိုး၊ ဆောင်းခို ငှက်မျိုးစိတ် ၅၅ မျိုး၊ သစ်တောငှက်မျိုးစိတ် ၁၀၆ မျိုး  စုစုပေါင်း      ၁၈၅    မျိုးတည်ရှိသည်။    မိုးယွန်းကြီးအင်း ဘေးမဲ့တောသို့       ကျရောက်ကျက်စားသည့်  ဆောင်းခိုငှက်များသည် နှစ်စဉ်အောက်တိုဘာလ ကုန်မှ   ဧပြီလအထိ   အာရှဗဟိုပျံသန်းလမ်းကြောင်း (Central Asian Flyway)  နှင့်  အရှေ့     အာရှ-ဩစတြေးလျ     (East      Asia    Australasian Flyway) ပျံသန်းလမ်းကြောင်းတို့မှ ဝင်ရောက်လေ့ရှိ သည်။
ခရုစုပ်၊ ခရုတုတ်၊ ခရုစုပ်ခေါင်းမည်း၊  စစ္စလီ၊ ငဟစ်၊ ငှက်ကျား၊ တောဝမ်းဘဲ၊ ငှက်ကြီးဝန်ပို၊ ကြိုးကြာ ခေါင်းနီ၊  ဘဲရစ်၊  မောက်တင်ဘဲ၊ ဘဲပြာကလေး၊ မြစ်တွေး၊ စင်ရော်၊  ဘဲအစရှိသည့်  ငှက်မျိုးစိတ်များ သည် အာရှဗဟိုပျံသန်းလမ်းကြောင်းမှ ဝင်ရောက် သည်။ ရေညှောင့် ၊ ဒေါင်းလန်းခြေထောက်၊ တလိုင်း ခေါင်း၊ ဂေါ့ဒွစ်၊ သောင်တင်းငှက်၊ ကြိုးကြာခေါင်းမည်း၊ ပို့ချပ်ခေါင်းနီ (Ferruginous Duck)၊  ငှက်နှုတ် သီးလန်    စသည့်      ဆောင်းခိုငှက်မျိုးစိတ်များသည် အရှေ့အာရှ- ဩစတြေးလျ      (East     Asia Australasian  Flyway)  ပျံသန်းလမ်းကြောင်းမှ ဝင်ရောက်ကြောင်း   သစ်တောဦးစီးဌာန  သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်      သားငှက် ထိန်းသိမ်းရေးဌာနမှ သိရသည်။
 “အင်းထဲကို      လာရောက်ကျက်စားတဲ့ ငှက်မျိုးစိတ်ကတော့  ၁၈၅ မျိုး၊  ငှက်ကောင်ရေ ၃၀၀၀၀  နဲ့အထက်ရှိတယ်။   ဒီထဲမှာ  မျိုးသုဉ်းဖို့ အန္တရာယ်ရှိတဲ့ငှက်မျိုးစိတ် ကြိုးကြာ (Sarus Crane-VU)၊  ငှက်ကြီးဝန်ပို (Spot- billed Pelican- NT)၊ ခရုစုပ်ခေါင်းမည်း  (Black-  headed  Ibis-  NT)၊ ငှက်ကျား(Painted Stork-NT)၊ ဥပန်း(Oriental Darter - NT)၊ လင်းယုန်(Greater spotted Eagle-  NT )၊ မြစ်တွေး (River Tern - NT)၊ ဂေါ့ဒွစ် (Black-tailed God-NT)၊ စာဘုန်းကြီး (Asian Golden Weaver – EN)  ကိုးမျိုးနဲ့  ဆောင်းခိုငှက်မှတ်တမ်း သစ် (New record) ဒေါင်းလန်းခြေထောက်(White- headed Stilt)၊  ငှက်နှုတ်သီးလန် (Pied Avocent)၊ စင်ရော် (Pallas's Gull)၊ စင်ရော် (Heuglin's Gull)၊ မြစ်တွေး   (Caspian  Tern)၊   (Red- Breasted Mergansar)၊ (Northern  Shoveler)၊  (Short- tailed Shearwater)၊ ကြိုးကြာခေါင်းမည်း(Common  Crane)     တွေကို    မှတ်တမ်းတင်ထားရှိပါတယ်။ ဒါကြောင့်    စနစ်တကျထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်တဲ့အတွက်       ကျွန်မတို့ဌာနအနေနဲ့ ထိန်းသိမ်းရေးလုပ်ငန်း၊    သုတေသနလုပ်ငန်းတွေ ဆောင်ရွက်ရသလို       ပတ်ဝန်းကျင်ကျေးရွာတွေကို အင်းကပေးတဲ့ ဂေဟစနစ်ကို  နားလည်ထိန်းသိမ်း နိုင်အောင်လည်း   အသိပညာပေးရပါတယ်”  ဟု အုပ်ချုပ်ရေးမှူးက ပြောပြသည်။
ဟန်ချက်ညီစွာ ဆောင်ရွက်လျက်ရှိ
သစ်တောဦးစီးဌာနအနေဖြင့် ကျေးရွာလူမှုရေး အသင်းအဖွဲ့အစည်းများ၏    ပူးပေါင်းပါဝင်ရန်၊ ရေလုပ်သားအဖွဲ့က အင်း၏ထိန်းသိမ်းရေး လုပ်ငန်း များတွင်    ပူးပေါင်းပါဝင်ရန်၊   ပြည်တွင်း၊  ပြည်ပ ဧည့်သည်များ သဘာဝဂေဟစနစ်များကို  လေ့လာ ၍   အပန်းဖြေအနားယူနိုင်ရန်၊   ဒေသခံများ၏ လူနေမှုဘဝများကို လေ့လာနိုင်ရန်အတွက်    စီမံ ဆောင်ရွက်လျက်ရှိပြီး    သုတေသနလုပ်ငန်းများ ကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
မိုးယွန်းကြီးအင်း  တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည်    မြန်မာနိုင်ငံ၏ပထမဆုံး    ရမ်ဆာ ရေဝပ်ဒေသ(Ramsar Site) ဖြစ်ခြင်း၊ အရေးကြီး သော ငှက်ထိန်းသိမ်းရေး ဧရိယာဖြစ်ခြင်းနှင့် အရှေ့- အာရှ - ဩစတြေးလျ   ငှက်ပျံသန်းရာ လမ်းကြောင်း၏ (Flyway Network Site) များဖြစ်ပြီး ဆောင်းခို ရေပျော်ငှက်များနှင့်  ဇီဝမျိုးစုံမျိုးကွဲများ  ရေရှည် တည်တံ့စေရန်အတွက်  အစားအစာနှင့် စားကျက် များကို စဉ်ဆက်မပြတ် ထောက်ပံ့ပေးလျက်ရှိသည်။ ထို့ကြောင့် သစ်တောဦးစီးဌာနသည်  ဘေးမဲ့တော ထိန်းသိမ်းရေးလုပ်ငန်းများကို         တစ်ဖက်မှ ဆောင်ရွက်လျက်ရှိသကဲ့သို့        တစ်ဖက်မှလည်း ဒေသခံများအနေဖြင့်    ဂေဟစနစ်ကို   မှီတည်ပြီး အသက်မွေးဝမ်းကျောင်းမှု  လုပ်ငန်းများကို ရေရှည် အကျိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် ထိန်းသိမ်းရေး အသိပညာမြင့်မားလာစေရန်တို့ကို ဟန်ချက်ညီစွာ ဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြရေးသားလိုက် ရပါသည်။          ။