
နောင်တရား မေ ၇
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပေါ့အင်အုပ်စု ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု အဖွဲ့မှ နောင်တရားမြို့ ပရိယတ္တိစာသင်တိုက် စာဖြေဌာန၌ မေ ၅ ရက်က ပအိုဝ်းတိုင်းရင်းသား လူငယ်များအတွက် ပအိုဝ်း တိုင်းရင်းသားစာပေ စာမေးပွဲကျင်းပသည်။
ပအိုဝ်းတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုကို လက်ဆင့် ကမ်း ထိန်းသိမ်းနိုင်ရန်အတွက် သံဃာတော်များနှင့် ပအိုဝ်း တိုင်းရင်းသား ဆရာများက ဦးဆောင်၍ နွေရာသီ ကျောင်း ပိတ်ရက်များအတွင်း ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဗဟိုမှ ဘာသာရပ် ၁၂ မျိုးကို ပြဋ္ဌာန်း သင်ကြား စေပြီး မိမိတို့၏ ကျောင်းသားကျောင်းသူအရွယ်များနှင့် ကိုက်ညီသည့် ပအိုဝ်းစာပေသဒ္ဒါ၊ ဗုဒ္ဓတရားတော်များ ဖြစ်သည့် သိဂ္ဂါလောဝါဒ၊ ဗုဒ္ဓတရားတော် မင်္ဂလာတရား ၃၈ ပါး၊ သုစရိုက်၊ ဒုစရိုက်၊ ဇာတ်ဝတ္ထု ကိုးပုဒ်နှင့် ရိုးရာ ယဉ်ကျေးမှု အကများကို သင်ကြားပေးကြောင်း သိရသည်။
ယခင် နှစ်များတွင် ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံ မြို့နယ်များ၌ စာစစ်ဌာန ၃၂ ခု ဖွင့်လှစ်၍ ပအိုဝ်းတိုင်းရင်းသား စာပေစာမေးပွဲကို နှစ်စဉ် ကျင်းပလျက်ရှိသည်။ ပအိုဝ်း တိုင်းရင်းသားစာပေ စာမေးပွဲနေ့တွင် ပအိုဝ်းရိုးရာ အက များဖြင့် ဖျော်ဖြေတင်ဆက်ကပြကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)