
မကွေး မေ ၇
မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များသို့ သန့်ရှင်းရေး လုပ်ငန်းသုံး မော်တော်ယာဉ်တစ်စီးလျှင် ငွေကျပ် ၂၈၈ ဒသမ ၉ သိန်းနှုန်းဖြင့် မော်တော်ယာဉ်အစီးရေ ၂၀ လွှဲပြောင်းပေးအပ်ပွဲကို မေ ၅ ရက်က မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာ ယခု အခါ မိမိတို့ မကွေးမြို့သည် ကုန်စည်ဖလှယ် ရောင်းဝယ်ကူးသန်းမှုများ တိုင်းဒေသကြီးမြို့တော် ဖြစ်၍ လူဦးရေထူထပ်များပြားလာသည်နှင့်အမျှ နေ့စဉ် အမှိုက်ထွက်ရှိမှုသည်လည်း ပိုမိုများပြားလာပါ ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် များတွင် မြို့ဧရိယာအားလုံး အမှိုက်သိမ်းဆည်းမှု လွှမ်းခြုံရာခိုင်နှုန်းအား ရာနှုန်းပြည့်ဖြစ်စေရေး အတွက် ၂၀၁၆-၂၀၁၇ ခုနှစ်မှစ၍ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့မှုနှင့်အဖွဲ့ရန်ပုံငွေမှ ဝယ်ယူ နိုင်မှုတို့ကြောင့် အမှိုက်သိမ်းယာဉ်များ ယခင်ထက် တိုးလာပြီး လမ်းကြောင်းအသစ်များဖြင့် လည်းကောင်း၊ အကြိမ်ရေတိုး၍ လည်းကောင်း သိမ်းဆည်းနိုင်ခဲ့ သဖြင့် ယခုအခါ မြို့ပေါ်ဧရိယာ အမှိုက်သိမ်းဆည်း မှု ၁၀၀ ရာခိုင်နှုန်း သိမ်းဆည်းနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့များအနေဖြင့် လွှဲပြောင်းပေးလိုက်သည့် အမှိုက်သိမ်းယာဉ်များအား ရိုရိုသေသေကိုင်တွယ်ဆောင်ရွက်ကြရန်နှင့် “လွယ်လင့် တကူ အမှိုက်စွန့်ပစ်မှုမရှိစေဘဲ အမှိုက်ကားလာချိန် စောင့်ဆိုင်း၍ အမှိုက်ပစ်ရမည်” ဟူသော အသိ စိတ်ဓာတ်များ မြို့နေပြည်သူများက နားလည်ခံယူ လာစေရေး စည်းရုံးဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်က မြို့နယ် စည်ပင်သာယာရေးအဖွဲ့များ၏ အမှိုက်သိမ်းဆည်းမှု အခြေအနေနှင့် အမှိုက်သိမ်းယာဉ်များ လွှဲပြောင်း ပေးအပ်မည့်အခြေအနေများအား ရှင်းလင်းတင်ပြ ခဲ့ပြီးနောက် သန့်ရှင်းရေးလုပ်ငန်းသုံး မော်တော်ယာဉ် များကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများက သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာ ရေးအဖွဲ့များသို့ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များက အမှိုက်သိမ်းမော်တော်ယာဉ်များအား ကြည့်ရှု စစ်ဆေးရာ တိုင်းဒေသကြီးစည်ပင်သာယာရေး အဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက အမှိုက် သိမ်းမော်တော်ယာဉ်များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြ ခဲ့ကြောင်း သိရသည်။
ကိုစည်သူ
(မကွေး)